ပခုက္ကူရေဘေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကူညီ
နေသွင်
·
October 25, 2011
လူရာချီသေဆုံးခဲ့ပြီး ထောင်ချီ ဒုက္ခရောက်ခဲ့တဲ့ ပခုက္ကူနယ်က ရေဘေး ကယ်ဆယ်ကူညီဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၄၀ မတည်ပေးတယ်လို့ သိရပါတယ်။
ရေဘေးဒုက္ခသည် ၄ သောင်းဝန်းကျင်ရှိနေပြီး လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်သွားမယ်လို့ ပခုက္ကူမြို့ကို ထွက်ခွာဖို့ ပြင်နေတဲ့ အဖွဲ့ချုပ်ဗဟိုက ဦးအုန်းကြိုင်က ပြောပါတယ်။
“ရေဘေးသင့်သူတွေကို ပထမဦးဆုံး ကယ်ဆယ်ရေးလုပ်မယ်။ ဒုက္ခရောက်နေသူတွေကို နောက်ထပ် ရောဂါဘယတွေမရအောင်၊ အသက်အန္တရာယ်မရှိရအောင် တတ်နိုင်တဲ့ ဆေးဝါး၊ အစားအသောက်၊ သောက်ရေ၊ နေထိုင်ဖို့ ဆန်၊ ဆီတို့ ပေးမှာပေါ့။ ဒါက ကယ်ဆယ်ရေး။ ကယ်ဆယ်ရေးပြီးတော့ ကူညီထောက်ပံ့ရေးလုပ်မယ်။ သူတို့ ဘယ်လိုဆက်လက်နေထိုင်သွားကြမလဲ။ ဘယ်လောက်ကြာ စတည်းချနေထိုင်ရဦးမလဲပေါ့။ တိုင်ပင်ဆွေးနွေးမယ်။ တတိယ တခုအနေနဲ့ ထူမရေးလုပ်ငန်း လုပ်ရမှာပေါ့။ ဒါကိုတော့ ငွေကြေးပိုမိုတတ်နိုင်တဲ့ အဖွဲ့အစည်းက ပိုပြီး လုပ်နိုင်မှာပေါ့။ ကျနော်တို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ ကယ်ဆယ်ရေးလုပ်ငန်းကို ဇောက်ချပြီးလုပ်နေတယ်။”
ပခုက္ကူမြို့မှာရှိတဲ့ အဖွဲ့ချုပ်ဝင်တွေက ရေဘေးကူညီရေး ကော်မတီတရပ် ဖွဲ့စည်းထားပြီလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
အဖွဲ့ချုပ်ဟာ ၂၀၀၈ နာဂစ်ဒုက္ခသည်တွေနဲ့၊ ရခိုင်ပြည်နယ်မှာ မနှစ်ကဖြစ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ဒုက္ခရောက်သူတွေကိုလည်း အလားတူ အကူအညီပေးခဲ့ဖူးပါတယ်။