DVB Logo
Home
မြန်မာသတင်း
ဖမ်းမိမူးယစ်တရားခံကို လူတအုပ်က လက်နက်များဖြင့် တိုက်ခိုက်လုယူ၊ ဒုရဲမှူး ဒဏ်ရာရ
DVB
·
September 20, 2016
ဖမ်းမိမူးယစ်တရားခံကို လူတအုပ်က လက်နက်များဖြင့် တိုက်ခိုက်လုယူ၊ ဒုရဲမှူး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးနဲ့ တရားခံကို ဖမ်းဆီးခဲ့ပေမယ့် လူတအုပ်က လက်နက်တွေနဲ့ ပြန်လည်ခုခံလုယူတာကြောင့် ဒုရဲမှူးတဦး ဒဏ်ရာရသွားပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက် ၈ နာရီခွဲလောက်က မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်ဦး  ဦးဆောင်တဲ့ အင်အား ၁၀ ဦးပါအဖွဲ့ဟာ အင်းတော်ကြီးမြို့နယ် လုံးတုံကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာကို  သတင်းအရ မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးရာမှာ လူတစ်အုပ်က တုတ်ဓားလက်နက်တွေနဲ့ ခုခံပြီး တရားခံကိုပါ ပြန်လုယူသွားတယ်လို့ လုံးတုံနယ်မြေရဲစခန်းတာဝန်ကျ ရဲတပ်ကြပ်ကြီး သီဟနေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။

“ရဲတပ်ဖွဲ့က သွားပြီးတော့ ဖမ်းတဲ့အခါမှာ ဦးအောင်ကျော်ဝင်းဆိုတဲ့လူက ထွက်ပြေးတာ၊ သူ့ကို တောထဲမှာ ပစ္စည်းတွေနဲ့အတူမိပြီးတော့ သိပ်မကြာဘူး။ အရပ်သားလို့ ယူဆရတဲ့ လူ ၂၀ ကျော်လောက်က လာဝိုင်းတယ်၊ တုတ်တွေဓားတွေနဲ့။ ရဲတပ်ဖွဲ့က အင်အားနည်းတော့  သူတို့က တောထဲမှာ နယ်မြေကလည်း ပိုကျွမ်းတော့ တရားခံပြန်လွတ်သွားတယ်။ ကျနော်တို့ ဒုရဲမှူး အောင်နိုင်ဦးက ဓားဒဏ်ရာရော တုတ်ဒဏ်ရာရောရတယ်။  ဘယ်ဘက်လက်ကောက်ဝတ် အရိုး ကျိုးသွားတယ်၊ သူ့ရဲ့ ခြောက်လုံးပြူးသေနတ်ကိုပါ လုယူသွားတယ်။”

အရိုက်ခံရတဲ့ထဲမှာ ဒုရဲမှူးက ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ပြီး မိုးညှင်းဆေးရုံကို ပို့ဆောင်ကု သထားတယ်လို့ ဆိုပါတယ်။

မူးယစ်တရားခံ ပြန်လွတ်သွားပေမယ့် သူ့ဆီက ဘိန်းဖြူအလေးချိန် ၁၁၇ ဒဿ      မ ၄၀၀၁ ဂရမ်၊ ဒဗလျူဝိုင်တံဆိပ်ပါ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေစက္ကူ  ကျပ် ၁၇ သိန်း ၂ သောင်း ၈ ရာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ကြပ်ကြီးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်မြောက်သွားတဲ့ ဦးအောင်ကျော်ဝင်း (အသက် ၅၂ နှစ်) ကိုရော သူ့ကို ပြန်လုသွားတဲ့ လူ ၂၁ ဦးလောက်ကိုပါ မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ တာဝန်ရှိဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင်ပြုမူမှုတွေနဲ့ ပုဒ်မ ၃၃၃/၁၁၄ နဲ့ လုံးတုံရဲ စခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရပိုင် လက်နက်ကို လုယူသွားတဲ့အတွက်လည်း လက်နက်ပုဒ်မအရနဲ့ပါ အရေးယူထားတယ်လို့ လုံးတုံရဲစခန်းက ပြောပါတယ်။

လွတ်သွားတဲ့ တရားခံတွေအားလုံးကို ဖမ်းဆီးရမိဖို့လည်း ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့  ရဲတပ်ကြပ်ကြီး သီဟနေ၀င်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013