Home
ဆောင်းပါး
၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်သလား…
DVB
·
September 20, 2016
ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်ပြည်ထောင်စုဝိသေသ လက္ခဏာတွေ ပါဝင်နေကြောင်း၊ အဲ့ဒီအခြေခံဥပဒေနဲ့ တိုင်းရင်းသား အများပြည်သူတွေ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်တယ်ဆိုတဲ့ သဘောအဓိပ္ပာယ်ရတဲ့ စာတမ်းတွေကို ပြည်သူတွေရဲ့ရှေ့မှောက်မှာ တရားဝင် ဖတ်ကြားသွားခဲ့ကြပါတယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သွေးကူးမျိုးပွား သန္ဓေတည်လာပုံနဲ့ သမိုင်းနောက်ခံ အကြောင်းတရားတွေကို စေ့စေ့ငုငု လေ့လာကြည့်လိုက်ရင် ထင်ထင်ရှားရှား တွေ့ရမှာက ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို သွေးချောင်းစီး သတ်ဖြတ်ပြီး နိုင်ငံရေးကို အကြမ်းဖက် နှိမ်နင်းတတ်တဲ့ စစ်အာဏာရှင် မျိုးရိုးဗီဇ အတွင်းသန္ဓေဓာတ်ကို ဒီမိုကရေစီရွှေပြားအုပ်၊ ပြည်ထောင်စုအမည်ခံ ဖက်ဒရယ်ရွှေမှုန်ဖြူးပြီး အများပြည်သူ အလိုမတူတာ သိလျက်နဲ့ အသုဘအိမ် ဖဲလိမ်ရိုက်သလို နာဂစ်မုန်တိုင်းပြီးစမှာ ဇွတ်အဓမ္မ တဖက်သတ် အတည်ပြုလို့ စစ်အာဏာရှင်အကျိုးကို ကာကွယ်စောင့်ရှောက်ဖို့ ရည်သန်ပြီး ပေါ်ပေါက်မွေးဖွားလာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ အဲ့ဒီလို ပြည်သူကို မလိမ့်တပတ်နဲ့ လမ်းမှားကိုခေါ်ပြီး တိုင်းပြည်ကို ပြည်တွင်းစစ်ငရဲမီးတွင်းကြီးထဲက မတက်စေနိုင်ဘဲ ဆင်းရဲဒုက္ခကြီးစွာ ရောက်စေပြီး ဗိုလ်ကျအနိုင်ကျင့်မှုမှာ အနှစ်သာရအားဖြင့် တူညီကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလိမ် ၂ ခုရှိနေပါပြီ။ ပထမ အခြေခံဥပဒေလိမ်ကတော့ ၁၉၇၄ အခြေခံဥပဒေပါပဲ။   စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၁၉၆၂ ခုနှစ်မှာ ပြည်သူတွေ အလိုမတူ ဆန့်ကျင်နေတာ သိလျက်နဲ့ လက်နက်နဲ့ အနိုင်ကျင့်ပြီး နိုင်ငံတော်အာဏာကို လုယူခဲ့တာပါ။ အဲ့ဒီနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အကြမ်းမဖက်ဘဲ ဆန္ဒပြနေတဲ့ လက်နက်မဲ့ကျောင်းသား ရာပေါင်းများစွာကို ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်းထဲထိ ၀င်ရောက်ပြီး ရက်ရက်စက်စက် ပစ်ခပ်သတ်ဖြတ်ခဲ့ရုံမက သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့ကြတဲ့ သမိုင်းညစ်ဟာ အရုပ်ဆိုး အကျည်းတန်စွာ ကမ္ပည်းထွင်းရစ်ခဲ့တာပါ။ အဲ့ဒီနောက် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ စစ်အာဏာရှင် အတွင်းသားအနှစ် အမြုတေကို အများသည်းခြေကြိုက် ဆိုရှယ်လစ်ဘုံဝါဒ ရွှေပြားကွပ် ဖုံးကွယ်လို့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ကို တည်ဆောက်မယ်လို့ လိမ်ညာပြီး အခြေခံဥပဒေတရပ်ကို ၁၂ နှစ်ကြာ အချိန်ယူရင်း သူ့စိတ်တိုင်းကျ ရေးဆွဲခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာတော့ အာဏာနဲ့ခြိမ်းခြောက်လို့တမျိုး၊ မလိမ့်တပတ်နည်းသုံးလို့ တသွယ်နဲ့ အတည်ပြုပြီးတဲ့နောက် ထင်ရာစိုင်း အုပ်ချုပ်ခဲ့တာဟာ တိုင်းပြည်လည်း အရှေ့တောင်အာရှမှာ အတိုးတက်ဆုံး၊ အချမ်းသာဆုံးနိုင်ငံကနေ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်ဘ၀ ရောက်ခဲ့ရတာ လူတိုင်းသိပြီးသားပါ။ ရှိရှိသမျှ တိုင်းရင်းသားလူမျိုးတွေ လက်နက်စွဲကိုင် တော်လှန်ပုန်ကန်ပြီး စည်းလုံးညီညွတ်ရေး ပျက်ပြားပြီး တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ တအိအိ ယိုယွင်းနိမ့်ကျပြီး ဖွတ်ကျောပြာစု ဆင်းရဲထုကြီး တက်စေခဲ့ခြင်းရဲ့ အရင်းခံအကြောင်တရားဟာ တိုင်းပြည်အရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူအလိုမတူဘဲ ၁၉၇၄ စစ်အာဏာရှင်ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ခဲ့လို့ပါ။ ဒုတိယ အခြေခံဥပဒေလိမ်ကတော့ ၂၀၀၈ အခြေခံဥပဒေပါပဲ။ ဆိုရှယ်လစ်မျက်နှာဖုံး စွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုဒဏ်နဲ့ အခွင့်အရေး မညီမျှမှုနဲ့ အုပ်ချုပ်ပုံ လွဲမှားမှုတွေကြောင့် ဆင်းရဲဒုက္ခကြီးမှုဒဏ်ကို မခံရပ်နိုင်ကြတဲ့အဆုံးမှာ မတရားမှုကို လက်မခံနိုင်တဲ့ ပြည်သူလူထုကြီးရဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဆွေးနွေးညှိနှိုင်း အဖြေမရှာဘဲ ထောင်ပေါင်းများစွာသော ပြည်သူတွေကို  သွေးချောင်းစီး သတ်ဖြတ်နှိမ်နင်းပြီး တကျော့ပြန် အာဏာကို ထပ်လုယူခဲ့တာ အရင်စစ်အာဏာရှင်တွေပါပဲ။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သမ္မတဟောင်း ဦးသိန်းစိန်ကိုယ်တိုင် သဘာပတိလုပ်ပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီမျက်နှာဖုံးတပ်နိုင်ဖို့၊ စစ်အာဏာရှင် အကျိုးစီးပွားကို ထာဝစဉ် ကာကွယ်စောင့်ရှောက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ဆယ်စု ၂ စုနီးပါး စိတ်ကြိုက်  ရေးဆွဲရုံတင်မက ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံပါတယ်လို့ ဗြောင်လိမ်ညာဖို့ လူသိန်းချီသေဆုံးပြီးစ နာဂစ်မုန်တိုင်းကာလ အလွန်လေးမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူအများစုက ဆန့်ကျင်နေတဲ့ကြားမှာ ကသောကမျော ဇွတ်ဆန္ဒခံယူ အတည်ပြုခဲ့တာ မြန်မာသိ ကမ္ဘာသိ ဖြစ်ပါတယ်။ အဲ့ဒီကနေ စစ်အာဏာရှင်တွေ စစ်ဘောင်းဘီချွတ်ပြီး ချိပ်ပုဆိုးခါးမှာချီလို့ နိုင်ငံပိုင်ဘဏ္ဍာတွေ၊ သယံဇာတတွေ၊ သစ်တောကြီးတွေကို ပရမ်းပတာသုံးဖြုန်းရင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်လာခဲ့တာ တိုင်းပြည်လည်း အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းလို့ အခွံသာသာ ကျန်ရစ်တော့တာ မဟုတ်လား။ အခုလည်း ဒီဖွဲ့စည်းပုံဟာ ငြိမ်းချမ်းရေးရဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေတာပါ။ ဒီတော့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ တညီတညွတ်တည်း ပြောခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် ၀ိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စာဖတ်သူ မိဘပြည်သူတွေကို ဒီဆောင်းပါးမှာ တင်ပြချင်တာက သူတို့ပြောတဲ့ ဖက်ဒရယ်ဝိသေသ ဆိုတာတွေဟာ ရွှေရည်စိမ်ဝိသေသ လက္ခဏာတွေပဲဆိုတာ တိတိကျကျ ပြောပါရစေ။ ဘာကြောင့်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အတွင်းသရုပ် အနှစ်အသားဟာ  ပြည်ထောင်စုအကျိုးစီးပွားကို အာမခံချက်မပေးနိုင်တဲ့ အောက်ပါ စစ်အာဏာရှင်ဗီဇသွေးတွေနဲ့ ပဋိသန္ဓေ တည်ထားလို့ပါပဲ။ (၁) တန်းတူညီမျှမှု မရှိခြင်း (၂) တရားဥပဒေ မစိုးမိုးခြင်း (၃) ဒီမိုကရေစီနည်းလမ်း မကျခြင်း (၄) ညီညွတ်မှုကို မဖော်ဆောင်ခြင်း စတာတွေပါပဲ။ လူအများဆန္ဒနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်သင့်တဲ့ ဥပဒေပုဒ်မတွေအကြောင်း အကုန်ရေးမယ်ဆိုရင် ဆောင်းပါးတပုဒ်တည်းနဲ့ ပြည့်စုံအောင် မရေးနိုင်ပါဘူး။ တန်းတူညီမျှမှုမရှိအောင် အဓိကကျတဲ့ နေရာတိုင်းမှာ အခွင့်ထူးခံခွင့်ကို တပ်မတော်ထံ အပြည့်အ၀ ပေးအပ်ထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “အခန်း (၅) အုပ်ချုပ်ရေးအပိုင်းမှာ ပြည်သူက တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတအနေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးရာမှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးရာထူးတွေ မခန့်အပ်နိုင်အောင် ပုဒ်မ ၂၃၂(ခ) ရဲ့ အပိုက်ခွဲ (၂) မှာ … တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို တောင်းယူရမည်လို့ ပြဋ္ဌာန်းပါထားတယ်။ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်း ပုဒ်မ ၇၄(က) (ခ) နဲ့ ပုဒ်မ ၁၀၉(ခ) အရ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံစရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ၁၁၀ ဦးထက်မပိုတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း) ခန့်အပ်ထားမှုရယ်၊ ပုဒ်မ ၁၄၁(ခ) အရ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံစရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ ၅၆ ဦးထက်မပိုတဲ့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ခန့်ထားမှုဟာ ဒီမိုကရေစီစံနှုန်းနဲ့ လုံးလုံးသွေဖည်နေတယ်။ အခန်း (၃) နိုင်ငံတော်အကြီးအကဲ အပိုင်းမှာလည်း ပုဒ်မ ၅၉(စ) မှာ ရေးဆွဲသူ စစ်အာဏာရှင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ ပုဂ္ဂိုလ်ရေးအာဃတ အငြိုးအတေးနဲ့ ဘယာဂတိလို့ ခေါ်နိုင်တဲ့ အကြောက်တရားကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်ခွင့် မရှိခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ၁၂၁ အပိုက်ခွဲ (ဋ) မှာ နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူတွေဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခွင့် မရှိဘူးလို့ ဆိုထားပါတယ်။ ဒီပုဒ်မအတိုင်းဆို ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရွေးချယ်တင်မြှောက်ခံခွင့် မရှိပါဘူး။ ဘာကြောင့်လို့လဲဆိုတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတွေကို ပိုင်ရှင်အမှန် မိဘပြည်သူအများစုက သဘောမတူဘဲ သူတို့သဘောနဲ့သူတို့ သိမ်းယူသုံးစွဲခဲ့ကြ၊ သုံးစွဲနေကြလို့ပါပဲ။ တရားဥပဒေ မစိုးမိုးအောင် ဥပဒေအထက်မှာ တပ်မတော်ကို နေခွင့်ပေးထားသလို ဖြစ်နေတဲ့ ဥပဒေပုဒ်မတွေကတော့ ပုဒ်မ ၃၄၃(က) (ခ) မှာတော့ တပ်မတော်သားတွေကို စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ပြဋ္ဌာန်းထားပါသေးတယ်။ တပ်မတော်ကို ဥပဒေအထက်ထားပြီး အခွင့်ထူးခံခွင့် ပေးအပ်ထားတာပါပဲ။ နောက်တခါ စစ်အာဏာရှင်တွေ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အတိတ်က စစ်ရာဇ၀တ်မှုတွေ၊ ရာဇ၀တ်ပြစ်မှုပေါင်း ကုဋေကုဋာကို နောက်ကြောင်းပြန် အရေးယူခွင့်မရှိအောင် ပုဒ်မ ၄၄၅ ပြဋ္ဌာန်းချက်မှာ “ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” လို့ ပြဋ္ဌာန်းပြီး တာဝန်ခံစရာမလိုအောင် စစ်အာဏာရှင်အကျိုးကို ရာနှုန်းပြည့် အကာအကွယ်ပေး ရေးဆွဲခဲ့ကြတာပါ။ အခန်း (၁) နိုင်ငံတော်အခြေခံမူများ အပိုင်းက ပုဒ်မ ၂၀(က) မှာ “တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” လို့ ပြဋ္ဌာန်းထားတာဟာ တိုင်းရင်းသား မိဘပြည်သူအားလုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်နဲ့ အနှစ်သာရ အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားနေပါတယ်။ အဲ့ဒီ အခန်း (၁) နိုင်ငံတော်အခြေခံမူများထဲက ပုဒ်မ ၄၀(ဂ) မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနဲ့အညီ ရယူသုံးစွဲခွင့်ရှိသည်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒါဟာ စစ်တပ်ကို သူတို့သဘောနဲ့သူတို့ သိမ်းချင်ရင် အာဏာသိမ်းခွင့် ပေးထားတာပါ။ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ်တွေတုန်းကလို ပြည်သူက ရွေးကောက်တဲ့ ၀န်ကြီးချုပ်ဦးနုဆီကနေ နိုင်ငံတော်အာဏာ ဓားပြတိုက်ယူသွားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းလို နောက်ထပ် စစ်အာဏာရှင်တယောက် ထွက်ပေါ်လာအောင် လမ်းခင်းပေးထားတာမို့ အလွန်အန္တရာယ်များလှပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်အနှစ်သာရ ကင်းမဲ့ပြီး ဒီမိုကရေစီ စံရည်စံညွှန်းတွေနဲ့ လုံးဝသွေဖည်နေတယ်။ ထို့အတူပဲ ပြည်သူရဲ့ ဆန္ဒသဘောထားတွေ၊ လိုအပ်ချက်တွေကို ထင်ဟပ်ပြီးတော့ မဖော်ပြနိုင်ဘူး။ တရားမဝင်တဲ့ စစ်အစိုးရကနေ တရားဝင်စစ်အစိုးရဖြစ်အောင် ဖန်တီးလိုက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်သူ့ရဲ့ဘ၀မှ မလုံခြုံပါဘူး။ ဘာလို့လဲဆိုတော့ တရားဥပဒေစိုးမိုးမှု မရှိလို့ပါဘဲ။ ဥပဒေအထက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတရပ် (သို့) လူတစုကို နေခွင့်ပေးထားသရွေ့ နောင်ဆုံးကုန်ကုန်ပြောရရင် စစ်ဗိုလ်ချုပ်ကြီးတွေ၊ ကာချုပ်၊ ကာလုံအဖွဲ့တွေရဲ့ ဘ၀တောင် လုံခြုံမှုမရှိပါဘူး။ အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းကို အာဏာရှင်အသစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်ချသလိုမျိုး ဇာတ်တူသားစားမယ့် ဖြစ်ရပ်တွေ ပေါ်ပေါက်လာဦးမှာ အသေအချာပါပဲ။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တန်းတူညီမျှမှုမရှိဘူး၊ တရားဥပဒေမစိုးမိုးဘူး၊ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ ယုံကြည်မှုကို မတည်ဆောက်နိုင်တာမို့ ညီညွတ်မှုကို မဖော်ဆောင်ပါဘူး။ ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင် မျိုးရိုးဗီဇ သန္ဓေသွေး စီးဆင်းနေတဲ့ ဥပဒေပုဒ်မတွေကို မှန်မှန်ကန်ကန် မပြင်ဆင်ဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လို့ မရနိုင်သလို စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူးဆိုတဲ့အကြောင်း တိုင်းပြည်အကျိုး ရည်မျှော်လို့ နိုင်ငံသားတယောက်အမြင်အနေနဲ့ တင်ပြလိုက်ပါတယ်။ တကယ်ပဲ ငြိမ်းချမ်းရေးရချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဗိုလ်ကျစီးပိုးတတ်တဲ့ စစ်အာဏာရှင် သန္ဓေသွေးဆိုး ဥပဒေပုဒ်မမျိုးတွေကို စင်ကြယ်အောင် ဖော်က်ထုတ်ပြင်ဆင်ပစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မျိုးစေ့မမှန်ရင် အပင်မသန်နိုင်ဘူး၊ သန်ရင်လည်း ခဏပါပဲ။ မြက်သီးကိုစိုက်ရင် မြက်ပင်ပဲ ပေါက်မှာပါ။ စပါးပင် ပေါက်မလာပါဘူး။ စပါးပင်ပေါက်ချင်ရင် စပါးစေ့ကြဲစိုက်မှ ရနိုင်ပါတယ်။ စစ်အာဏာရှင်မျိုးစေ့ကနေ ဖက်ဒရယ်ဒီမိုကရေစီပင်ပျို အညှောက် ဘယ်သောအခါမှ ပေါက်မလာနိုင်ပါဘူး။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024