Home
မေးမြန်းခန်း
သတ္တုလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းတွေဟာ ဥပဒေအားနည်းချက်တွေ ရှိခဲ့တယ် - ဦးနေ၀င်းထွန်း
DVB
·
September 19, 2016
နေပြည်တော်မှာ ရုံးချုပ်ဖွင့်လှစ်ထားတဲ့ Ruby Dragon ပတ္တမြားနဂါးကုမ္ပဏီ လုပ်ငန်းစုဟာ ကျောက်မျက်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအ၀င် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးနေ၀င်းထွန်းဟာ ယခင် လွှတ်တော်သက်တမ်းအတွင်းတုန်းက ရှမ်းပြည်နယ်ကို ကိုယ်စားပြုပြီး အရွေးခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံသားတွေ ကျောက်မျက်နဲ့ သတ္တုလုပ်ငန်းတွေမှာ မျှမျှတတ လုပ်ပိုင်ခွင့်ရရေးအတွက် ရှေ့တန်းက ပြောဆိုဆွေးနွေး ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။ သူ လွှတ်တော်မှာ တာဝန်ရှိနေစဉ်ကာလအတွင်း ကျောက်မျက်နဲ့ သတ္တုဥပဒေ ပြင်ဆင်ရေးအတွက်လည်း ထိပ်တန်းက ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနေ၀င်းထွန်းဟာ မြန်မာနိုင်ငံသားတွေ ကုမ္ပဏီယဉ်ကျေးမှုနဲ့ ယဉ်ပါးလာပြီး စီးပွားရေးလုပ်ငန်းတွေမှာ မျှမျှတတ ပါဝင်လုပ်ဆောင်ခွင့်ရရေးအတွက်လည်း ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ ဦးနေ၀င်းထွန်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဦးနေ၀င်းထွန်းအနေနဲ့ မြန်မာနိုင်ငံမှာ ကျောက်မျက်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်တယ်။ ပြီးတော့ အရင်လွှတ်တော်သက်တမ်းတုန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တော့ မြန်မာနိုင်ငံမှာ ကျောက်မျက်သတ္တုတူးဖော်ရေးလုပ်ငန်း အခြေအနေနဲ့ အဲဒီဟာတွေကို လွှမ်းမိုးနေတဲ့ ဥပဒေတွေ၊ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပထမဆုံး ရှင်းပြပါလားခင်ဗျ။ ဖြေ - ကျနော်တို့ မြန်မာနိုင်ငံသား ပြည်ထောင်စုလူမျိုးများအတွက် ကျောက်မျက်ရတနာလုပ်ငန်း၊ သတ္တုလုပ်ငန်းတွေမှာ သတ္တုလုပ်ငန်းက ပိုပြီး အဓိကကျပါတယ်။ နိုင်ငံသားတွေ၊ ပြည်ထောင်စုလူမျိုးတွေအတွက် အဓိကလိုအပ်နေတာလည်း ဥပဒေဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့ တချိန်ကတည်းက လုပ်လာတဲ့ သတ္တုလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းတွေဟာ ဥပဒေအားနည်းချက်တွေ ရှိခဲ့တယ်။ ဥပဒေအားနည်းချက်တွေ ရှိတဲ့အတွက် နိုင်ငံသူ နိုင်ငံသားအားလုံး ပါဝင်ပြီးတော့ ခံစားနိုင်ခွင့်မရှိဘူး။ မေး - ဘယ်လိုမျိုး အားနည်းချက်လဲဗျ။ အားနည်းချက်ဆိုတာ နည်းနည်းလေး ရှင်းပြပေးပါဦး။ ဖြေ - ဘယ်လိုမျိုး အားနည်းချက်လဲဆိုတော့ ဥပဒေမှာ တူညီမျှတလွတ်လပ်တဲ့ အနေအထားမျိုးတွေ၊ မျှတမှုလေးတွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အရေးတွေ မပါဘူးပေါ့။ ဥပဒေဆိုတာကတော့ နိုင်ငံသူနိုင်ငံသားတွေ ဥပဒေရဲ့ အကူအညီ အခွင့်အရေးတွေနဲ့ ဘ၀ကို ဥပဒေနဲ့ပဲ အားကိုးပြီးတော့ ထူထောင်နိုင်ရမယ်။ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုရေးစီးပွားရေးတွေ၊ ဥပဒေရဲ့ အကူအညီနဲ့ ထူထောင်နိုင်ရမယ်။ မေး - နိုင်ငံသားတွေ မျှမျှတတ တန်းတူလုပ်ခွင့်မရှိဘူးဆိုတော့ ဥပမာအနေနဲ့ ပရိသတ်နားလည်အောင် ရှင်းပြပေးပါ။ ဘယ်လိုနေရာတွေမှာ တန်းတူမဖြစ်တာလဲ။ ဖြေ - ဆိုလိုတာကတော့ ကျနော်တို့ အခွန်အခတွေ၊ အခွန်အခကတော့ သိပ်အကြောင်းမဟုတ်ဘူး။ အခွန်အခထက် ပိုပြီး ကြီးမားစွာ စိန်ခေါ်မှုတရပ်ကတော့ အချိုးအစား ခွဲဝေမှုစနစ်တွေပေါ့။ ဒီလိုအချိုးအစားခွဲဝေမှု အစိုးရဘက်က တဖက်သတ် ရယူလိုမှုလို ဖြစ်နေတဲ့အတွက် နိုင်ငံသူ နိုင်ငံသားတွေသည် ဥပဒေအကူအညီ မရနိုင်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံသူ နိုင်ငံသား အားလုံးဟာ ကျနော်တို့နိုင်ငံမှာ သယံဇာတတွေ ပေါကြွယ်ဝတယ်။ လူအရင်းအမြစ်တွေလည်း များသားနဲ့။ လူအရင်းအမြစ်တွေဟာ ဖွံ့ဖြိုးတိုးတက်ခွင့်ဟာ ဥပဒေရဲ့ အားနည်းချက်ဖြစ်တဲ့ အချိုးအစားတို့၊ သက်တမ်းတို့…။ မေး - အဲဒီ အချိုးအစားဆိုတာ ပြောပြပါ။ အချိုးအစားခွဲဝေမှုမှာ တဖက်သတ် ဖြစ်နေတယ်ဆိုတာ ဘယ်လိုဟာမျိုး ဆိုလိုတာလဲ။ ဖြေ - ဆိုလိုတာကတော့ ကျနော်တို့ လုပ်ငန်းတခုလုပ်လို့ရှိရင် စရိတ်စက နုတ်ပယ်ခွင့်တွေ ရှိရမှာပါ။ ခုတော့ စရိတ်စက နုတ်ပယ်ခွင့် မရှိတဲ့အပြင် အခဆိုတာလည်း ရှိတယ်။ အခွန် ဆိုတာလည်း ရှိတယ်။ အခွန်ကိုမှ ၀န်ကြီးဌာန၊ သူကလည်း ကောက်၊ ကိုယ်ကလည်း ကောက်တဲ့အခါကျတော့ ၀န်ကြီးဌာနအသီးသီးက အခွန်ဝိုင်းကောက်နေသလို ဖြစ်နေတယ် လုပ်ငန်းတခုအပေါ်မှာ။ အမှန်ကတော့ အခွန်ဆိုတာ အခွန်ဘဏ္ဍာဝန်ကြီးဌာန တခုတည်းက ကောက်မယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ အဲလိုမဟုတ်ဘဲနဲ့ အခွန်တွေကလည်း၊ ခုနကလို မြေငှားရမ်းခတွေကလည်း သစ်တောကလည်း ကောက်မယ်၊ သတ္တုကလည်း ကောက်မယ်။ ကျနော်တို့ ထွက်ရှိတဲ့အပေါ်မှာ royalty အပေါ်မှာလည်း ကောက်တယ်။ နောက် သီးသန့်အခွန်ကောက်တယ်၊ ကုန်သည်ခွန်တွေ ကောက်တယ်။ တခါ ရတနာခွန်ဆိုတာလည်း ကောက်တယ်။ အဲဒီအပြင်ကိုမှ ဘာထူးခြားသွားလဲဆိုတော့ အဆိုးဆုံးကတော့ ဒါဟာ စရိတ်နုတ်ပယ်ခွင့် မရှိတဲ့အပြင် သတ္တုမှာဆို အချိုးအစား ၃၀ ရာခိုင်နှုန်း ယူတယ်။ ကျောက်မျက်ရတနာမှာဆိုရင် အထူးကုန်စည်ခွန်ဆိုတာက ၂၀ ရာခိုင်နှုန်း ယူပြန်တယ်။ တွင်းဝခွန်ကလည်း ၂၀ ယူတယ်။ ကုန်သည်ခွန်ကလည်း ၅ ရာခိုင်နှုန်း ယူပြန်တယ်။ ၀န်ဆောင်ခကလည်း ၃ ရာခိုင်နှုန်း ယူတယ်။ အချိုးအစားကလည်း ၂၅ ရာခိုင်နှုန်း ထပ်ယူတယ်ဆိုတော့ ကျောက်မျက်ရတနာမှာ ယူလိုက်တဲ့ အခွန်အခကြီး တခုတည်းကိုက ရှင်းအောင်ပြောမယ်ဆိုရင် ငွေ ၁၀၀ မှာ ၄၄ ကျပ်လောက် ယူသွားတယ်။ သတ္တုမှာဆိုရင် ၃၀ ကျော်လောက် ယူသွားတယ်ပေါ့။ အဲဒီတော့ နိုင်ငံသားက ရင်းရမှာ ၅၀ လောက်ရှိတယ် အရင်းပေါ့နော်။ အရင်းဆိုတဲ့ဟာက ရင်းရတယ်။ မေး - ဆိုတဲ့သဘောက ၁၀၀ ရဖို့အတွက်ကို လုပ်နေတဲ့လူက ၅၀ လောက်က အရင်းက ကုန်တယ်။ ပြီးတော့ အခွန်အခကို ၄၄ လောက် ပေးရတယ်ဆိုတော့… ဖြေ - ၁၀၀ ရဖို့တင် မကဘူး။ ၁၀၀ ဆိုတာက ကျောက်ထွက်လာမှ၊ သတ္တုထွက်လာမှ၊ ရောင်းနိုင်မှ နုတ်လို့ရမယ့် ၅၀။ မထွက်ခင်ကတည်းကလည်း ကုန်နေတာကလည်း ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တာက ၁၀၀ ရာခိုင်နှုန်းပေါ်မှာ ရောင်းချတဲ့အချိန်မှာ ဒီရောင်းချတဲ့အထဲကနေမှ စရိတ်စက နုတ်ပယ်ခွင့် ပေးရမယ်။ အဲဒီအပေါ်ကျတော့မှ အကျိုးအမြတ်အပေါ်မှာ ခွဲဝေခံစားတဲ့ စနစ်မျိုးမှာ နိုင်ငံတကာနဲ့အတူ လုပ်ပေးရမှာ။ အဲဒီတော့မှ နိုင်ငံသူ နိုင်ငံသားအားလုံး လုပ်နိုင်မှာ။ မေး - ခုနကပြောတဲ့ အချိုးအစားခွဲဝေမှု ဆိုတာက နိုင်ငံတော်က ယူထားတာ သိပ်များတဲ့အတွက် တကယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေမှာ အမြတ်မကျန်ဘူးဆိုတဲ့သဘော ဖြစ်သွားတယ်ပေါ့။ ဖြေ - ဟုတ်ပါတယ်။ အဲဒါက အရင်ဥပဒေတွေ၊ နည်းဥပဒေတွေထဲမှာ ပါထားတယ်။ နည်းဥပဒေမှာကျတော့ ဒီလို အကျိုးအမြတ် ခွဲဝေခံစားမှုစနစ်တို့၊ ဒီနှစ်ဘက် ထည့်ဝင်ငွေအပေါ် ခွဲဝေခံစားမှုစနစ်တွေ ပါသော်ငြားလည်း နောက်ဆုံးတကြောင်းမှာကျတော့ ၀န်ကြီးဌာနအနေနဲ့ တနည်းနည်းဖြင့် ချုပ်ဆိုနိုင်သည်။ တနည်းနည်းဖြင့် လုပ်ကိုင်နိုင်သည်ဆိုတဲ့ အခြားနည်းတနည်းနည်းတို့ ပါတဲ့အတွက် အခြားနည်းတနည်းနည်းက အဆိုးဆုံး ဖြစ်သွားတယ်။ အရှေ့မှာပါတဲ့ အခွင့်အရေးတွေကို ဖယ်ထုတ်လိုက်ပြီးတော့ အခြားနည်းတမျိုးမျိုး အသုံးချလိုက်တော့ ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်၊ အစိုးရဘတ်ဂျက်ရရှိဖို့ တခုတည်းအတွက်ကို အားပြုပြီး ချုပ်ဆိုတဲ့အတွက်ကျတော့ ကျနော်တို့ လုပ်ငန်းရှင်တွေက ပြည်သူတွေက လုပ်ငန်းရှင် မဖြစ်လာနိုင်တော့ဘူး။ ပြည်သူတွေက လုပ်ငန်းရှင်ဖြစ်လာတာ အားနည်းနေတာပေါ့။ ဥပဒေအောက်မှာ မနေနိုင်ဘူးပေါ့။ မေး - ဒီတချက်အတွက်တော့၊ အခွန်အခများတဲ့အတွက် အဲဒီလိုမျိုးဖြစ်တာ သဘောပေါက်ပြီ။ ဒုတိယအဆင့် ကျနော်မေးချင်တာက သက်တမ်းဆိုတာ ဘာလဲ။ သက်တမ်းက ဘယ်လိုမျိုး ပြဿနာရှိလဲ။ ဖြေ - သက်တမ်းဆိုတာ အမှန်တကယ်တော့ သတ္တုတို့၊ ကျောက်မျက်ရတနာတို့ဆိုတာ သက်တမ်းရှည်ရှည်ပေးပြီးတော့ လုပ်ကွက်ကို သက်တမ်းနဲ့ကိုက်ညီအောင် လုပ်ကွက်ကို လျှော့။ သက်တမ်းကို ရှည်ပေးရမယ်။ ဒါမှ ကျနော်တို့က စနစ်တကျနဲ့ ဈေးကွက်တောင်းဆိုမှုကိုလည်း ကျနော်တို့ နှစ်အလိုက်လည်း စီမံကိန်းနဲ့ တူးဖော်နိုင်မယ်၊ လုပ်ကိုင်နိုင်မယ်။ ဒီလိုပဲ ပတ်ဝန်းကျင်စနစ်တွေကိုလည်း  စနစ်တကျ ရှေ့စားနောက်ပစ် ပြန်ပို့စနစ်တွေ၊ ပြန်လည်စိုက်ပျိုးခြင်းတို့ အချိန်ပေးနိုင်မယ်။ အခုတော့ အခွန်အခကိုလည်း ကျနော်တို့က ရှယ်ယာတွေကို မရှုံးအောင် ကြိုးစားရပြန်တယ်။ နှစ်သက်တမ်း မကုန်ခင်မှာလည်း အလုပ်ကို လုပ်နိုင်အောင် ကြိုးစားရပြန်တယ်။ နှစ်သက်တမ်းကုန်သွားရင် သူများက လာယူသွားမလား၊ အဲလို ဖြစ်တယ်။ မေး - ဟုတ်ကဲ့၊ သက်တမ်းက ဘယ်လိုသတ်မှတ်ထားလဲ။ လက်ရှိ ဥပဒေအရပေါ့။ ဖြေ - အရင်တုန်းက သက်တမ်းဆို ပိုဆိုးတာက ကျနော်တို့က၊ သက်တမ်းထဲမှာ ပြောလို့ရှိရင် နိုင်ငံသူ နိုင်ငံသားအတွက် လုပ်ကိုင်ခွင့် ပေးထားတာက မူလဥပဒေမှာ အကြီးစားရယ်၊ အသေးစားရယ်ပဲ ပါတယ်။ အခု ကျနော်တို့ ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာကျတော့ အကြီးစားတင်မကဘူး၊ အလတ်စားပါ ပါသွားပြန်တယ်။ ဒီ့အပြင် အသေးစားတင်မကဘူး။ လက်လုပ်လက်စားကို၊ ယခင်ကတော့ရှိခဲ့တယ်။ ပြန်ပြုတ်သွားတဲ့အတွက်ကို ကျနော်တို့ ပြန်ထည့်ထားတယ်။ ဆိုတော့ အသေးစားနဲ့ လက်လုပ်လက်စား ပါတယ်။ ယခင်သက်တမ်းတွေတုန်းက သတ္တုဆိုရင် ၅ နှစ်၊ ၅ နှစ် အကြီးစားဆိုရင် ၂၅ နှစ် ပေးတယ်။ ၅ နှစ်၊ ၅ နှစ်ဆိုတော့ အာမခံချက်က ရှိနေတယ်။ ဒီလုပ်ငန်းဆိုတာက မြေအောက်မှာ လုပ်တဲ့အတွက် သူက သက်တမ်းအာမခံချက်ရှိမှ သူ့ရဲ့လုပ်ငန်းတွေမှာ စနစ်တကျ အကောင်အထည်ဖော်ပြီးတော့ နည်းစနစ်တွေရော ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ စနစ်တွေရော။ ဒီသတ္တုရရှိမှု လုပ်နိုင်မယ်။ အခုတော့ နှစ် ၅၀ ပေးလိုက်ပြီ။ ဒါက အကြီးစား။ မေး - အဲဒီတော့ ဦးနေ၀င်းထွန်းတို့ရဲ့ ဥပဒေပြင်ဆင်မှု၊ အားထုတ်မှုရဲ့ ရလဒ်လို့ ပြောရမှာပေါ့။ ဖြေ - ဟုတ်ကဲ့။ နှစ်များများ ပေးတယ်ဆိုတာ ကျနော်တို့ နှစ်အများကြီး ခံစားလိုက်တာ မဟုတ်ဘူး။ စနစ်တကျနဲ့ ဆောင်ရွက်နိုင်အောင်လို့။ အခု အလတ်စားဆိုရင်တော့ ၁၅ နှစ်ထိ ပေးလိုက်တယ်။ အသေးစားဆိုရင် ၁၀ နှစ်ထိ ပေးလိုက်တယ်။ အခုလက်ရှိ အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒနဲ့လည်း ကိုက်ညီတယ်။ အသေးစား SME တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ လက်ရှိလည်း နိုင်ငံမှာက အခြေခံလူတန်းစားတွေ များတယ်။ ဒါကြောင့် အကြီးစားလုပ်နိုင်တဲ့၊ အလတ်စား လုပ်နိုင်တဲ့လူတွေ ဖြစ်နိုင်အောင် မွေးဖွားပေးသလို SME တွေကိုလည်း ကျနော်တို့က အသေးစား လက်လုပ်လက်စားတွေကိုလည်း များများမြေတောင်မြှောက်ပေးရမယ်။ နိုင်ငံတကာ မီနိုင်အောင်ပေါ့နော်။ ဒါကြောင့် ၁၀ နှစ် ပေးထားတယ်။ မေး - နောက်တခု ကျနော် မေးကြည့်ချင်တာကပေါ့နော်။ ထွက်ရှိလာတဲ့ ကျောက်မျက်ရတနာတွေကိုပေါ့။ ရောင်းချမှုတွေအတွက် တန်ဖိုးကန့်သတ်မှုတွေ ရှိလား။ ဘယ်လောက်ဆိုရင် ပြည်တွင်းမှာရောင်းရင် ဘယ်လောက်၊ နိုင်ငံခြားမှာရောင်းရင် ဘယ်လောက်ပေါ့နော်။ တန်ဖိုးနဲ့များ ပတ်သက်ပြီးတော့ ကန့်သတ်ချက်တစုံတရာ ရှိလား။ ဖြေ - အဲဒါကလည်း ကျနော်တို့ ဥပဒေကိုက ကိုယ့်ကို ဆန်ရှင်လုပ်ထားသလို ဖြစ်ခဲ့တယ်။ ကျောက်မျက်ရတနာဥပဒေမှာဆိုရင် ဒေါ်လာ ငါးသောင်းအထက်ဆိုရင် မရောင်းရဆိုတော့။ ရောင်းခွင့်မပြုဘူး။ ရောင်းမယ်ဆိုရင် အဆင့်ဆင့်ကို တင်ပြရမယ်ဆိုတော့ ဒါကတော့ ရှင်းရှင်းပြောရင် ငါးသောင်းအထက် ရောင်းရင်လည်း အခက်အခဲမျိုးစုံတွေနဲ့ ဖြစ်မယ်။ နောက် အဲဒီလိုဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံမှာလည်း တခြား နိုင်ငံတကာက လာဝယ်ချင်တာတောင်မှ ကျနော်တို့နိုင်ငံမှာ ငါးသောင်းနဲ့အထက်ဆိုရင် ရောင်းခွင့်မရှိဘူးပဲ ဖြစ်တဲ့အတွက် ကျနော့်ကိုယ်ကျနော်တို့ ဆန်ရှင်လုပ်ထားသလို သူများနိုင်ငံ မလာနိုင်အောင် အဲလိုဖြစ်တယ်။ အရောင်းအ၀ယ်တွေကလည်း မမှန်ကန်နိုင်တော့ဘူးနော်။ မေး -  အဖိုးတန်တဲ့ ကျောက်မျက်ရတနာဆိုတာက ငါးသောင်းထက်လည်း ပိုတန်နိုင်တာပဲလေ။ ငါးသန်းလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ အဲဒီလို ငါးသောင်းထက် ပိုတန်တဲ့ ကျောက်မျက်ရတနာတွေ ဘာဖြစ်သွားလဲခင်ဗျ အဲဒီလိုမျိုး ကန့်သတ်ချက်ရှိတော့။ ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါးသောင်းအထက် မရောင်းရဘူးဆိုတော့ ရောင်းချင်တဲ့အခါကျတော့လည်း ငါးသောင်းအောက်မှာ ဘောက်ချာပြသွားတဲ့သဘောမျိုး ဖြစ်သွားတော့ နိုင်ငံတော်အတွက်လည်း အခွန်အခတွေ အများကြီး နစ်နာသွားတာပေါ့။ မေး - ဆိုတော့ သဘောက ငါးသောင်းထက်တန်တဲ့ဟာ ငါးသန်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ငါးသောင်းအောက်မှာပဲ တန်ဖိုးဖြတ်လိုက်တော့၊ ဘောက်ချာ အဲလိုဖြတ်လိုက်တော့ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရတော့ဘူးလို့ ပြောချင်တာပေါ့။ ဖြေ - ဟုတ်တယ်။ ဒါကြောင့်မို့ ကျနော် ငါးသန်းဆိုလည်း ငါးသန်း၊ ဆယ်သန်းဆိုလည်း ဆယ်သန်း။ တသန်းဆိုလည်း တသန်း။ ပွင့်လင်းစွာ ရောင်းနိုင်ရန်အတွက် ကျနော်တို့က ကိုယ့်နိုင်ငံဂုဏ်အင်္ဂါရော၊ နိုင်ငံသားရဲ့ လုပ်ကိုင်နိုင်ခွင့် လွတ်လပ်မှုရောပေါ့။ ဥပဒေက အကာအကွယ် အစောင့်အရှောက်ရအောင်လို့ ကျနော်တို့ ပြင်ဆင်တဲ့ ဥပဒေသစ်မှာ ငါးသောင်းအထက် မရောင်းရဆိုတာ မရှိတော့ဘူး။ ငါးသန်းပဲရောင်းရောင်း၊ ငါးသိန်းပဲရောင်းရောင်း၊ ရောင်းတဲ့နေရာမှာ လွတ်လပ်စွာဖြင့် ဥပဒေမှာ ရောင်းခွင့်ပေးပြီးတော့ မျှတတဲ့အခွန်ကိုလည်း ပေးဆောင်နိုင်ဖို့လည်း ပြဋ္ဌာန်းထားပါတယ်။ မေး - တန်ဖိုးကန့်သတ်ချက်ကို ဖယ်ချလိုက်တဲ့အတွက် ရောင်းချတဲ့တန်ဖိုးကို မှန်မှန်ကန်ကန် ဘောက်ချာဖြတ်တဲ့အတွက် နိုင်ငံတော်က အခွန်အခကို မှန်မှန်ကန်ကန် ရသွားတယ်ပေါ့။ ဖြေ - သေချာပေါက် ရတော့မှာ။ နောက်တခုက ရှိသေးတယ်။ ငါးသောင်းအထက် မရောင်းရ ရှိသလို မူလဥပဒေမှာ အချောထည်လွတ်တွေ ရောင်းခွင့်ပေးတာ။ နိုင်ငံတကာဆိုတာက ဒီလိုအချောထည်တွေပဲ အဓိက၀ယ်တာ။ လက်ဝတ်ရတနာဆိုတာ သူ နှစ်သက်မှ၊ လည်ပင်းနဲ့ နားကပ်နဲ့ လက်နဲ့ ကိုက်မှ ဒီဇိုင်းကို ကြိုက်မှ ၀ယ်မှာ။ အဓိက သူတို့ဝယ်ယူချင်တာက နိုင်ငံတကာမှာ လွတ်လွတ်လပ်လပ် ရောင်းနေသလို ကျနော်တို့နိုင်ငံမှာ ချောပြီးသား သွေးပြီးသားတွေ အလွတ်တွေကို ရောင်းခွင့်ပေးရမှာ။ အဲဒါ မူလဥပဒေမှာ ရောင်းခွင့်ပေးခဲ့သော်လည်း စည်းကမ်းချက် အမှတ်စဉ် ၇ မှာဆိုရင် အချောထည်အလွတ်ကို လုံးဝ ရောင်းခွင့်မပြုဆိုတာ ပါလိုက်တဲ့အတွက် ကျနော်တို့နိုင်ငံမှာ ပြည်တွင်းဈေးကွက်ဖြစ်အောင် အချောထည်ဈေးကွက်တွေ ဘယ်လောက်ဖြစ်တယ်ပဲ ပြောပြော၊ ဘယ်လောက်ပဲ လုပ်နေနေ၊ ဈေးတွေ ဘယ်လောက်ပဲဖွင့်ဖွင့်။ ကျနော်တို့မှာ ဒီဥပဒေက ရှိသော်ငြားလည်း အမိန့်ညွှန်ကြားချက်တို့၊ ဆိုင်လိုင်စင်တို့ စည်းကမ်းချက်နဲ့ ပိတ်လိုက်တဲ့အတွက် ဒါ ကျနော်တို့ အလိုလိုနေရင်းနဲ့ ပိတ်ဆို့မှု ဖြစ်သွားတယ်။ ဈေးကွက်မဖြစ်ပေါ်လိုက်ဘူး။ မေး - အခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားတဲ့သူတွေက အချောထည် ထုတ်လုပ်ပြီးတော့ ရောင်းချခွင့် ရနေပြီလား။ ဖြေ - မရဘူး။ အခု ဥပဒေတင်ထားသော်လည်း နည်းဥပဒေ မပြီးသေးတဲ့အတွက် တချက်ရယ်။ အမှန်တော့ နည်းဥပဒေနဲ့ မဆိုင်ဘူး။ ဒီစည်းကမ်းချက် အချိန်မရွေး ပြင်ပေးလို့ရတယ်။ ပြင်ကို ပြင်ပေးရမှာ။ မေး - အဲဒီလို အချောထည်ရောင်းချခွင့် မရတဲ့အတွက် ဘယ်သူတွေနစ်နာသလဲ။ စီးပွားရေးလုပ်ငန်းရှင်လား။ နိုင်ငံတော်လား။ ဖြေ - ဒီလိုအချောထည်၊ အစိုးရရော၊ ကျနော်တို့ ပြည်သူလုပ်ငန်းရှင်ရော နစ်နာတဲ့အပြင် အခြားသော ပြည်သူတွေပါ ရရှိနိုင်တဲ့အလုပ်တွေ အများကြီး ဆုံးရှုံးသွားတယ်။ အဓိကကတော့ ဒီလိုအချောထည် လုပ်ကိုင်ခွင့်ပေးလိုက်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အချောထည်လုပ်ငန်းတွေ ပျံ့နှံ့လာမယ်။ လုပ်ကိုင်ခွင့်တွေ ရလာမယ်။ ကျောက်မျက်ရတနာဆိုပေမယ့် ငါးသိန်း၊ ဆယ်သိန်း ရှိတဲ့လူလည်း လုပ်ကိုင်နိုင်တဲ့အဆင့်တွေ ရှိပါတယ်။ တသန်း၊ နှစ်သန်း၊ ဆယ်သန်း၊ သန်းတရာတွေ လုပ်နိုင်သလို ငါးသိန်း၊ ဆယ်သိန်း ရှိတဲ့ မိသားစုကအစ အချောထည်လုပ်ငန်းကို အမှီသဟဲ ပြုလာနိုင်တယ်။ ပြောချင်တာက ဒီကျောက်မျက်ရတနာဟာ တနိုင်ငံလုံးအတွက် အကျိုးပြုနိုင်သလို ကမ္ဘာ့ဈေးကွက်ကြီးကလည်း ဒီမှာ ၀ယ်ခွင့်ရပြီဆိုတာနဲ့ ဖြစ်တော့မှာ။ အခုက ငါးသောင်းအထက် မရောင်းရရယ်၊ လိုင်စင်မှာလည်း ဆိုင်မှာသွားဝယ်မယ်ဆို ၀ယ်ခွင့်မရှိတာရယ်။ ဆိုတော့ ၀မ်းစတော့ဆားဗစ်ဆိုတဲ့ သေးသေးလေး လုပ်ပေးနေတာ လူသိပ်မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒါ စိုးရိမ်ကြောင့်ကြမှု တအားထားတဲ့အတွက် နိုင်ငံတိုးတက်ဖို့ ခက်နေပြီ။ ဥပဒေက လွတ်လပ်မှု ပေးရမယ်။ ဥပဒေက နေနိုင်ထိုင်နိုင် လုပ်နိုင်ကိုင်နိုင်အောင် ဥပဒေက ကျနော်တို့ ဒီနေ့ ဒီအချိန် ပကတိ ကျနော်တို့ နိုင်ငံသားအချင်းချင်း အနေနဲ့ဆို ဥပဒေအခွင့်အရေးပေးဖို့ လိုတယ်။ ဥပဒေ အကူအညီရမှ၊ အကာအကွယ်ရမှ ဥပဒေကို တန်ဖိုးထားမယ်။ လေးစားမှုရှိမယ်။ မေး - အဲဒါနဲ့ ကျနော် ဆက်မေးချင်ကြည့်ချင်တာက ဦးနေ၀င်းထွန်းအနေနဲ့ပေါ့လေ။ ယခင်လွှတ်တော်သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ကျောက်မျက်နဲ့ သတ္တုမှာ တန်းတူရည်တူ မျှမျှတတ လုပ်ခွင့်ရအောင် ကြိုးပမ်းခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ ဦးနေ၀င်းထွန်း မျှော်လင့်တဲ့၊ ယုံကြည်တဲ့ မြန်မာနိုင်ငံသားတွေ တန်းတူရည်တူ သတ္တုနဲ့ ကျောက်မျက်လုပ်ငန်းမှာ လုပ်ကိုင်နိုင်ခွင့် ရရေးဆိုတာ ဘယ်လိုလဲဗျ။ အဲဒါ သာမန်လူတွေ နားလည်အောင် ဘယ်လို ရှင်းပြလို့ရမလဲ။ ဖြေ - ကျနော်တို့ သာမန်လူတွေ နားလည်အောင်ဆို ကျနော်တို့ ကျောက်မျက်ရတနာနဲ့ သတ္တုလုပ်ငန်းဆိုတာ ကျနော်တို့နိုင်ငံသားအတွက် အဓိကကတော့ ကျောက်မျက်ရတနာဆိုတာတော့ ဇိမ်ခံပစ္စည်းပေါ့လေ။ ဒါပေမယ့်လည်း ဒါ ကမ္ဘာကို ကျနော်တို့ ရောင်းချတဲ့လုပ်ငန်း ဖြစ်သလို အလှတန်ဆာပစ္စည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကကျတာက သတ္တု။ ဒီသတ္တုက ကျနော်တို့ စက်မှုနိုင်ငံ ဖြစ်နိုင်တယ်။ ကျနော်တို့နိုင်ငံ မြေကြီးမြင်ရင် စပါးစိုက်တဲ့ အနေအထားမျိုး မဖြစ်သင့်ဘူး။ ကျနော်တို့နိုင်ငံမှာ သတ္တုတွေ များပြားစွာ ထွက်တယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၃ ခု ထွက်တယ်။ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်မှာ မြို့နယ်ပေါင်း ၂၂၀ ကျော် သတ္တုတွေ ထွက်တယ်။ အနည်း၊ အများပဲ ကွာတယ်။ မေး - ဆိုလိုတာက မြန်မာနိုင်ငံ မြေဧရိယာ အများစုက သတ္တုတူးဖော်ထုတ်လုပ်လို့ ရတယ်ပေါ့နော်။ ဖြေ - ထုတ်လို့ရတယ်။ တိုင်းနဲ့ပြည်နယ် ၁၃ ခုလုံးမှာ ထုတ်လုပ်နိုင်တယ်။ ကျနော်တို့ နိုင်ငံသားတွေက နိုင်ငံခြားကို သွားပြီးတော့၊ ဘ၀တွေကို စတေးပြီးတော့ မိသားစုအရေးတွေ သွားလုပ်နေရတာတွေက အင်မတန် စိတ်မကောင်းစရာပါ။ ဒီလိုပဲ နိုင်ငံအတွင်းမှာလည်း အလုပ်လက်မဲ့တွေ များပြီးတော့မှ ဒီလို လုပ်ဆောင်နေတဲ့ အနေအထားတွေကို ပပျောက်ဖို့၊ သူတို့ ကုစားနိုင်ဖို့ဆိုရင် ကျနော်တို့ သတ္တုဥပဒေတို့၊ စီးပွားရေးဥပဒေပေါ့။ အမြန်ဆုံး အကောင်အထည်ဖော်ပေးမှ လူငယ်မောင်မယ်တွေက ဒီအပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ တခါ စီးပွားရေးလုပ်ငန်းတွေ ထူထောင်လာနိုင်မယ်။ သတ္တုက  အင်မတန် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်တယ်။ မေး - အဲဒီတော့ မြန်မာနိုင်ငံရဲ့ မြို့နယ် ၃၀၀ ကျော်ထဲမှာ ၂၀၀ ကျော်က သတ္တုတွေ ရှိတယ်ဆိုတော့။ ပြောရင်တော့ သာမန်လူတန်းစားတွေ၊ သာမန်အရပ်သားတွေ၊ ရွာသူရွာသားတွေကပါ လက်လှမ်းမီတဲ့ လုပ်ငန်းတခု ဖြစ်နိုင်တယ်ပေါ့လေ။ အဲဒါမျိုး ဖြစ်နိုင်အောင် ဥပဒေက ဘယ်လို ပြဋ္ဌာန်းဖို့လိုလဲ။ ဖြေ - ဖြစ်နိုင်တယ်။ ဥပဒေမှာတော့ အသေးစား၊ တိုင်းနဲ့ပြည်နယ် ပါသွားပြီဗျ။ အရင်တုန်းက တိုင်းနဲ့ပြည်နယ်မှာ လုံးဝ လုပ်ကိုင်ခွင့်မပေးထားဘူး။ အဲဒီတော့ တိုင်းနဲ့ပြည်နယ် လုပ်ကိုင်ခွင့်ရဖို့ကို အရင်လွှတ်တော်မှာ ကျနော်တို့ သယံဇာတကော်မတီဥက္ကဋ္ဌ တာဝန်ယူပြီးတော့ ဆောင်ရွက်တဲ့ထဲမှာ အဓိကတိုးတက်ဖို့ဆိုတဲ့ နေရာမှာ အခြေခံလူတန်းစားက ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေ အနီးကပ်ဆုံး ထိန်းချုပ်နေတာက ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတွေ ဖြစ်ပါတယ်။ ဒီအစိုးရတွေမှာ လုပ်ပိုင်ခွင့်မရှိဘူး၊ ပြည်ထောင်စုကပဲ ဗဟိုဦးစီးချုပ်ကိုင်တဲ့စနစ်ပဲ ကျင့်သုံးမယ်ဆိုရင် နိုင်ငံတိုးတက်ဖို့အတွက် မလွယ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အခြေခံလူတန်းစားတွေ အားကိုးဖို့က ပြည်နယ်၊ တိုင်းအစိုးရအတွက် လုပ်ပိုင်ခွင့်ကို ကျနော်တို့ ထည့်သွင်းပြဋ္ဌာန်းပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီတော့ အသေးစားနဲ့ လက်လုပ်လက်စားက တိုင်းပြည်နဲ့ လုပ်ပိုင်ခွင့် ဖြစ်သွားတယ်။ တွေ့ဆုံမေးမြန်းသူ - ခင်မောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024