ချင်းမိုင်တွင် စားသောက်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်သည့်ဆိုင်ကို ၀င်စီးနင်း

ဓာတ်ပုံ - ချင်းမိုင်နယူးစ်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စားသောက်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေတဲ့ ဆိုင်တဆိုင်ကို တာဝန်ရှိသူတွေက ၀င်ရောက်စီးနင်းခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်မြို့ ၀ပ်ကစ်ရပ်ကွက် ကျလွန်းရတ်လမ်းပေါ်ရှိ ဘန်ဆိုင်အမည်ရှိ စားသောက်ဆိုင်ဟာ ပြည့်တန်ဆာလုပ်ငန်းပါ လုပ်ကိုင်နေကြောင်း ကြိုတင်သတင်းရရှိချက်အရ နယ်မြေရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးရုံးနဲ့ လူမှုကယ်ဆယ်ရေးဂေဟာမှ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁၈ ရက် သန်းခေါင်ကျော်ချိန်မှာ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ထိုင်းမိန်းကလေးရော ရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတွေပါ အလုပ်လုပ်နေကြပြီး ဧည့်သည်ကို အရက်ပါငှဲ့ပေးရကြောင်း၊ ဧည့်သည်က မိန်းကလေးကို သဘောကျတယ်ဆိုရင် တနာရီကို ဘတ် ၁၅၀၀ မှ ၂၀၀၀ ထိပေးကာ အပြင်ကို ခေါ်ထုတ်သွားနိုင်ကြောင်း၊ မိန်းကလေးက ဆိုင်ရှင်ကို ဘတ် ၅၀၀ ပြန်ပေးရကြောင်း စုံစမ်းသိရှိရတယ်လို့  ချင်းမိုင်ခရိုင် ရဲစခန်းမှ ရဲမှူး မွန်ဒရီ ဆန်ဘွန်ယန်းက သတင်းထောက်ကို ပြောပါတယ်။ ဆိုင်ရှိ အလုပ်သမားဦးရေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ထိုင်းအမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတို့ကို ဖမ်းဆီးထားကာ သူတို့ကို တရားမ၀င် ပြည့်တန်ဆာရုံဖွင့်မှု၊ တရားမ၀င်အလုပ်သမား စေခိုင်းခန့်ထားမှု၊ လူကုန်ကူးမှု သက်ရောက်စေတဲ့ လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်ထုတ်ယူမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲမှူးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up