Home
မြန်မာသတင်း
ဈေးကွက်နှင့် ၀ယ်လိုအား ကျဆင်းမှုကြောင့် အစေ့ထုတ်ပြောင်း အရောင်းအ၀ယ်အေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 18, 2016
ရာသီထွက် သီးနှံပေါ်ချိန်မှာ ဈေးကွက်ကျဆင်းမှုနဲ့ ၀ယ်လိုအားကျဆင်းမှုတို့ကြောင့် အစေ့ထုတ်ပြောင်း အရောင်းအ၀ယ်အေးနေတာဖြစ်ပါတယ်။ “မနှစ်က တရုတ်တွေ ကိုယ်တိုင်လာကောက်တယ်။ ဒီနှစ်မလာသေးဘူး Export လိုင်းမပွင့် လို့လား မသိဘူး။ ဒီအချိန် ၁ သောင်းလောက်နဲ့ရောင်းခဲ့တယ်။ အခုက ၆ ထောင်လောက်ပဲ ရတယ်” လို့ ပြောင်းစိုက်ပျိုး တောင်သူ ဦးပေါ်ဦး (ဆင်တဲကြီးကျေးရွာ၊ ဥယျာဉ်အုပ်စု)က ပြောပါတယ်။ အစေ့ထုတ်ပြောင်း ပေါ်ချိန် ၂၀၁၅ ခုနှစ် (မိုး/ဆောင်း) က ၁ တင်းကို ကျပ် ၁ သောင်းအထိ အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ ၂၀၁၆ ခုနှစ် (မိုး) ပြောင်းပေါ်ချိန်မှာ ၁ တင်းကို ကျပ် ၇ ထောင်ဝန်းကျင်သာ အရောင်းအ၀ယ် ဖြစ်တယ်လို့ စိုက်ပျိုးတောင်သူအချို့ဆီက သိရပါတယ်။ “ခြောက်မှ ၀ယ်တာ။ သူတို့ကလည်း စိုရင်မ၀ယ်ဘူးလေ။ လုံးလုံး ဂျုန်းဂျုန်းခြောက် အခြောက်ကို ကိုက်ကြည့်တာ အထဲက ၀တ်ဆံလေးတွေ မာသွားမှ ၀ယ်တာ။ ဈေးကတော့ မရဘူး။ ပေါ်ဦးတောင် အရင်က လာဝယ်ကြတယ်။ ဈေးလည်းရတယ် အခုက လာမ၀ယ်ကြသေးဘူး” ဟု ပြောင်းစိုက်တောင်သူ ဒေါ်ညိုတင် ကပြောတာပါ။ နေပြည်တော် ကောင်စီ ၈ မြို့နယ်အတွင်းမှာ အဓိက သီးနှံတွေ စိုက်ပျိုးမှုအနေနဲ့ စပါး ၁၇၇၀၇၁ ဧက၊ ဖူးစားပြောင်း ၆၁၈၅ ဧက၊ အစေ့ထုတ်ပြောင်း ၁၇၅၀၆ ဧက၊ ပဲမျိုးစုံ ၁၇၆၆၂၂ ဧက၊ ဆီထွက်သီးနှံ ၁၂၃၉၄၈ ဧကနဲ့ အခြား စိုက်ပျိုးသီးနှံဧက ၂၂၄၆၉ ဧက ကို ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာ စိုက်ပျိုးလုပ်ကိုင်တယ်လို့သိရပါတယ်။ “အရင်နှစ်က ပြောင်းဈေးကောင်းတယ် ဒီနှစ်ပိုစိုက်တာပေါ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ဈေးက နည်းနည်း အေးတာရှိတာပေါ့။ ဈေးကွက်အနေနဲ့ တောင်သူတွေဆီကရတဲ့ အင်ဖော်မေးရှင်းပေါ့ ဈေးနည်းနည်းကျတယ်ပြောတယ်။ တစ်တင်းကို ၇ ထောင်နှုန်းလောက်ကတော့ရှိတယ်။ အမြင့်ဆုံးဆိုရင် ၉ ထောင်လောက်ရှိတာကို အရည်အသွေးက ကြောင့်လဲဖြစ်မှာပေါ့လေ” လို့ ဦးတင်ဦးကြိုင် (တိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန)က ပြောတာပါ။ ၂၀၁၄ - ၂၀၁၅ ခုနှစ်ကတော့ စပါး ၁၇၉၀၉၅ ဧက၊ ဖူးစားပြောင်း ၆၄၃၅ ဧက၊ အစေ့ထုတ်ပြောင်း ၁၇၅၁၃ ဧက၊ ပဲမျိုးစုံ ၁၇၀၈၄၄ ဧက၊ ဆီထွက်သီးနှံ ၁၁၈၇၇၈ ဧကနဲ့ အခြား စိုက်ပျိုးသီးနှံဧက ၂၇၅၆၄ ဧက တို့မှာ စိုက်ပျိုးလုပ်ကိုင် ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024