
တိုင်းရင်းသားဒေသတွေမှာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတာကိုကြည့်ရင် မြန်မာပြည်မှာ ပင်လုံလို ညီလာခံတရပ် အရေးတကြီးလိုအပ်နေတာကို လက်တွေ့ပြသနေတယ်လို့ ဇိုမီးအမျိုးသား ခေါင်းဆောင် ပူကျင့်ရှင်းထန်က ပြောပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ရဲ့ မနှစ်က နှစ်ပတ်လည်မှာ ထွက်ပေါ်ခဲ့တဲ့ "ကလေးမြို့ကြေညာစာတမ်း" ကနေ ဒုတိယ ညီလာခံ (သို့) ၂၁ ရာစုပင်လုံ ညီလာခံ ခေါ်ယူရေးကိစ္စ ပေါ်ပေါက်ခဲ့တာပါ။
တနှစ်ပြည့်တဲ့အချိန်မှာ ညီလာခံခေါ်ယူရေး လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် အခြေအနေတွေအပေါ်မှာ ပါတီရဲ့ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကို မေးမြန်းထားပါတယ်။
အခုလောလောဆယ် ဗမာပြည်နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်နေတဲ့ဟာက မနှစ်ကနဲ့ စာရင်တော့ မတူတော့တဲ့ အနေအထားလေးတွေ ရှိနေတယ်ပေါ့။ အဲဒီအပေါ်မှာ ဒုတိယပင်လုံကိစ္စက အပြောင်းအလဲရှိနိုင်ပါသလား။
“အပြောင်းအလဲကတော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာပဲ ဒီပင်လုံညီလာခံကတော့ လိုအပ်နေတယ်။ ပိုပြီးတော့ လိုအပ်မယ်။ ပိုပြီးမြန်ဆန်မလားလို့ အဲ့လိုပဲမျှော်နေတာ။
ဟုတ်ကဲ့။ ပိုပြီးမြန်ဆန်မယ်ဆိုတဲ့ အဓိပ္ပာယ်က ဘယ်လိုပြောတာလဲ။
“ဘာကြောင့်လဲဆိုတော့ အစိုးရကိုယ်တိုင်ကိုကလည်း ဒီမိုကရေစီ လိုချင်တယ်ဆိုတော့ ဒီမိုကရေစီနဲ့ အစိုးရက ပင်လုံညီလာခံတို့ ဘာတို့လုပ်မယ်ဆိုရင် အတားအဆီးတွေ ခါတိုင်းလိုမဟုတ်တော့ပဲနဲ့ ပိုပြီးတော့လွယ်ကူမလား။ နောက် ဒီကိစ္စမှာ တပြည်လုံးမဟုတ်ပေမယ့် တိုင်းရင်းသားဒေသများမှာ များသောအားဖြင့် သေနတ်သံတွေ အခုထက်ထိ မစဲသေးဘူး။ ဒါတွေကို လုပ်ဖို့က တော်တော်လေးကို အရေးကြီးနေတယ်။ အဲဒါကြောင့် ဒီညီလာခံကို ပင်လုံ(သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာ၊ တကယ်လို့ကိုယ်တိုင်မတက်နိုင်ရင်လည်း အခုလိုပဲ ကျနော်နဲ့ ခင်ဗျားနဲ့စကားပြောသလို အယူအဆတွေ၊ လိုချင်တာတွေ၊ ဆွေးနွေးတိုင်ပင်လို့ရတဲ့ အချိန်မျိုးဖြစ်သွားအောင် ကျနော်တို့က ၂၁ ရာစုပင်လုံ ညီလာခံတော့ မလုပ်လို့မဖြစ်ဘူး။ အဲဒါမှပဲ အဆုံးသတ်မှဖြစ်မယ်ဆိုတာကို ကျနော်အဲဒီလို ယုံကြည်တဲ့အတွက် ပိုပြီးမြန်လာမယ်လို့ နီးစပ်တယ်လို့ပြောတာ။”
ဆိုလိုတာက ဒါဆိုရင် ဒီလပိုင်း၊ ဒါမှမဟုတ် နှစ်ပိုင်းအတွင်းမှာပဲ ဖြစ်အောင်ပဲ အန်ကယ်တို့ဘက်က စီစဉ်ဖို့ရည်ရွယ်ချက် ရှိတယ်ပေါ့။
“အဲဒီလိုလပိုင်းလောက်တော့ ကျနော်တို့လည်း မပြောဘူး။ ဒါပေမယ့်လို့ လုပ်ရမှာက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ အစိုးရတို့က စကားပြောနေတဲ့ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးတိုင်ပင်တယ်ဆိုတော့ ဒီထဲမှာလည်း ဒုတိယပင်လုံညီလာခံ (ဒါမှမဟုတ်) ၂၁ ရာစု ပင်လုံညီလာခံဆိုတာက ကျနော်တို့ မနှစ်က ကလေးမြို့မှာစတင်ပြီးတော့ အားလုံးသဘောတူညီချက်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လုပ်ဖို့ ကျနော်တို့ လွှဲအပ်ထားတယ်။ သူကိုယ်တိုင် သမ္မတကြီးနဲ့ ဆွေးနွေးပြီးတော့ အားလုံးတိုင်းရေးပြည်ရေးကို မြန်မြန်ဆန်ဆန် ကောင်းအောင်လုပ်ရအောင်ဆိုတာကို အားလုံးမဟုတ်ပေမယ့် သူတို့သဘောတူညီတယ်ဆိုတာကို ကြေညာချက်အရ သိတဲ့အတွက် အဲဒါကို အမှီပြုပြီးပြောတာပါ။”
ကျနော်တို့နားလည်တာက မနှစ်တုန်းက နိုဝင်ဘာလမှာထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပူရှင်ကျင်းထန်တို့ဘက်က တာဝန်တွေလွှဲပေးခဲ့တာပေါ့။ အဓိက ဒုတိယပင်လုံညီလာခံကိစ္စပေါ့။ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အနေအထားတွေ ဆွေးနွေးတာ ရှိလား။ ဒေါ်စုဘက်က ဘယ်လိုမျိုး ပြောတာမျိုးရှိခဲ့သလဲ။
“ကျနော်တို့ဆွေးနွေးတာရှိပါတယ်။ အဖွဲ့ချုပ်ရုံးမှာတခါ ကျနော်ကစပြီးတော့ အစည်းအဝေးလုပ်တယ်။ အားလုံးအခုချိန်မှာတော့ ပင်လုံညီလာခံလုပ်ဖို့အတွက် ကျမ်းပြု (thesis) တို့ဘာတို့ ရေးဖို့ ပြည်တွင်းကစပြီးတော့ နိုင်ငံတကာအပါအဝင် ခေါ်ထားတဲ့အချိန်ဖြစ်တယ်။ ဒီလိုခေါ်ထားတာ ၂လ၊ ၃လရှိပြီဆိုတော့ တကယ်လို့များ အခုလိုဖြစ်သွားတယ်။ နည်းနည်းပါးပါး ပြည်သူလူထုရဲ့ဆန္ဒကို သူတို့တတ်နိုင်သရွေ့ လိုက်လျောတယ်ဆိုတာလည်း ကျနော်တို့မြင်တဲ့အတွက်ကြောင့် ဒါတွေက လက်ခံဖို့ နည်းနည်းလေး အချိန်က ပိုနီးစပ်မယ်လို့ အဲ့လိုပြောတာပါ။”
ဒီစာတမ်းတွေဘာတွေ တောင်းထားတဲ့ဟာတွေကော အန်ကယ်တို့ အခု ပြင်ဆင်ထားတာတွေ၊ အကြမ်းဆွေးနွေးထားတာတွေ ရှိပါပြီလား။
“အဲဒါတွေက ကိုယ့်ဟာကိုယ် ပြင်ဆင်ထားတာတော့ ရှိကြပါတယ်။”
ဒီဒုတိယ ပင်လုံညီလာခံစပြီးပြောတဲ့အချိန်က ဒီကိစ္စမှာ စစ်တပ်ကပါမှဖြစ်မယ်ဆိုပြီး ပြောကြတာရှိပါတယ်။ အခုအနေအထားနဲ့ရော စစ်တပ်ပါမပါ ကိစ္စတွေမှာ ဘယ်လောက်များ မျှော်လင့်ချက်ရှိပါသလဲ။
“စစ်တပ်ဆိုတာ အစိုးရကို ဆိုလိုတာပါ။ စစ်အစိုးရဆိုတော့ စစ်တပ်ဆိုပြီး ပြောနေတာပါ။ အခုက ပြည်သူ့အစိုးရဆိုတော့ ဒီအစိုးရထဲမှာ စစ်တပ်ရဲ့ အရှိန်အဝါ မကုန်သေးပါဘူး။ ဒါပေမယ့် ပြည်သူ့အစိုးရလို့ခေါ်လို့ နည်းနည်းလေး အားမရသေးဘူးလို့ဆိုတဲ့သူတွေ ပြောတာတော့ ရှိရင်တော့ ရှိမယ်။ ဒါပေမယ့် အခုဟာက ပြည်သူ့အစိုးရ၊ ပြည်သူလူထုက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပြီးတော့ တက်လာတဲ့သူတွေက လုပ်ပြီးတော့ သမ္မတ၊ အဲလိုဖြစ်နေတဲ့အချိန်မှာ သမ္မတက လုပ်တယ်ဆိုရင်တော့ စစ်တပ်ကလည်း သပ်သပ်သူ့အနေနဲ့သူ လုပ်မှာမဟုတ်ဘူးလို့ အဲလိုပဲထင်ထားတယ်။ နောက်ပြီး စစ်တပ်ကို ကိုယ်စားပြုမယ့်သူ ဖိတ်မယ်ဆိုရင်လည်း ထားလို့ရပါတယ်။ ဖိတ်လို့ရပါတယ်ဆိုတာ တယောက်တည်းအမြင်နဲ့ မြင်ပါတယ်။”
ဒီလိုဆွေးနွေးပွဲတွေမျိုးမှာ ပြည်ပကအင်အားစုတွေ ပါနိုင်လား။ ဥပမာ အခုစစ်တိုက်နေတဲ့ ကချင်တွေ၊ ရှမ်းတွေ၊ ကရင်တွေ။ ဒီအင်အားစုတွေ အကုန်လုံးပါလာအောင် ဘယ်လိုနည်းနဲ့ဆွေးနွေးရင် သင့်တော်မယ်လို့ တွက်လဲ၊ ဘယ်သူတွေပါသင့်လဲ ဒီဆွေးနွေးပွဲမှာ။
“ကျနော့်တယောက်တည်း အမြင်ပြောမယ်ဆိုရင် သူတို့အစိုးရ အာဏာပိုင်တွေက လုပ်မယ်ဆိုရင် အလွယ်လေးပါ။ ဒါပေမယ့် ဒီဟာတွေကို ခင်ဗျားပြောသလို စစ်တပ်တို့ဘာတို့ အမျိုးမျိုးစွဲကြမယ်ဆိုရင် နည်းနည်းခက်မယ်နဲ့တူတယ်။ ဒါပေမယ့်လို့ တိုင်းရေးပြည်ရေး ပြည်ထောင်စုကို တကယ်လို့ ငြိမ်းချမ်းဖို့လိုကြမယ်ဆိုရင် သေနတ်သံတွေကြားနေရတာ မငြိမ်းချမ်းသေးဘူးဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် အဲဒီလူတွေပါ ကိုယ်တိုင်မလာနိုင်ဘူးဆိုရင်တောင် ကျနော်တို့အန်အယ်ဒီရဲ့ အင်တာနက်မှာ အစီအစဉ်တွေလုပ်ထားတာ ရှိတယ်။ အဲဒီအတိုင်း ကြည့်ပြီးတော့ သူတို့က စာတမ်းတွေလည်းပို့လို့ရတယ်။ ထင်မြင်ယူဆချက်တွေလည်း ပို့လို့ရတယ်။ အဲဒါတွေအားလုံးစုံလာပြီ ဟိုဘက်ဒီဘက်က ရပါပြီဆိုတဲ့အခါကျတော့ အစည်းအဝေး သဘောမျိုးလုပ်လို့ ရမယ်လို့ထင်ပါတယ်။”
မနှစ်ကနဲ့ ပြန်ပြောမယ်ဆိုရင် လွှတ်တော်တွေ နေပြည်တော်မှာ ပေါ်လာတာရှိတယ်။ အဲဒီအင်အားစုတွေကကော တချို့ကလည်း ဒီလွှတ်တော်နည်းနဲ့ သွားကြပါလို့ပြောနေတယ်။ အပြင်မှာ ညီလာခံလုပ်မယ်ဆိုတဲ့ဟာမျိုးက လက်တွေ့မကျဘူး၊ မဖြစ်နိုင်တော့ဘူးဆိုတာမျိုးလည်း ပြောနေကြတယ်။ အဲဒါ ဘယ်လိုပြောချင်ပါသလဲ။
“ဒါတော့ အဓိက ပြည်သူ့အသဲစွဲ ပြည်သူ့ပါတီအဖွဲ့ချုပ်သည် အဲဒါတွေကတော့ လွှတ်တော်ထဲမှာမရောက်ဘူး။ ဒါတင်မကဘူး။ ကျနော်တို့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီလည်းပဲ လွှတ်တော်ထဲမှာ မရောက်ပါဘူး။ ဒါပေမယ့်လို့ ဒီအာဏာကို လုတာမဟုတ်ဘဲနဲ့ အထဲကပဲဖြစ်ဖြစ်၊ အပြင်ကပဲဖြစ်ဖြစ် ဒီလိုညီလာခံမျိုး ပေါ်ပေါက်လာရင် အားလုံးက ဆန္ဒကို အတူတကွပေးနိုင်ကြမယ်ဆိုရင်တော့ ဒါလုပ်လို့ရတယ်လို့ အဲလိုပဲယူဆတယ်။”
ဒုတိယပင်လုံညီလာခံရဲ့ ရည်ရွယ်ချက်က အာဏာကိစ္စမဟုတ်ရင် ဘာကိစ္စဖြစ်နိုင်မယ်လို့ ပြောလို့ရမလဲ။
“အမှန်မှာ ကျနော်တို့တိုင်းပြည်ဟာ အခုလိုဖြစ်နေတာ ဘာကြောင့်လဲ။ ကျနော်တို့အမြင်မှာတော့ တိုင်းရင်းသားအရေး။ ၁၉၄၈ ခုက စပြီးတော့ အခုထက်ထိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အဆင်မပြေ တောခိုတာတွေ၊ သူပုန်တွေ အဆက်မပြတ် ဖြစ်နေတဲ့ဟာတွေက တိုင်းရင်းသားအုပ်စုတွေရဲ့ ပြဿနာပဲ။ အားလုံးငြိမ်းချမ်းဖို့ သူတို့က ပင်လုံမှာလိုပဲ အားလုံးဗိုလ်ချုပ်အောင်ဆန်း လုပ်တဲ့ပုံမျိုးနဲ့ လုပ်ပြီးတော့ အားလုံးဆွေးနွေးပြီးတော့မှ ရင်ဖွင့်သွားရင်ကောင်းမယ်။ အဲဒီမှာကျတော့ အားလုံးသဘောတူပြီးတဲ့အခါမှ လက်နက်တွေလည်း ချချင်ချမယ်။ အခု ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပေမယ့် စစ်အစိုးရတုန်းက အမျိုးသားညီလာခံလုပ်တယ်။ အမျိုးသားညီလာခံမှာ လာကြပါ။ လက်နက်ကိုင်တဲ့ အုပ်စုတွေလည်း တကယ်လို့ နိုင်ငံရေးအရ မကျေနပ်ဘူး၊ ဒါမှမဟုတ် တိုင်းပြည်ကို ဒီလိုအုပ်ချုပ်မယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ဘယ်လို လိုချင်လဲဆိုတာ ညီလာခံမှာပဲပြောပါဆိုပြီး ခေါ်တယ်။ သူတို့ကလည်း ယုံကြည်ပြီးတော့ အပစ်အခတ် ရပ်စဲပြီးတော့ လာကြတယ်။ ဒါသူတို့အဆိုအရ လိုအင်ဆန္ဒတွေကို ပြောဖို့ဆိုဖို့တောင်မှ အခွင့်အလမ်းမရခဲ့ဘူးဆိုပြီး ရှိတယ်။ အဲဒါမျိုးမဟုတ်ဘဲနဲ့ အားလုံး ကျနော်တို့လိုချင်တာက ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ ဖြစ်တာက ဘယ်လို။ ပြည်ထောင်စု မြန်မာနိုင်ငံမှာလုပ်နေတဲ့ အခြေခံဥပဒေဟာ တကယ့်ပြည်ထောင်စုဖြစ်နိုင်အောင် ဒါမှမဟုတ်ရင် တိုင်းရင်းသားတွေလိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဆွေးနွေးဖို့ဆိုတာမျိုး အခွင့်အရေးရရင် ဒါတွေက သူတို့လက်နက်လည်းချလို့ရမယ်ဆိုတာမျိုး ကျနော်တို့ အယူအဆရှိပါတယ်။”
ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာတွေဖြည့်ဖို့ဆိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့။
“တကယ်လို့ ဖြစ်လာရင်တော့ ဒီလိုပဲဖြစ်လာနိုင်တယ်လို့ ထင်တယ်။”
တချို့သုံးသပ်ချက်တွေရှိတယ်။ လွှတ်တော်ထဲမှာ ပါလီမန်ကို စစ်တပ်က ၂၅ရာခိုင်နှုန်း ယူထားတယ်။ ဒီကိစ္စဟာ စစ်တပ်က ရုတ်တရက်နဲ့လက်လျှော့မှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့ကိစ္စတွေမှာ ဒါမျိုးတွေကို လက်ခံနိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ ပြောတာမျိုးရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေပေါ်မှာ ဘယ်လိုမျိုး စဉ်းစားချက်တွေ ရှိကြပါသလဲ။
“အကျိုးအကြောင်းတွေ၊ ဒီလိုလုပ်မယ်ဆိုရင် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ ရင်ဖွင့်ပြီးတော့မှ ရိုးရိုးသားသား ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပါ။ အကောင်းဆုံးဖြစ်မယ့်ဟာကို လက်မခံနိုင်တဲ့ဟာတွေကတော့ တမျိုးပဲဖြစ်သွားမှာပေါ့။ ဒါလည်းပဲ ဖော်ပြပိုင်ခွင့်မရှိဘူး။ ကြိုပြီးတော့ ဒီလိုဖြစ်မှာပဲဆိုပြီးတော့ ပြောရေးဆိုခွင့်တောင်မှ ပိတ်ထားတယ်ဆိုတာက ဆွေးနွေးတယ်လို့ မခေါ်နိုင်ဘူး။ အဲလိုဟာမျိုး မဟုတ်ဘဲနဲ့ ပင်လုံမှာလိုပဲ လွတ်လွတ်လပ်လပ် ဆွေးနွေး၊ အဲဒါမျိုးကို ဖြစ်မယ်ဆိုရင်တော့ ကျနော်က သူတို့ကလည်း စိတ်ပြောင်းချင်ပြောင်းမယ်လို့ ကျနော်ကယူဆတယ်။”