Home
မြန်မာသတင်း
နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ရခိုင်ကော်မရှင်ကို ကန့်ကွက်နေတာဟု ဒေါ်စုပြော
DVB
·
September 18, 2016
ရခိုင်အကြံပေးကော်မရှင်ကိုဆန့်ကျင်ကန့်ကွက်နေကြတာဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ပြောလိုက်ပါတယ်။ စက်တင်ဘာ ၁၇ ရက်က အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာ မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံတုန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ “ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ၊ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ ကျမတို့ ကိုဖီအာနန်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမတို့မြင်ပါတယ်။ အဲဒါ အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ ကျမတို့ တနိုင်ငံလုံးအတွက်လုပ်နေတဲ့ကိစ္စ တခုကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင်ပြောပါ။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ ဆုတ်ယုတ်မှုမရှိဘူး။” သူ အဲ့ဒီလိုမပြောခင် စက်တင်ဘာ ၁၆ နေ့ရက်က ၂၀၁၅ ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအ၀င် ပါတီ ၁၁ ခုက ရခိုင်အကြံပေးကော်မရှင်ဖွဲ့တာကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံးရရှိထားတဲ့  ရခိုင်အမျိုးသားပါတီကလည်း ရခိုင်အကြံပေးကော်မရှင်ဖွဲ့တာကို  တောက်လျှောက် ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ဒီလို ကန့်ကွက်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က အခု ပထမဆုံး ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန်  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ၉ ဦးနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်ဖက်အလုပ်သဘောစာချုပ်ကိုတော့ စက်တင်ဘာလ ဆန်းက လက်မှတ်ထိုးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024