Homeသတင်းဓာတ်ပုံ
မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ၊ ပိုင်ရှင်ကို လိုက်လံရှာဖွေနေဆဲ
မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ၊ ပိုင်ရှင်ကို လိုက်လံရှာဖွေနေဆဲ
DVB
·
September 17, 2016
မောင်တောမြို့တွင် စိတ်ကြွဆေးပြား ၆ သိန်း ၈ သောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်ကို လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်က မောင်တောမြို့အဝင် သုံးမိုင်ရပ်ကွက်၊ မောင်တော- ဘူးသီးတောင်လမ်းဘေးက အုတ်သဲကျောက် ရောင်းဝယ်ရေး လုပ်ငန်းခြံဝန်းထဲမှာ ဖမ်းဆီးရမိခဲ့တာပါ။
မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦး ကိုယ်တိုင်ဦးစီးတဲ့ အဖွဲ့က သတင်းအရ သဲသယ်လာတဲ့ SKAT အမျိုးအစား ကျောက်၊ သဲသယ်တဲ့ကားပေါ်မှာပါတဲ့ သဲတွေကို ဟိုက်ဒရောလစ်နဲ့ သွန်ချစစ်ဆေးတဲ့အခါ အဝါရောင်ပီနံအိတ်ထုပ် ၃ ထုပ်ကို တွေ့ရှိပြီး စစ်ဆေးတဲ့အခါ WY နဲ့ R တံဆိပ် စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့ရတာပါ။
စိတ်ကြွဆေးပြား သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ကျောက်ကွင်းတာဝန်ခံစာရေးတို့ကို စစ်ဆေးတဲ့အခါ ပိုင်ရှင်ဖြစ်သူ မောင်တောမြို့မအရှေ့ရပ်ကွက်က ညီချစ်ဖြစ်တယ်လို့ ပေါ်ပေါက်ပေမယ့် ထွက်ပြေးသွားခဲ့ပြီး လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ မောင်တောမြို့မစခန်းမှူး ဒုရဲမှူးကျော်အေးလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
ဆေးပြားတွေသယ်လာတဲ့ ကားက ယာဉ်မောင်း မိုးဇော်ဦးနဲ့ ကျောက်ကွင်းတာဝန်ခံစာရေး ရှောင်ရှူးဇူဟာရ် တို့ကို မြို့မစခန်းမှာ ခေါ်ယူစစ်ဆေးနေပြီး သက်သေခံယာဉ်ကိုလည်း သိမ်းဆည်းထားပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားအရေအတွက်ဟာ ၆၈၂၅ဝဝ ပြားရှိပြီး ဒေသတန်ဖိုးနဲ့ ကျပ်သိန်း ၁၃၅၆၅ဝ ဖိုးရှိပါတယ်။
မောင်တောမြို့မှာ မူးယစ်ဆေးဝါးမကြာခဏ ဖမ်းမိနေပြီး သြဂုတ်လတစ်လတည်းမှာပဲ ဆေးပြားအရေအတွက် ဆယ့်တစ်သိန်းကျော်မိခဲ့ပြီး ရသေ့တောင်မြို့နယ်ထဲမှာလည်း ရေထဲမျောပါလာတဲ့ စိတ်ကြွဆေးပြား ခုနစ်သိန်းကိုလည်း ဖမ်းမိခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်