Home မြန်မာသတင်း ဦးသန့်ပြတိုက်တည်ဆောက်မည့်အကြောင်း ဘန်ကီမွန်းကို အကြောင်းကြားမည်
ဦးသန့်ပြတိုက်တည်ဆောက်မည့်အကြောင်း ဘန်ကီမွန်းကို အကြောင်းကြားမည်
ရွှေအောင်
·
October 24, 2011
u thant ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြတိုက်တည်ဆောက်မယ့်အကြောင်း လက်ရှိကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ထံ ဆက်သွယ်အကြောင်းကြားမယ်လို့ ဦးသန့်ပြတိုက်နဲ့ ရုပ်တုတည်ဆောက်ရေးအဖွဲ့က ပြောပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြတိုက်တည်ဆောက်ရေး အစည်းအဝေးမှာ ခုလိုဆုံးဖြတ်ခဲ့ကြတာလို့ တည်ဆောက်ရေးအဖွဲ့ဦးဆောင်သူ ပန်းတနော်မြတောင်ကျောင်းက အရှင်ကုမာရက မိန့်ပါတယ်။
“လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးနဲ့ အိုဘားမားဆီအကြောင်းကြားပြီး သီးသန့်စာပို့မယ်။ သူတို့က ဆန္ဒရှိမယ်ဆိုရင်လည်း လှူပေါ့လေ။”
ဒီပုဂ္ဂိုလ်တွေကို ဆက်သွယ်အကြောင်းကြားပြီး သူတို့တွေက ပြတိုက်တည်ဆောက်ရေးအတွက် အကူအညီပေးလာရင် လက်ခံသွားမယ်လို့လည်း ဆိုပါတယ်။
လောလောဆယ် ဦးသန့်ပြတိုက် တည်ဆောက်ရေးအတွက် ပန်းတနော်မြို့နယ်အသင်း (ရန်ကုန်) နဲ့ ပန်းတနော်မြို့တို့မှာသာ အလှူငွေလက်ခံနေပြီး ပြတိုက်ကို လာမယ့် ၂၀၁၂ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားဖို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။
ဦးသန့်ပြတိုက်ကို ပန်းတနော်မြို့သစ်၊ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေး ပေ ၄၀- ၁၂၀ မြေကွက်မှာ ဆောက်လုပ်မှာဖြစ်ပြီး ငွေကျပ်သိန်းနှစ်ထောင်လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
ပြတိုက်မြေနေရာကို ဧရာဝတီတိုင်းအစိုးရက သတ်မှတ်လှူဒါန်းပြီး ဦးသန့်နေထိုင်ခဲ့တဲ့ အိမ်နေရာမှာတည်ဆောက်လိုတဲ့ အစီအစဉ်ရှိပြီး ဆွေးနွေးဖြစ်ခဲ့ကြောင်း အရှင်ကုမာရက မိန့်ပါတယ်။
“ဆွေးနွေးထားတာရှိတယ်။ လောလောဆယ်တော့ မဖြစ်သေးဘူးပေါ့လေ။ နောက်ပိုင်း ငွေပေါ်မူတည်ပြီးတော့ အဲ့နေရာက မိသားစုကို အိမ်လေးတအိမ်ဝယ်ပေးပြီးတော့ ဦးသန့်နေခဲ့တဲ့နေရာလေးမှာ သူ့ပြတိုက်လုပ်ဖို့ ရည်ရွယ်ထားတယ်။”
ဦးသန့်ရဲ့ သမီးနဲ့မြေးဖြစ်သူတွေကိုလည်း ဆက်သွယ်အကြောင်းကြားဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
ဦးသန့်ဟာ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်ထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးတာဝန်နှစ်ဆက် ထမ်းဆောင်ခဲ့တဲ့ မြန်မာလူမျိုးတဦးဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆက်စပ်သတင်းများ