Home
မြန်မာသတင်း
e-Government Master Plan မူကြမ်းကို နိုင်ငံတော်သမ္မတရုံး တင်ပြထား
ကျော်ဇေယျာဝင်း
·
September 16, 2016
အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကရေးဆွဲခဲ့တဲ့ e-Government Master Plan မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲပြီး နိုင်ငံတော်သမ္မတထံတင်ပြထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။ ပန်းဘဲတန်း မဲဆန္ဒနယ်က ဦးနေဖူးဗဆွေတင်သွင်းထားတဲ့ “နိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အကျိုးပါဝင်ပတ်သက်သူများ အားလုံးသည် E-Government Website များနှင့် Mobile Application များမှ တဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများနှင့် သတင်း အချက်အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက် အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးအပြီး အဲ့ဒီဝန်ကြီးဌာနရဲ့ သဘောထားကိုပြောဆိုရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။ ဒီကနေ့ ဆွေးနွေးခဲ့တဲ့အဲ့ဒီအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မှာလည်း ဖြစ်ပါတယ်။ e-Government လုပ်ငန်းတွေ ပိုမိုထိရောင်အောင်မြင်စွာ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာ အရင်အစိုးရရဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီး ဌာနက အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အကူအညီနဲ့ ၂၀၁၄ ခုနှစ်က စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ခုနှစ် မတ်လမှာ မူကြမ်းပြီးစီးခဲ့တာပါ။ အခုအစိုးရလက်ထက်မှာတော့ ခေတ်စနစ်နဲ့အညီ ကိုက်ညီဖို့အတွက် ပြည်ပညာရှင်တွေ၊ ကျွမ်းကျင် ပညာရှင်တွေပူးပေါင်း ပြင်ဆင်ဖြည့်စွက်ရေးဆွဲခဲ့ရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ ပြီးစီးခဲ့ပြီး အဲ့ဒီမူကြမ်းကို စက်တင်ဘာလ ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးကို တင်ပြထားပြီး ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။ လက်ရှိမှာ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများမှာ ဖိုက်ဘာ ဆက်ကြောင့်ချိတ်ဆက်ပြီး e-Government လုပ်ငန်းစဉ်များ စတင်ကျင့်သုံးနေတယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024