Home
မြန်မာသတင်း
ရုပ်ရှင်လက်မှတ် မှောင်ခိုဈေးဖြင့် ဝယ်ယူနေရသည့်အပေါ် ပြည်သူများ၏အမြင်
DVB
·
September 15, 2016
ရန်ကုန်မြို့လယ်ကောင် တချို့ရုပ်ရှင်ရုံတွေရှေ့မှာ မှောင်ခိုလက်မှတ်တွေကို ရောင်းချနေကြတာတွေ ရှိပါတယ်။ လက်မှတ် ၁၀၀၀ ကျပ်တန်ကို ၃၀၀၀ ကျပ်၊ ၁၈၀၀ ကျပ်တန် လက်မှတ်တစောင်ကို ၄၀၀၀ ကျပ် စတဲ့ ထက်ဝက်ကျော် မှောင်ခိုလက်မှတ်ဈေးနှုန်းတွေ ရောင်းချမှုတွေကို ပြည်သူတွေဘက်က ဝယ်ယူကြည့်ရှုရတဲ့အပြင် လိမ်လည်ရောင်းချမှုတွေလည်း ရှိနေပါတယ်။ မြို့လယ်ကောင်အတွင်း လက်မှတ်မှောင်ခိုကိစ္စတွေကို ကြားသိနေရသလို သူကိုယ်တိုင်လည်း နေပြည်တော်ရုံမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတယ်လို့ ရုပ်ရှင်လာရောက် ကြည့်ရှုသူ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။ “နေပြည်တော်နဲ့ ရှေ့ဆောင် နှစ်ခုပေါ့နော်။ ဒီနေ့ကတော့ ကိုယ်က Entertainment အနေနဲ့ လာလိုက်တာပါ။ သက်သေလည်းရအောင်လို့ ၀ယ်လိုက်တယ်။ ကျမ ဒီနားတင် နေတဲ့အခါကျတော့ ဘယ်အချိန်ကြည့်ကြည့် ရတာပဲ။ ဒါပေမယ့် တမင်တကာ ၀ယ်လိုက်တယ်။ ၁၀၀၀ တန်ကို ၂၅၀၀ ကျပ်နဲ့ ၀ယ်လိုက်တယ်။ ပြီးတော့ လိမ်လည်းရောင်းတယ်။ နောက်ဆုံးခုံဆိုပြီးတော့လည်း ရှေ့ဆုံးတန်းတွေ ရောင်းတယ်။ ပါးစပ်ထဲမှာရှိတာတွေ ပြောရောင်းတယ်ပေါ့နော်။ လူတွေက စိတ်ပျော်ရွှင်ချင်လို့ လာကြတာလေ။ ဒါပေမယ့် ဒီရောက်တော့ မှောင်ခိုတွေက အတင်းဆွဲလားလွဲလားနဲ့ လက်မှတ်က မရှိတော့ဘူးဆိုတော့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်။ ပြီးတော့ ဒီလိုမျိုး မှောင်ခိုလူတန်းစားတရပ် ရှိနေတာကလည်း နိုင်ငံအတွက် မကောင်းပါဘူး။ ပြီးတဲ့အခါကျတော့ အရမ်းသိသာတယ် မှောင်ခိုရောင်းနေတဲ့သူတွေကလည်း။ ဒီလက်မှတ်တွေအများကြီး ဘယ်လိုများ သူတို့လက်ထဲ ရောက်လာလဲပေါ့နော်။ ဘယ်လိုရောက်လာလဲဆိုတာ သိချင်လို့ ကိုယ်က မန်နေဂျာနဲ့လည်း ၀င်တွေ့တယ်။ ၀င်တွေ့တဲ့အခါကျတော့ သူတို့ဘက်ကတော့ ရိုးရိုးသားသား ရောင်းတာပဲပေါ့။” ကြိုတင်လက်မှတ်တွေရယူဖို့ ဖုန်းနဲ့ ဆက်သွယ်မှာယူချိန်မှာ တချို့ရုပ်ရှင်ရုံတွေက ဖုန်းလက်ခံဖြေကြားတာတွေလည်း မရှိဘူးလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။ အချိန်ကုန်ခံလာရောက်ပြီး တန်းစီပေမယ့်လည်း လက်မှတ်မရလို့ မှောင်ခိုကနေ ကြည့်ရသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ “မကောင်းတာလည်း မကောင်းဘူးပေါ့။ တော်တော်များများတော့ မကောင်းဘူးပေါ့။ ကျနော်တို့ လူငယ်ဘက်ကကြည့်ရင် ငွေကြေးရော အချိန်အရရောဆိုရင် တော်တော်တော့ waste ဖြစ်တယ်ပေါ့နော်” လို့ ရုပ်ရှင်လာရောက်ကြည့်ရှုသူ ရန်ကင်းမြို့နယ်နေ ကိုစိုးမောင်မောင်က ပြောပါတယ်။ ရုပ်ရှင်လာကြည့်သူတဦးကလည်း “မှောင်ခိုကတော့ ပပျောက်ဖို့တော့ လိုတာပေါ့။ ဘာလို့လဲဆိုတော့ ရိုးရိုးကြည့်ရတာ ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်မှတ်မှောင်ခိုရောင်းချနေသူတွေကို အရေးယူဖို့ထက် ပြည်သူဘက်က မှောင်ခိုလက်မှတ် မဝယ်ရဖို့ ဝန်ဆောင်မှုပေးဖို့ ရှိ၊ မရှိ ကိစ္စကိုတော့ ရုပ်ရှင်ရုံ တာဝန်ရှိသူတွေဘက်က တိကျတဲ့ ဖြေဆိုမှုတွေ မရှိခဲ့ပါဘူး။ ပြည်သူတွေဘက်က မှောင်ခိုလက်မှတ်ကိစ္စ တိုင်ကြားမှုတွေကို ရုပ်ရှင်ရုံတာဝန်ရှိသူတွေက ဖြေရှင်းပေးတာတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း  မှောင်ခိုရောင်းသူတွေဘက်က ရုပ်ရှင်ရုံ တာဝန်ရှိသူတွေကို   ခြိမ်းခြောက် ရန်လိုမှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒါအပြင် တချို့ရုံတွေမှာတော့ ရုပ်ရှင်ရုံလက်မှတ်ရောင်း ဝန်ထမ်းကိုယ်တိုင် မှောင်ခိုလက်မှတ်ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024