Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ကျနော်တို့ ပါအောင် ဆွဲခေါ်တွဲခေါ်ပေးဖို့လိုတယ် - ဒီကေဘီအေ
နော်နိုရင်း
·
September 15, 2016
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်  မယ်သဝေါဒေသမှာ ဗိုလ်ချုပ်ကျော်သက်ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရ၊ နယ်ခြားစောင့်တပ်တို့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသကို ရွာပေါင်း ၂၀ လောက် ဒုက္ခသည် ၄ ထောင်နီးပါး ထွက်ပြေးခိုလှုံနေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး (ဒီကေဘီအေ) တပ်က ပြောခွင့်ရသူ ဗိုလ်ကြီးရဲထက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ နောက်ဆုံး အခြေအနေ ဘယ်လိုရှိလဲ။ ဒီနေ့ရော တိုက်ပွဲဖြစ်သေးလား။ “တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်နော်။ မယ်သဝေါဒေသမှာဖြစ်တယ်။ ဒီမနက်ပိုင်းက သူတို့မနေ့က တက်ထားတဲ့ ရန်သူအလောင်းကို တက်ရှင်းကြတယ်။ တက်ရှင်းတော ကျနော်တို့ ရန်သူ့ဆီကနေပြီးတော့ လက်နက် ၄ လက် ရတယ်။  တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတာပဲ။ သူတို့ တောက်လျှောက်တက်တယ်။” ဒီတခေါက် တိုက်ပွဲတွေ ဖြစ်နေရတဲ့  အဓိကအကြောင်းရင်းက ဘာကြောင့်လဲ။ “ကျနော်တို့ ဒီတိုက်ပွဲတွေက မနေ့တနေ့ကမှ စပြီးတော့ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ ပြဿနာအရင်းခံသည်  ၂၀၁၅ ဇူလိုင် ၂ ရက်နေ့မှာစဖြစ်ခဲ့တဲ့ အာရှလမ်းမတိုက်ပွဲက အရင်းခံဖြစ်တယ်။ အဲဒီကနေပြီးတော့ ပြဿနာမီးကို ငြှိမ်းပါ၊ ငြှိမ်းပါ ကျနော်တို့ ငြှိမ်းချင်တယ်ပြောတာကို မငြှိမ်းဘဲနဲ့ တလျှောက်လုံး ဖွဲမီးလိုဖြစ်လာ ပြီးတော့မှ ဒီပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ် ၂၉ ရက်နေ့မှာ ဗိုလ်မှူးနားမကြား သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်တယ်။ တပ်တွေထိုးတယ်။ အဲဒီမှာ ကျနော်တို့က တပ်တွေ ပြန်ဆုတ်ခိုင်းတယ်။ စာထုတ်တယ်။ ပြန်ဆုတ်ပေးပါ၊ ပြန်မဆုတ်ဘူးဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တန်ပြန်တိုက်စစ် ပုံစံမျိုးနဲ့ စစ်မျက်နှာဖွင့်မယ်ဆိုပြီး ကျနော်တို့ ကြေညာချက်ထုတ်တယ်။ အဲဒီရဲ့ နောက်မှာမှ အခုလို တိုက်ပွဲကြီးတွေ ထပ်ဖြစ်တာပေါ့။ ပြန်ကြည့်ရင် ကျနော်တို့ မယ်သဝေါဒေသဘက်မှာလည်း လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ လောက်ကတည်းက သူတို့ ကျနော်တို့ ဒေသထဲမှာ တပ်စွဲချင်တယ်ဆိုပြီး တော့ လှမ်းပြီး စခန်းနေရာတွေ တောင်းတာရှိတယ်။ အဲဒီကတည်းက ကျနော်တို့ မပေးခဲ့ဘူး။ မပေးတည်းက ကျနော်တို့ မယ်သဝေါဒေသဘက်မှာ ရှိနေတဲ့ နယ်မြေအစပ်တွေမှာ သူတို့ တပ်အင်အားတွေ ထပ်ပြီးတိုးချထားတာရှိတယ်။ အဲဒီကတည်းက ချထားတဲ့အင်အားတွေဟာ မဆုတ်ပေးသေးဘူး။ အဲဒီပြဿနာတွေလည်းပါတယ်။ ” အခု ထိုးစစ်ဆင်နေတဲ့အဖွဲ့ထဲမှာ  အဓိကဘယ်အဖွဲ့တွေပါလဲ။ “ထိုးစစ်ထိုးနေတဲ့အဖွဲ့တွေက တပ်မတော်လည်းပါတယ်။ ဘီဂျီအက်တပ်တွေလည်း ပါတယ်။ ဘီဂျီအက်ဖ်နဲ့တပ်မတော် ပေါင်းပြီးတော့ သူတို့လာတယ်။ တပ်မတော်ဘက်ကဆိုရင် တပ်မ ၂၂၊ တပ်မ ၄၄ ၊ စကခ (၁၂) ဒီတပ်တွေ အဓိကပါတယ်။ ဘီဂျီအက်ဖ်ဆိုလို့ရှိရင်တော့  ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃။ ၁၀၁၄၊ ၁၀၁၅၊ ဗိုလ်ချစ်သူတပ်တွေပါတယ်။ ” အခုတိုက်ပွဲတွေကြောင့်   ရွာသားတွေက  ထွက်ပြေးတိမ်းရှောင်နေရရတဲ့ အခြေအနေသိချင်ပါတယ်။ “ရွာသားတွေက ထွက်ပြေးတိမ်းရှောင်တယ်ဆိုတာထက် သူတို့ထိုးစစ်လုပ်တဲ့အခါမှ မြိုင်ကြီးငူဆရာတော်ကနေပြီးတော့ ဒီလိုဖြစ်မယ်ဆိုရင် ငါ့ရဲ့ တပည့်သားသမီးတွေ ဒုက္ခရောက်တယ်။ အဲတော့ သူ့ကို အချိန်ပေးပါဆိုပြီးတော့မှ ၁၀ ရက်နေ့မှာ ဆရာတော်ကနေပြီးတော့ မယ်သဝေါဒေသက ရွာသားတွေ အဲမှာ ရွာပေါင်း ၂၀ ကျော်။ ဆရာတော်ရဲ့ ကားအစီးတရာကျော်နဲ့ မြိုင်ကြီးငူဒေသဘက်ကို ခေါ်ထားပေးတယ်။ ဆရာတော်ခေါ် ထားပြီးတော့ ၁၁ ရက်နေ့မှာပဲ သူတို့ ထိုးစစ်လုပ်တယ်။  ” ၁၁ ရက်နေ့မှာ ထိုးစစ်လုပ်တယ်ဆိုတော့ အခုရော  ထိုးစစ်ဆင်နေတုန်းပဲလား။ “ထိုးစစ်တောက်လျှောက်ဆင်တယ်။ ၁၁ ရက်နေ့ကနေစပြီး ဒီနေ့ဒီအချိန်ထိ တရက်ကို မပစ်ဘူးဆိုလို့ရှိရင် အနည်းဆုံး ၃ ကြိမ်လောက်ဖြစ်တယ်။ တခါတခါပစ်ရင် ၄ နာရီလောက်ကြာတယ်။ မနေ့ညကနေလည်း ည ၁၁ နာရီကျော်မှာ ထပ်ပြီးတော့ သူတို့ လက်နက်ကြီးနဲ့ပစ်တယ်။ အောက်ကလည်း တက်တယ်နော်။ သူတို့အဓိက ပွိုင့် ၉၆၂ စခန်းကုန်း၊ အံ့ကျော်ကုန်း၊ ဒီအစိုးရတပ်တွေ တပ်စွဲထားတဲ့ စခန်းကနေပြီးတော့မှ ပစ်တယ်။” အခု ပဋိပက္ခဖြစ်နေတဲ့အခြေအနေကနေပြီးတော့ ပြေလည်သွားအောင်  ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ မရဘူးလား။ “ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးလို့ မရဘူးလားဆိုတာကတော့ အစိုးရနဲ့ တပ်မတော်ကိုမေးမှရမယ်။ ကျနော်တို့ဘက်က ပြဿနာကို ရေရှည်မထားချင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း စာတရားဝင်ပို့ခဲ့ဖူးတယ်။ အဲဒီပို့ခဲ့တဲ့ကိစ္စနဲပတ်သက်ပြီးတော့ တိုက်ပွဲနဲ့ ငြိမ်းချမ်းကိစ္စနဲ့ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) နဲ့ တာဝန်ပေးအပ်ထားပါတယ်ဆိုတဲ့ တပ်ဗိုလ်ကြီးတွေကိုလည်း ကျနော်တို့ တရားဝင်စာပို့ခဲ့တာတွေရှိတယ်။ ဟိုကတည်းကနေ ဒီနေ့ဒီအချိန်အထိလည်း ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ်ဆိုပြီးတော့  တရားဝင်ခန့်အပ်ပြီး လွှတ်ထားတောတွေ လည်းရှိတယ်။ ဒါကြောင့် ကျနော်တို့ဘက်က အမြဲတမ်းအဆင်သင့်တွေ့ဆုံဆွေးနွေးဖို့ ပဋိပက္ခတွေကို ပြဿနာတရပ်အနေနဲ့ စစ်နဲ့မဖြေရှင်းဖို့ ကျနော်တို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ ” ခုချိန်မှာ ဗိုလ်ကြီးရဲထက်တို့အဖွဲ့အနေနဲ့ ဘာကြောင့် လက်နက်ကိုင်ရတာလဲ။ ဘာကြောင့် ဒီကေဘီအေကနေ တခါ ပြန်ပြီးခွဲထွက်တာလဲ။  “ကျနော်တို့ ဘာကြောင့်လက်နက်ကိုင်ရလဲဆိုတဲ့မေးခွန်းဟာ တကယ့်တကယ်ပြန်ကြည့်ရင် ဒီဟာမေးဖို့တောင် မသင့်ဘူး။ ကျနော်တို့ဟာ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်ခဲ့တာပဲ။ ” “ကျနော်တို့ကို ခွဲထွက်တယ်လို့မပြောနဲ့။ ကျနော်ခွဲထွက်ခဲ့တာမဟုတ်ဘူး။ အာရှလမ်းဖြစ်စဉ်မှာ မူရင်း ဒီကေအဘီအေက အစိုးရနဲ့ တပ်မတော်ကနေပြီးတော့ တအားထိုးစစ်ဆင်တော့ စစ်ပွဲတွေ ပိုမိုကျယ်ပြန့်သွားမှာစိုးလို့ ပြဿနာကို ထိန်းလို့ငြိမ်းမလားဆိုပြီး ယာယီအားဖြင့် ဒီတပ်မှူးတွေနဲ့  အပေါင်းပါတပ်တွေကို တပ်ကနေ ထုတ်တယ်ဆိုပြီးတော့ ထုပ်ပယ်ခဲ့တာ။ ထုတ်ပယ်ခဲ့ပေမယ့် ပြသနာက မငြိမ်းဘူး။ အဲဒီကနေပြီးတော့မှ ကျနော်တို့ ဒီလိုပဲနေလို့ရှိရင် တပ်နဲ့ လက်နက်နဲ့ ဒီလိုပဲ ဆက်ပြီးနေမယ်ဆိုရင် မသိရင် ကျနော်တို့ကို သူပုန်လား၊ ဓားပြလား ဖြစ်မှာစိုးလို့ ကျနော်တို့က တပ်မတော်တရပ်အနေနဲ့ ပြန်ပြီးတော့ ဖွဲ့စည်းတာ၊ ကျနော်တို့ ခွဲထွက်တာမဟုတ်ဘူး။” လက်ရှိတိုက်ပွဲဖြစ်နေတယ်ဆိုတော့ အဓိက ဘာကို လိုလားတာလဲ။ “ကျနော်တို့ဘာလိုလားလဲ။ ကျနော်တို့ ပြောခဲ့တာရှင်းရှင်းလင်းလင်းပဲ။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ တကယ့်တကယ် ကရင်ပြည်ငြိမ်းချမ်းရေးအတွက်  ကျနော်တို့ဒီ မိခင် ကေအန်ယူနဲ့အတူ တခြား ကရင့်တော်လှန်ရေးတပ်တွေလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး သွားနေတယ်။ ဒီငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ကျနော်တို့လည်း ပါဝင်ချင်တယ်။ ကျနော်တို့ တရားဝင်ပြောထားပြီးပြီ။ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ပါဝင်ဖို့အတွက်  လက်နက်ချတာကလွဲရင် ကျန်တာ အားလုံးကျနော်တို့ ညှိနှိုင်းလို့ရတယ်ဆိုတာ ကျနော်တို့ ပြောထားပြီးသားပဲ။ ” အခုလောလောဆယ် အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ကေအန်ယူဘက်ကရော ဆက်သွယ်တာရှိလား ငြိမ်းချမ်းစွာနေထိုင်ဖို့အတွက်လေ။ “အဲဒါအတွက်တော့ ကျနော့်အဆင့်နဲ့ ပြောလို့လည်းမရဘူး။ ပြောခွင့်လည်းမရှိဘူး။ တဖက်မှာ ပြန်ကြည့်ရင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကရင်ခေါင်းဆောင်တွေအားလုံး ကြိုးစားနေကြတာပဲ။” ဒီလ ၁၃ ရက်နေ့က အေကန်ယူကကြေညာချက်ထုတ်ပြန်ထားတာရှိတယ်။ ဘီဂျီအက်ဖ်ကိုရော၊ ဒီကေဘီအေကိုရော ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေတဲ့ကာလမှာ တိုက်ပွဲတွေရပ်ဖို့ တိုက်တွန်းထားတဲ့ အပေါ် ဘာပြောချင်လဲ။ “၀မ်းသာပါတယ်။ ဘာပဲပြောပြော ကျနော်တို့ မိခင်ကေအန်ယူက ဒီလိုမျိုးတဖက်က သွားနေတဲ့လမ်းကြောင်းအပေါ်မှာ သူ့သားသမီးတွေကို မပစ်ပယ်ထားပဲနဲ့ ဒီလိုမျိုး စစ်ပွဲတွေရပ်ပေးဖို့ တဖက်က ကြေညာချက်ထုတ်ပြန်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ၀မ်းသာတယ်။ ထိုနည်းတူစွာပဲ တကယ်လက်တွေ့ မြေပြင်မှာလည်း  ငြိမ်းချမ်းရေး လမ်းကြောင်းဖြစ်ပေါ်လာအောင် သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာလည်း ကျနော်တို့ ပါအောင်ဆွဲခေါ်တွဲခေါ်ပေးဖို့ လိုအပ်တယ်။ ” အခုတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုက ဘယ်လိုရှိလဲ။ ဘယ်လိုကြားရလဲ။ “နှစ်ဖက်ထိခိုက်ကျဆုံးကတော့ ကျနော်တို့ဖက်က တရားဝင် ဒီနေ့ဒီချိန်အထိ ၂ ရက်နေ့ကနေ စပြီးဖြစ်လာတဲ့တိုက်ပွဲကနေ ဒီနေ့ဒီအချိန်အထိ ၂ ယောက် ဒဏ်ရာရတာရှိတယ်။ တပ်မတော်နဲ့ ဘီဂျီအက်ဖ်ဘက်ကတော့ လက်ရှိ ကျနော်တို့ ရတဲ့ အချက်အလက်အရ  သေဆုံးထိခိုက်ဒဏ်ရာရစုစုပေါင်း ၂၀၀ ၀န်းကျင်မှာရှိနေတယ်။ ” တခြားဘာပြောချင်တာရှိဦးမလဲ။ “ကျနော်တို့က ငြိမ်းချမ်းရေးမလိုလားလို့ စစ်တိုက်နေတာမဟုတ်ဘူး။ လက်နက်ကိုင်နေတာ မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုအရေးတွေအတွက် ကျနော်တို့ ကိုင်စွဲလာတဲ့ လက်နက်တွေဖြစ်တယ်။  ဒီနေ့ဒီအချိန်မှာ နိုင်ငံရေးလမ်းကြောင်း အရ တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ်။ ဒီအပေါ်မှာ ကျနော်တို့လည်း ပါဝင်ချင်တယ်။ ဒီဟာကိုလည်း ကျနော်တို့ တိုင်းသိပြည်သိ ပြောဆိုထားပြီးသားဖြစ်တယ်။ ဒီအပေါ်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အစိုးရနဲ့တပ်မတော်ဘက်ကလည်း တိုင်းရင်းသားတွေအပေါ်မှာ အညှိုးတကြီးနဲ့ ဆက်ဆံမှုမလုပ်သင့်ဘူး။ လက်တွဲခေါ်သင့်တယ်ဆိုတာ ပြောချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024