DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အဖွဲ့ချုပ်ဂုဏ်ပြု
DVB
·
October 21, 2011
နိုင်ငံရေးအကျဉ်းသားဟောင်းများကို အဖွဲ့ချုပ်ဂုဏ်ပြု
Donate to DVB

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မကြာသေးခင်ရက်ပိုင်းက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကနေ့ ဌာနချုပ်ကို ဖိတ်ခေါ်ပြီး ဂုဏ်ပြုပါတယ်။

နိုင်ငံ​ရေး​အ​ကျဉ်း​သား​ဟောင်း​များ​ ဂုဏ်ပြုပွဲ အခမ်းအ​နား

ဒီဂုဏ်ပြုပွဲကို နိုင်ငံတ၀န်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်အနက် ၉၀ ခန့် တက်ရောက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရာက ပြန်လွတ်လာသူတွေအဖို့ ကိုယ့်ယုံကြည်ချက်ကို မြဲမြဲကိုင်စွဲပြီး မယိမ်းမယိုင်  မဆုတ်မနစ် ဆက်လက် အလုပ်လုပ်ကြဖို့ တိုက်တွန်းမှာကြားပါတယ်။

“ယုံကြည်ချက် ကျမတို့က နိုင်ငံရေးလုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့လို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူး ဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒီတော့ အမှန်ကို၊ ကိုယ်မှန်တယ်လို့  ထင်တဲ့ကိစ္စကို စွဲစွဲမြဲမြဲ​ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါ။ ပြန်ပြီးတော့ လွတ်လာတဲ့လူတွေကို ကျမက ကြိုဆိုတဲ့နေရာမှာ အလုပ် ပြန်လုပ်ဖို့ ရောက်လာလို့ ကြိုဆိုပါတယ် ဆိုတဲ့အခါမှာကျတော့ ဒီ ယုံကြည်ချက်ကို ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ကိုင်ထားပါ။ ကိုယ့်ရဲ့ လိပ်ပြာသန့်အောင်လို့ နေသွားပါ၊ ပြည်သူကို လေးစားပါ၊ ပြင်သူရဲ့ အမြင်ကို တန်ဖိုးထားပါ၊ ပြည်သူတွေ ဘာလိုချင်သလဲ ဆိုတာကို နားလည်ပါ။ ပြည်သူတွေရှေ့ကို သိပ်လည်း မရောက်ရဘူး၊ နောက်ကို သိပ်လည်း မရောက်ရဘူး။ ပြည်သူတွေနဲ့ လက်တွဲပြီး သွားပြီးတော့ ခံရမယ်ဆိုရင် အရှေ့က ပြေးခံလိုက်၊ ကာရမယ်ဆိုရင် အနောက်က ကာဖို့လိုရင် အနောက်ကို ပြေးပြီးတော့ ကာလိုက်ပေါ့။ ဒီလို စိတ်သဘောထားနဲ့ ကျမတို့ရဲ့ ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေကို ထပ်ပြီးတော့ အလုပ် လုပ်သွားစေချင်ပါတယ်။ ဒါကြောင့် ကျမတို့အားလုံးဟာ ယုံကြည်ချက်အပြည့်အဝနဲ့ ညီညီညွတ်ညွတ်နဲ့ တကယ်​ ယုံကြည်ချက်ကို အခြေခံပြီးတော့ လုပ်တဲ့ ရဲဘော်ရဲဘက်တွေဆိုတာ ညီညွတ်မှု ရှိတယ်။ ယုံကြည်ချက်ကို အခြေမခံဘဲနဲ့ ခံယူချက်ကို အခြေခံရင်တော့ ညီညွတ်မှုဆိုတာ ကွဲပြားတတ်ပါတယ်။ အဲဒီတော့ ကျမတို့ဟာ အတူတူအားလုံး လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို လိပ်ပြာသန့်သန့်နဲ့ လွတ်လွတ်လပ်လပ် အမြန်ဆုံး ရောက်နိုင်ပါစေလို့ ကျမ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။”

လွတ်မြောက်လာသူ နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာကလည်း နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်ရေးလိုလားတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးလုပ်လို့ ထောင်ကျတယ်ဆိုတဲ့ အစဉ်လာကြီး ကျနော်တို့ တိုင်းပြည်မှာ ဖြစ်ထွန်းခဲ့တယ်။ ဒီနေ့ကစပြီး နိုင်ငံရေးလုပ်လို့ ထောင်မကျတော့ဘူး ဆိုတဲ့ အဆင့်အတန်း ကျနော်တို့ တည်ဆောက်ကြရအောင်။”

နိုင်ငံရေးအကျဉ်းသူ မအေးသီတာက “အန်တီစုကတော့ အလုပ် ဆက်လုပ်ဖို့ ကြိုဆိုတယ်ပေါ့နော်။ သမီးတို့ကလည်း ဆက်လုပ်ဦးမှာပါ။ ကျမတို့က ယုံကြည်ချက်တွေ၊ ခံယူချက်တွေ ရှိပြီးသားလေ။ အဲဒီအတွက် ဆက်လုပ်ဦးမှာပဲ။ ယုံကြည်ချက်နဲ့ လုပ်မှာ” လို့ ပြောပါတယ်။

မအေးသီတာဟာ ထောင် ၁၁ နှစ်ကျရာမှာ လေးနှစ်အယူခံနိုင်ပြီး ကျန်ခုနှစ်ကို လေးနှစ်နေခဲ့ပြီး ပြန်လွတ်လာသူဖြစ်ပါတယ်။

ရွှေဘိုထောင်ပြန် နိုင်ငံရေးအကျဉ်းသူ မယဉ်ယဉ်ဝိုင်းက “ဆက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးလုပ်ဖို့ ဆိုတာထက် လူမှုရေးဘက်ကိုတော့ ပိုအားသန်တာပေါ့။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား မိတ်ဆွေတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ညီမတွေ၊ မောင်တွေအတွက်ကို ဆက်ပြီးတော့ အကူအညီပေးဖို့ကို အားသန်ပါတယ်” လို့ပြောါတယ်။

သူဟာ သံဃာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေကို ကူညီလို့ ဆိုပြီး ထောင်လေးနှစ် ကျခံရသူပါ။ လျှော့ရက်အရ သုံးနှစ်သာ နေရမှာ ဖြစ်ပေမယ့် လေးလပိုနေခဲ့ရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013