ဖားကန့်တွင် စစ်ရှောင်ရွာသားတဦး မိုင်းနင်းမိ
နန်းမြနဒီ
·
September 14, 2016
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ်ကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ ၁၃ ရက်နေ့က စစ်ဘေးရှောင်ရွာသားတဦး မိုင်းနင်းမိပြီး ဒဏ်ရာတွေရရှိခဲ့ပါတယ်။
ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာ သာသနာ့အောင်ဇံဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာ နေထိုင်သူ ဦးဝင်းစိုး (အသက် ၃၈ နှစ်) ဟာ သူ့ရဲ့ မူလနေရင်းရွာ ဂျာဝမ်မှော်ကို ပစ္စည်းပြန်ကြည့်စဉ် မနက် ၉ နာရီလောက်က လမ်းခုလတ်မှာ မိုင်းနင်းမိခဲ့တယ်လို့ ဖားကန့်ဒေသ မြစိမ်းရောင်ဖွံ့ဖြိုးရေးစီမံကိန်း ဥက္ကဋ္ဌ ဦးနော်ဆန့်က ဒီဗွီဘီကို ပြောပါတယ်။
“၀ါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူးဆီကနေ အကျိုးအကြောင်းသိရတာ စစ်ရှောင်ရွာသားဖြစ်တဲ့ ဦးဝင်းစိုးက သူ့အိမ်ဟောင်းမှာ ပစ္စည်းပြန်ကြည့်ရင်းနဲ့ လမ်းမှာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တယ်လို့ ပြောတယ်။ ဦးဝင်းစိုးရဲ့ ၀ဲဘက် ပေါင်၊ ဂျိုင်းနဲ့ ပုခုံးတွေမှာ ဒဏ်ရာရသွားတယ်တဲ့။ အဲဒီမှာ ၀ါရာဇွပ်ရွာ စစ်ရှောင်စခန်းကို ရောက်နေတဲ့ မြစ်ကြီးနား ကေဘီစီ လူမှုကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်မြတို့ကလည်း အဲဒီမှာရောက်နေတော့ သူ့ကို ချက်ချင်း မြစ်ကြီးနား ခေါ်သွားတယ်။”
ကေဘီစီ လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးဝင်းစိုးကို မြစ်ကြီးနားပြည်သူ့ဆေးရုံ အရိုးကုသဆောင်မှာ သွားရောက်ပို့ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက အဲဒီဒေသနဲ့နီးတဲ့ တနိုင်းဘက်မှာ အစိုးရစစ်ကြောင်းမှ ရွှေခိုးတူးမှုတွေ လိုက်လံနှိမ်နင်းရာက ကေအိုင်အေတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် တောထဲမှာ တနိုင်တပိုင် ရွှေတူးနေသူတွေနဲ့ ရှဒူးဇွပ်၊ ၀ါရာဇွပ် စတဲ့ အနီးနားကျေးရွာတ၀ိုက်က ရွာသားတွေပါ ရာနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။