DVB Logo
Home
Lead Story
ဒေါ်စုနဲ့ ဆန်ရှင်
DVB
·
September 14, 2016
ဒေါ်စုနဲ့ ဆန်ရှင်
Donate to DVB

ဒေါ်စုခရီးစဉ်ကနေ (ဆန်ရှင်) တွေ ဘယ်လိုဘယ်ပုံ ဖြစ်လာနိုင်သလဲ။

(ဆန်ရှင်) ဆိုတာ မြန်မာပြည်အပေါ်မှာ အမေရိကန်ကနေ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေပါ။ ရေဒီယိုတွေမှာ မေးလို့ဖြေရတာတွေ၊ ဆွေးနွေးရတာတွေက သဘောသဘာဝအရ အကန့်အသတ်တွေများတယ်။ မေးတာသာဖြေရပြီး အချိန်ကလည်း ရတာမဟုတ်ပါ။ (ဟုမ်းဝပ်) လုပ်ထားလည်း ပြောခွင့်သာချင်မှ သာတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုတွေ ဘာကြောင့် ချမှတ်ထားပါသလဲ -

(၁) ၁၉၈၈ ခုက ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့မှု၊

(၂) ၁၉၈၈ ခု နောက်ပိုင်းကစတဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ၊

(၃) ၁၉၉၆ ခုမှာ နိုင်ငံခြားသံတမန်တဦးကို အကျဉ်းထောင်တွင်းမှာ သတ်ဖြတ်ခဲ့မှု၊

(၄) အိုင်အယ်လ်အိုက မှတ်တမ်းယူထားတဲ့ ၂ဝဝ၁ ခုနောက်ပိုင်း အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ၊

(၅) ၂ဝဝ၃ ခု နောက်ပိုင်း ငွေကြေးခဝါချမှုနဲ့ မူးယစ်လုပ်ငန်းကနေရတဲ့ ငွေတွေကို တရားဝင်စီးပွားရေးထဲ သွင်းခဲ့မှု၊

(၆) ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်ခါတလဲလဲ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊

(၇) ၂ဝဝ၃ ခု ဒီပဲယင်း လုပ်ကြံမှုကြီးနဲ့

(၈) ၂ဝဝ၇ ခု သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို ရက်စက်စွာ နှိမ်နင်းမှုတွေကြောင့် ဖြစ်ပါတယ်။

၂ဝဝ၃ ခု ဇွန်လ ၆ ရက်နေ့က သမ္မတဘွတ်ရှ် အစိုးရက ကြံ့ခိုင်ရေးခေါင်းဆောင်တချို့ကို ဗီဇာပိတ်လိုက်ပါတယ်။ ၂ဝဝ၃ ခု ဇွန်လ ၁၁ ရက်မှာ အမေရိကန်အထက်လွှတ်တော်ကနေ ၂ဝဝ၃ မြန်မာပြည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက သွင်းကုန်အားလုံးကို တားမြစ်ခြင်း၊ မြန်မာစစ်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေ၊ အစိုးရနဲ့ ဆက်နွယ်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ထိန်းချုပ်ခြင်း၊ ဗီဇာတားမြစ်ချက်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံကို ငွေချေးမှု တားမြစ်ချက်တွေကို ဥပဒေအဖြစ် အသက်သွင်းခြင်းတွေ ပြုလုပ်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် အကြီးစား ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးမှာ အကျယ်ချုပ်ဆက်ချလို့ ၂ဝဝ၃ ခု နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အမေရိကန်ပြည်ထောင်စု မျိုးချစ်အက်ဥပဒေ ပုဒ်မ ၃၁၁၁ နဲ့ မြန်မာနိုင်ငံနဲ့ မြန်မာဘဏ်နှစ်ခုကို ငွေမည်းခဝါချမှုအတွက် စိုးရိမ်ရသည့်အဆင့်လို့ သတ်မှတ်လိုက်ပါတယ်။

ဆန္ဒပြ ရဟန်းတော်တွေကို ၂ဝဝ၇ ခု စက်တင်ဘာလမှာ နှိမ်နင်းခဲ့ပြီးနောက် ၂ဝဝ၈ ခု ဇူလိုင် ၂၉ ရက်နေ့မှာ JADE (ကျောက်စိမ်း) အက်ဥပဒေကို ချမှတ်လိုက်ပါတယ်။ ကျောက်မျက်ရတနာတွေဟာ မြန်မာနိုင်ငံအတွက် ဝင်ငွေရရာ တတိယအကြီးဆုံး ဇာစ်မြစ်ဖြစ်လို့ ချမှတ်တာ ဖြစ်ပါတယ်။

ဒေါ်စုနဲ့ ဆန်ရှင်

အမေရိကန်ကနေ ဆန်ရှင်လုပ်ဖို့ ဒေါ်စုက တောင်းဆိုတယ်ဆိုပြီး ဝါဒဖြန့်ခဲ့တာ စစ်အစိုးရ တလျှောက်လုံးပါ။ အထည်ချုပ်အမျိုးသမီးတွေ အလုပ်လက်မဲ့ဖြစ်ရတယ်လို့ တွင်တွင်အော်ပါတယ်။ အဆိုတော်တွေကို ဆန်ရှင်ကို တို့မမှုသီချင်း အဆိုခိုင်းပါတယ်။ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအစိုးရကနေ အမေရိကန်ဆန်ရှင်တွေ ရုပ်သိမ်းဖို့ဆိုပြီး ၂ဝ၁၅ ခုနှစ် ဧပြီလထဲမှာ ဒေါ်လာ ၈ သိန်း ၄ သောင်း ပေးပြီး Podesta Group လော်ဘီဂရုကို ငှားခဲ့ပါတယ်။ တကယ်လို့ ဆန်ရှင်တွေဟာ ဒေါ်စုကတောင်းလို့ ချတာသာမှန်ရင် ဒေါ်စုကို လော်ဘီလုပ်ပါလား။

ပြောင်းပြန်လုပ်ပါတယ်။ ၂ဝဝ၉ ခုနှစ်က ဒေါ်စုကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အကျယ်ချုပ်ကနေ လွတ်လာပြီးနောက်မှာလည်း ပြည်သူလူထုက စီးပွားရေးပိတ်ဆို့မှုတွေကို တကယ် ဖယ်ရှားစေလိုရင် စဉ်းစားပေးပါမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ဆန်ရှင် ရုပ်သိမ်းသင့်ကြောင်းအဆို နေပြည်တော်လွှတ်တော်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

အခုတခါ (ဆန်ရှင်) ရုပ်သိမ်းရေးအတွက် ဝါရှင်တန်မှာ လော်ဘီတွေ ခြေရှုတ်နေကြပါတယ်။ အထည်ချုပ်သမတွေ မဟုတ်ပါ။ ဘယ်သူတွေလဲ။

ဒေါ်စု အမေရိကန်ပြည်ထောင်စုကို ရောက်လာမယ့်ရက်နဲ့ ချိန်ကိုက် ၁၃-၉-၂ဝ၁၆ နေ့မှာ (ဂလိုဘယ် ဝတ်နက်စ်) ရဲ့ ထုတ်ပြန်ချက်တခု ထွက်လာပါတယ်။ အမေရိကန် (ကာတာပီလာ) ကုမ္ပဏီကြီးနဲ့ မြန်မာပြည်က ခရိုနီအကြီးစားတွေ မသူတော်ချင်းချင်း ပေါင်းဖော်လွေ့နေကြပုံပါတယ်။ (ဝေရှောက်ခမ်) နဲ့ အပေါင်းပါတွေဟာ ဥပဒေလက်တလုံးခြား နည်းမျိုးစုံနဲ့ အမေရိကန်ဆန်ရှင်ကို ရှောင်ပတ်ပြီး လုပ်ကိုင်နေကြတာလည်း ပါတယ်။ ကျောက်စိမ်းလုပ်ငန်းကြီးကနေ ၂ဝ၁၄ တနှစ်တည်းမှာ ဒေါ်လာ ၃၁ ဘီလီယံ ရခဲ့တယ်။ အဲဒါဟာ မြန်မာပြည် GDP စုစုပေါင်းရဲ့ ၄၈ ရာခိုင်နှုန်းနဲ့ ညီမျှတယ်။ ဒီလုပ်ငန်းကို စစ်အုပ်စုရဲ့လက်ဝေခံ မူးယစ်ရာဇာကြီးတွေနဲ့ ခရိုနီကုမ္ပဏီကြီးတွေက လက်ဝါးကြီးအုပ်ထားကြတယ်။ ဖားကန့်ကျောက်စိမ်းလုပ်ငန်းမှာ မနှစ်က လူ ၁၅ဝ သေဆုံးခဲ့ရပါတယ်။

ဆန်ရှင်ဟာ ရုပ်သိမ်းလိုက်တာနဲ့ နောက်ကြောင်းပြန်မှာ မဟုတ်ပါ။ မြန်မာပြည်က အပြောင်းအလဲဟာ ကွဲလွယ်ရှလွယ် အဆင့်မှာသာ ရှိပါသေးတယ်။ တိုင်းပြည်စီးပွားရေးဟာ အများပြည်သူလက်ထဲမှာ ရောက်မလာနိုင်သေးပါ။ ကျနော့်အမြင် အိုဘားမားအစိုးရက ဆန်ရှင်အကုန်မရုပ်သိမ်းလောက်ပါ။ တချို့လျှော့ပါမယ်။ အမေရိကန်လွှတ်တော်ကရော အစိုးရကပါ ဒေါ်စုပြောတာကို လိုက်လုပ်ပေးချင်နေကြတယ်။ မြန်မာပြည်ရဲ့ ပကတိအခြေအနေမှန်ကို ဒေါ်စုက အသိဆုံးပါ။ ဒေါ်စုဟာ သည်းခြေကြိုက်စကားနဲ့ တိုင်းပြည်ကို ရောင်းစားမှာမဟုတ်ပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013