အာရပ်နွေဦးနှင့် မြန်မာပြည်
နေသွင်
·
October 21, 2011

(ဆောင်းပါးရှင် David I Steinberg သည် ဂျော့တောင်းတက္ကသိုလ်၊ အာရှ လေ့လာ ရေးဌာနက ပါမောက္ခဖြစ်ပြီး၊ မြန်မာနှင့် မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူအဖြစ် လူသိများသည်)
အာရပ်နွေဦးလို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်းက အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေရဲ့ အောင်မြင်မှုတွေ၊ ရုန်ကန်းဆဲ တော်လှန်ရေးတွေဟာ အာရပ် စကားပြောတဲ့ နိုင်ငံတွေရဲ့ အပြင်ဘက်ကိုလည်း ရိုက်ခတ်သွားပါတယ်။
အာရပ်နွေဦးရဲ့ တော်လှန်ရေးတွေ အားလုံးကို ကြည့်မယ်ဆိုရင် အောက်ခြေက စလာတဲ့ အပြောင်းအလဲတွေပါပဲ၊ ဆိုးရွားတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အထိန်းအချုပ်တွေ၊ စီးပွားရေးမညီမျှမှုအပေါ်မှာ စိတ်ပျက်နေတဲ့ ပြည်သူလူထုဆီကနေ စခဲ့တဲ့ အပြောင်းအလဲတွေပါ။
အားလုံးသိကြတဲ့အတိုင်း ဒီတော်လှန်ရေးတွေဟာ ကျူနီးရှားနိုင်ငံက လမ်းဘေး ဈေးသည်လေးတယောက်က မိမိကိုယ်ကို သေကြောင်းကြံရာနေ စခဲ့ပြီး နိုင်ငံ ၆ ခုဆီကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ စစ်မှန်တဲ့ အပြောင်းအလဲ၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အဲဒီဒေသက နိုင်ငံတွေသာမက ကမ္ဘာကြီးရဲ့ တခြားအရပ်တွေဆီကို ကူးစက်သွားခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ အင်အားတွေအပေါ်မှာ အားကျကြပါတယ်။
တချို့ကတော့ ဒီအာဏာရှင်တွေကို တော်လှန်တဲ့ ဒီမိုကရေစီလှိုင်းတွေဟာ အရှေ့အလယ်ပိုင်း ဒေသကနေ နယ်ကျော်ပြီး တခြားအာဏာရှင်နိုင်ငံတွေကိုလည်း ရိုက်ခတ်တော့မယ်ဆိုတဲ့ စဉ်းစားချက်တွေလည်း ရှိလာကြပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားဆိုရင် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံရတဲ့ နိုင်ငံတွေပါ။
ဒီနှစ်နွေမှာ မြန်မာပြည်ကို အလည်အပတ်သွားတဲ့ ထင်ရှားတဲ့ အမေရိကန် တယောက်က အာရပ်နွေဦးဟာ မြန်မာပြည်ကိုလည်း ရိုက်ခတ်မယ်လို့ မှတ်ချက် ပေးပါတယ်။ ဒါပေမယ့် သူ့အမြင်ဟာ မြန်မာပြည်ရဲ့ ထူးခြားချက်ကို လျစ်လျူရှုထားပါတယ်။ အဲဒါကတော့ မြန်မာပြည်မှာ အောက်ခြေကစတဲ့ တော်လှန်ရေးတွေ လတ်တလောမှာ ဖြစ်နိုင်ချေ မရှိဘူးဆိုတာပါပဲ။
တော်တော်များများမျှော်လင့်ထားတာက အစိုးရသစ်ခေါ်ခေါ်၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ လက်ရှိ အစိုးရလက်ထက်မှာ သိသာတဲ့ အပြောင်းအလဲတွေ မပေါ်ပေါက်နိုင်ဘူး ဆိုတာပါပဲ။ အစိုးရသစ် ဆိုတာကလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအတွက် ဆိုပြီး အပြစ်အနာတွေ ပြည့်နေတဲ့ ရွေးကောက်ပွဲနဲ့ ပုံပျက်ပန်းပျက် ဖန်တီးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအစိုးရလက်ထက်မှာ အရေးကြီးတဲ့၊ အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုတချို့ တွေ့လာရသလို နောက်ထပ် လုပ်မယ်လို့ ကတိပေးထားတာတွေလည်း ရှိလာပါတယ်။
ဒီလို အပေါင်းလက္ခဏာတွေ ရှိလာတယ်ဆိုပေမယ့် အရေးကြီးတဲ့ အာဏာ ဘယ်မှာရှိနေသလဲ ဆိုတဲ့ အချက်ကိုတော့ ဖုံးဖိထားလို့ မရပါဘူး။ စစ်တပ်က သူတို့ အာဏာတည်မြဲရေး အစီအမံတွေနဲ့ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် အရပ်သား ပုံစံ၊ တစုံတရာ အများဆန္ဒကို အခြေခံတဲ့စနစ်၊ အများဆန္ဒကို တာဝန်ခံတဲ့ စနစ်လို့ ပြောလို့တော့ ရပါတယ်။
အာရပ်နွေဦးနဲ့ မတူတာက မြန်မာပြည်က အပြောင်းအလဲတွေဟာ အထက်က လာတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့များပါတယ်။ အရပ်ဝတ်လဲထားတဲ့ စစ်ခေါင်းဆောင်တစုဟာ အာဏာကို ဆက်ထိန်းထားဖို့ဆိုရင်၊ စီးပွားရေး၊ လူမှုရေးမှာ တစုံတရာ လွတ်လပ်ခွင့်ပေးရမယ်၊ နိုင်ငံရေးမှာလည်း ပြည်သူ့ဆန္ဒ အပေါ်မှာ အခြေခံတဲ့ပုံစံမျိုးအတိုင်းအတာတခုအထိ ခေတ်မီအောင်လုပ်ရမယ် ဆိုတာကို နောက်ကျမှ သိလာပုံရပါတယ်။
မြန်မာပြည်မှာ အောက်ခြေက စတဲ့တော်လှန်ရေးတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၉၈၈ လူထုတော်လှန်ရေးဆိုရင် တပါတီ ဆိုရှယ်လစ်စစ်တပ် ကြီးစိုးတဲ့ အစိုးရကို ဆန့်ကျင်ခဲ့ပေမယ့် နောက်ထပ် စစ်တပ်အာဏာသိမ်းမှုတခုမှာ အဆုံးသတ်ခဲ့ရ ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆိုရင်လည်း အစပိုင်းမှာ ဘုန်းတော်ကြီးတွေ ဦးဆောင်ခဲ့ပြီး၊ ကျယ်ပြန့်ပြီး အရေးပါတဲ့ ဆန္ဒပြမှုတွေပါပဲ၊ တော်လှန်ရေးလို့တော့ မခေါ်နိုင်ပါဘူး။ ဒီလှုပ်ရှားမှုဟာလည်း နိုင်ငံရေး လှုပ်ရှားမှု အသွင်ဆောင်လာတဲ့အခါမှာ ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းတာ ခံလိုက်ရပါတယ်။
သမိုင်းကြောင်း ပြန်ကောက်ရရင် ခေတ်သစ်မှာ အရှေ့အာရှဒေသက ဒီမိုကရေစီ ဆိုတာ အောက်ခြေကနေ စတဲ့ လူထု လှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာတာက များပါတယ်။ ဥပမာဆိုရင် ဖိလစ်ပိုင်မှာ ၁၉၈၆ ခုနှစ် လူထုစွမ်းအား လှုပ်ရှားမှုနဲ့ ဖာဒီနန် မားကို့စ်ကို ဖြုတ်ချခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ၁၉၈၇ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေနဲ့ အာဏာရှင် ချန်ဒူးဝမ် အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ထိုင်းမှာဆိုရင်လည်း စစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြိမ် ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားမှာ ဆူဟာတိုကို ဖြုတ်ချခဲ့တာလည်း အောက်ခြေကနေ စလာတဲ့ လူထုလှုပ်ရှားမှုတွေပါပဲ။
ထိုင်ဝမ် သမ္မတဂျောင်ဂျင်ဂွာ တယောက်ပဲ သူ့အစိုးရကို အသက်ဆက်ရှင်အောင် ထိန်းထားနိုင်ပြီး အပြောင်းအလဲတွေ လုပ်ဖို့ လိုတယ်၊ လုပ်ရမယ့် အချိန်ရောက်ပြီး ဆိုတာကို အသိအမှတ်ပြုခဲ့၊ နိုင်ငံရေး အပြောင်းအလဲတွေကို အထက်ကနေ အောက်ကို ချပေးတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာပြည်က ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေ အပေါ်မှာလည်း တော်တော်များများက မမျှော်လင့်ခဲ့သလောက်ပါပဲ။ ပြည်တွင်းက လူတွေကတော့ ဆိုးရွားလှတဲ့ တိုင်းပြည်မှာ ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်းဖြစ်လာဖို့ စောင့်ရမယ်လို့ ယူဆလာပုံရပါတယ်။
အစိုးရက စီးပွားရေး အပြောင်းအလဲတွေကို လုပ်ဖို့ ပြင်နေပါတယ်။ တိုင်းပြည်ဆင်းရဲတာကို ရာစုနှစ်ဝက်ကြာမှ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဝန်ခံလာပါတယ်။ အဂတိ လိုက်စားမှုကို ပြဿနာတရပ်အဖြစ် အသိအမှတ် ပြုလာပါတယ်။
လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေးလာပါတယ်။ လူနည်းစုတွေရဲ့ အရေးအရာတွေကို နည်းနည်းပါးပါး ပြောလို့ဆိုလို့ ရလာပါတယ်။ ဆင်ဆာဖြတ်တာတွေလည်း လျှော့လာပါတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပြုလာပါတယ်။ ပြည်သူတွေ လက်မခံတဲ့ တရုတ်ရဲ့ ဧရာမ စီမံကိန်းကြီးကိုလည်း သမ္မတက ဆိုင်းငံ့ လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ တလျှောက်လုံး ပြောလာရာကနေ တချို့ကို လွှတ်ပေးလိုက်ပါတယ်။ ပြည်ပရောက် မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ်ပါတယ်။ တချို့လည်း မရဲတရဲနဲ့ ပြန်သွားနေတာလည်း ရှိပါတယ်။
ဒါပေမယ့် ဒီအပြောင်းအလဲတွေဟာ အကြမ်းတော့မခံပါဘူး၊ အကြောင်းကတော့ ဒီအပြောင်းအလဲတွေကြောင့် ထိပ်ပိုင်း စစ်အရာရှိတွေ၊ သူတို့ အပေါင်းပါတွေ အပါအဝင် တော်တော်များများကို ထိခိုက်လို့ ဖြစ်ပါတယ်။ ဒီလူတွေကတော့ လမ်းဟောင်းအတိုင်း လိုက်ဖို့ပဲ ပိုသဘော တွေ့ကြပါတယ်။
ဒါကြောင့် မြန်မာပြည်အခြေအနေက စိုးရိမ်မယ်ဆို စိုးရိမ်စရာတွေတော့ ရှိပါတယ်။ အစိုးရအဖွဲ့သစ်က သက်တမ်းနုသေး၊ မရေမရာ အခြေအနေမှာပဲ ပြုပြင်ပြောင်းလဲပါမယ်လို့ ပြောထားတာတွေကို အကောင်အထည် ဖော်ရမှာတွေလည်း ရှိနေပါတယ်။ ပြည်သူတွေကတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ လမ်းကြောင်းနဲ့ဖြစ်ဖြစ် သူတို့အတွက် အနာဂတ်ရှိ မလား၊ မရှိဘူးလားဆိုတာကို စဉ်းစားကြတာပါပဲ။ ဒါပေမယ့် အချိန်ကာလ သတ်မှတ်ချက်ကတော့ မသေချာပါဘူး၊ အကယ်၍ အပြောင်းအလဲတွေ တကယ်လုပ်လာပြီး၊ ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်လာတယ် ဆိုရင်တောင်မှ အဆုံးအဖြတ် အာဏာဟာ စစ်တပ်ဆီမှာ သေချာတဲ့ အချိန်ကာလတခုထိ ရှိနေပါဦးမယ်။ ဒါပေမယ့် တခြား နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေ ဘဝ တိုးတက် ကောင်းမွန်ဖို့ ရေမရောတဲ့ ဒီမိုကရေစီ စစ်စစ်ကြီး မလိုပါဘူး။ မြန်မာပြည်အတွက် မဝေးတော့တဲ့ အနာဂတ် ရည်မှန်းချက်ဟာလည်း ဒီအတိုင်းပဲ လက်တွေ့ဖြစ်လာဖို့ များပါတယ်။
ဒါကြောင့် ပြင်ပကမ္ဘာအနေနဲ့ ဒီအပြောင်းအလဲတွေအပေါ်မှာ ထင်ယောင် ထင်မှားနဲ့ အလွန်အကျွံ မျှော်လင့်ချက်တွေ ကင်းကင်းနဲ့ ဆက်ပြီး တွန်းအားပေးသင့်ပါတယ်။ မြန်မာပြည်မှာ ဆီရီးယားတို့၊ ရီမင်တို့မှာလိုမျိုး စိတ်မကောင်းစရာ သေကြရမယ့် အခြေအနေမျိုး မဖြစ်အောင် ရှောင်သင့်ပါတယ်။ အခုလောက်ဆိုရင် မြန်မာစစ်တပ်ကလည်း အရှေ့အလယ်ပိုင်းက သင်ခန်းစာတွေကို နားလည်နေလောက်ပါပြီ။ အဲဒီကတော့ အစိုးရက အပြောင်းအလဲကို မလုပ်ရင် ပြည်သူတွေက အပြောင်းအလဲကို သူတို့ဖာသာ အတင်းလုပ်ယူကြမယ် ဆိုတာပါပဲ။ အများက ဆန္ဒရှိတဲ့ တော်လှန်ရေးပုံစံနဲ့ မဟုတ်ရင်တောင် အပေါင်းလက္ခဏာ ဆောင်တဲ့ အပြောင်းအလဲ ဖြစ်အောင် ပြည်သူတွေက သူတို့ဘာသာ ဖန်တီးယူကြမှာ သေချာပါတယ်။
(www.atimes.com မှာ ဖော်ပြခဲ့သည့် The Arab Spring and Myanmar ဆောင်းပါကို ဆီလျော်အောင် ဘာသာပြန်ပါသည်)
