Home
မြန်မာသတင်း
မူဆယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သည့်ပစ္စည်းများ ဖမ်းဆီးရမိ
ခွန်ဇော်ဦး
·
September 14, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မော်တောင်းကျေးရွာအုပ်စုထဲမှာ တီအန်အယ်လ်အေ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တဲ့ ၀တ်စုံတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူဆယ်မြို့နယ်ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁ တပ်ရင်းမှူး ဦးစီးတဲ့ တပ်မတော် စစ်ကြောင်းတကြောင်းဟာ ကြိုတင်သတင်းပေးချက်အရ မော်တောင်းကျေးရွာအုပ်စု မန်ဟန်ရွာရှိ အိမ်တအိမ်ကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက သွားရောက်စစ်ဆေးရာမှာ ဖမ်းမိခဲ့တာလို့  မူဆယ်ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “စစ်တပ်က သွားဖမ်းတာပါ။ ဘာတွေဖမ်းမိလဲဆိုတော့ တီအန်တီယမ်းတုံး ၂၂ တုံး၊ တီအန်အယ်လ်အေ တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း အင်္ကျီ ၃ ထည်၊ အစိမ်းရောင် ပြောက်ကျားဘောင်းဘီတထည်၊ အစိမ်းရောင်ဦးထုပ် ၃ လုံး၊ ကိရိယာတန်ဆာပလာ ၁ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ပြီးတော့ အသက် ၃၃ နှစ်ရွယ် မအမ်ဆာဆိုတဲ့ အမျိုးသမီးကို စစ်ဆေးနေပါတယ်။” စစ်တပ်က အဲဒီနေအိမ် သွားရောက်စစ်ဆေးစဉ် အိမ်ထောင်ဦးစီးကို မတွေ့ရတဲ့အတွက် သူ့ဇနီးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းမေးမြန်းစစ်ဆေးမှုတွေ မပြီးဆုံးသေးတဲ့အတွက် အဲဒီအမျိုးသမီးကို အမှုမဖွင့်ရသေးသလို ဘယ်လို ဆက်ပြီး အရေးယူမလဲဆိုတာလည်း မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူတို့အနေနဲ့ ဒီသတင်းကို မကြားသိရသေးဘူးလို့ တီအန်အယ်လ်အေ  ပြန်ကြားရေးရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024