DVB Logo
Home
မြန်မာသတင်း
ယုံကြည်ချက်အတိုင်း​ ​ရှေ့​ဆက်​ရန် ​နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ကို​ ဒေါ်​အောင်ဆန်း​စုကြည် ​ပြော
DVB
·
October 21, 2011
ယုံကြည်ချက်အတိုင်း​ ​ရှေ့​ဆက်​ရန် ​နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ကို​ ဒေါ်​အောင်ဆန်း​စုကြည် ​ပြော
Donate to DVB

ယုံကြည်ချက်ကို အခြေခံပြီး မဆုတ်မနစ် လက်တွဲပြီး အလုပ်လုပ်သွားကြဖို့ မကြာသေးမီက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီလ ၁၂ ရက်မှာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အဖွဲ့ချုပ်က ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားကို ဒီနေ့ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒီအခမ်းအနားကို ကိုဇာဂနာအပါအ၀င် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ လောက်တက်ရောက်ကြပြီး သူတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် ၁၂ သိန်းခန့် ပေးအပ်ပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောကြားရာမှာ အလုပ်ပြန်လုပ်ဖို့ ရောက်လာလို့ ကြိုဆိုကြောင်းနဲ့ ယုံကြည်ချက်အတိုင်း ပြည်သူကို တန်ဖိုးထားပြီး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် ကောက်နုတ်ချက်။

“အခု ကျမ လွတ်လာတဲ့သူတွေကို ကြိုဆိုတဲ့နေရာမှာ အလုပ်ပြန်လုပ်ဖို့ ရောက်လာလို့ ကြိုဆိုပါတယ် ဆိုတဲ့အခါကျတော့ ယုံကြည်ချက်ကို ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ကိုင်ထားပါ။ ကိုယ့်ရဲ့ လိပ်ပြာသန့်အောင်လို့ နေသွားပါ။ ပြည်သူကို လေးစားပါ။ ပြည်သူရဲ့ အမြင်ကို တန်ဖိုးထားပါ။ ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာကို နားလည်ပါ။

“နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူရဲ့ ရှေ့မှာ သိပ်ပြီး ရောက်နေလို့လည်း မဖြစ်ဘူး။ အနောက်ကို သိပ်ပြီး ရောက်နေလို့လည်း မဖြစ်ဘူး။ ဒီလို ပြောကြတယ်ဆိုတာကို အားလုံး သိပြီးသားပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တခါတလေ ကိုယ်က အရှေ့ကနေ နေပေးရတယ်။ သိပ်အရှေ့မရောက်ရဘူး ပြောရမယ်။ တကယ်ဆိုရင် အရှေ့က ခံပေးရမယ်ဆိုရင် အရှေ့က ခံပေးရမယ်။ အနောက်က ကာပေးရမယ်ဆိုရင် အနောက်က ကာပေးရမယ်။ အရှေ့ သိပ်ရောက်လွန်းရင် တော်ကြာ အဆက်ပြတ်သွားမှာပေါ့။ အဆက်ပြတ်သွားရင် ကာကွယ်ဖို့ ဆိုတာလည်း မလွယ်ဘူး။ နောက်မှာကျန်ရစ်ရင်လည်း ကာပေးဖို့ရာက မလွယ်ဘူး။ ဒါကြောင့်မို့ ပြည်သူတွေ ရှေ့ကိုလည်း သိပ်မရောက်ရဘူး။ အနောက်ကိုလည်း သိပ်မရောက်ရဘူး။ ပြည်သူတွေနဲ့ လက်တွဲပြီး သွားပြီတော့ ခံရမယ်ဆိုရင် အရှေ့ ကပြေးခံလိုက် ကာရမယ်ဆိုရင် အနောက်က ကာဖို့လိုရင် အနောက်ကို ပြေးပြီး ကာလိုက်ပေါ့။

“ဒီလို စိတ်သဘောထားနဲ့ ကျမတို့ ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေကို ဆက်ပြီးတော့ အလုပ်လုပ်သွားစေချင်ပါတယ်။ ကျမက (ဦးတင်ဦး၊ အဖွဲ့ချုပ် ဒု-ဥက္ကဌ) ဘဘလို ကြိုဆိုပါတယ်၊ ကရုဏာ မေတ္တာတွေ အပြည့်နဲ့ မပြောလို့ ကရုဏာမေတ္တာ မရှိတာမဟုတ်ပါဘူး။ ကျမတို့က လက်တွေ့ကျကျအလုပ် လုပ်ရမယ်ဟာတွေကို စောစောစီးစီးကတည်းက ပြောထားတာပဲ ကောင်းတယ်လေ။ (ရယ်လျက်)။ အလုပ်လုပ်ဖို့ ကျမတို့မျှော်လင့်နေပါတယ်ဆိုတာကို ကျမ ရိုးရိုးသားသားပြောတာပါ။

“ကျမတို့အားလုံးဟာ ယုံကြည်ချက်အပြည့်အ၀နဲ့ ညီညီညွတ်ညွတ်နဲ့။ တကယ် ယုံကြည်ချက်ကို အခြေခံပြီးတော့ လုပ်တဲ့ ရဲဘော်ရဲဘက်တွေဆိုတာ တကယ်ညီညွတ်မှု ရှိတယ်။ ယုံကြည်ချက်ကို အခြေမခံဘဲနဲ့ ခံယူချက်ကို အခြေခံရင်တော့ ညီညွတ်မှုဆိုတာ ကွဲပြားတတ်ပါတယ်။ အဲဒီတော့ ကျမတို့ဟာ အတူတူ အားလုံးလက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လိပ်ပြာသန့်သန့်နဲ့ လွတ်လွတ်လပ်လပ်ကြီး အမြန်ဆုံး ရောက်နိုင်ပါစေလို့ ကျမအားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အပြည့်အစုံကို အသံဖိုင်တွင် နားဆင်နိုင်ပါတယ်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013