Homeမြန်မာသတင်း
တရုတ်-မြန်မာ ပူးတွဲစီမံကိန်းများကို ကတိအတိုင်း အကောင်အထည်ဖော်ရန် တရုတ်ဝန်ကြီးချုပ် ပြော
တရုတ်-မြန်မာ ပူးတွဲစီမံကိန်းများကို ကတိအတိုင်း အကောင်အထည်ဖော်ရန် တရုတ်ဝန်ကြီးချုပ် ပြော
DVB
·
October 21, 2011
တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်မယ်ဆိုတဲ့ ကတိကို တည်ပါလို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က ပြောကြားလိုက်ပါတယ်။
“နှစ်နိုင်ငံ စီးပွားရေးအရ ဆက်ဆံရေး ချောမွေ့တိုးတက်စေရေးအတွက် တရုတ်-မြန်မာ နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူထားတဲ့ စီမံကိန်းတွေကို ကတိအတိုင်း အမှန်တကယ် အကောင်အထည် ဖော်ရမယ်”လို့ ၀န်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ပြောလိုက်တယ်လို့ တရုတ်ပြည်သူ့ နေ့စဉ် သတင်းက ဖော်ပြပါတယ်။
မြန်မာဒု-သမ္မတဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲ တက်ရောက်ဖို့ တရုတ် နိုင်ငံကို ရောက်ရှိနေပြီး တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
တရုတ်အကူအညီနဲ့လုပ်တဲ့ ဒေါ်လာ သန်း ၃,၆၀၀ တန်ဖိုးရှိ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ထားမယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က အရင်လမှာ ကြေညာခဲ့ပြီးနောက် မြန်မာဒု-သမ္မတက တရုတ်နိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။
ဆည်စီမံကိန်းနဲ့ ပတ်သက်လို့ ကွဲလွဲမှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ မြန်မာဒု-သမ္မတက ပြောကြောင်း တရုတ်ပြည်သူ့နေ့ စဉ်သတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်နေတဲ့ ဆည်စီမံကိန်းကို ရပ်ထားတာနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ သင့်လျော်တဲ့ နည်းလမ်းကို ရှာမယ်လို့လည်း ဦးတင်အောင်မြင့်ဦးက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ကို ပြောတယ်လို့ ဆိုပါတယ်။
- မြန်မာဒု-သမ္မတနှင့် ဝမ်ကျားပေါင်