DVB Logo
Home
မြန်မာသတင်း
မြန်မာဝန်ကြီးကို ဖိတ်ကြားသဖြင့် ဂျပန်အစိုးရကို မြန်မာများ ကန့်ကွက်ဆန္ဒပြ
DVB
·
October 21, 2011
မြန်မာဝန်ကြီးကို ဖိတ်ကြားသဖြင့် ဂျပန်အစိုးရကို မြန်မာများ ကန့်ကွက်ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဂျပန်အစိုးရက ဖိတ်ကြားတဲ့အပေါ် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၁၀၀ ကျော်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။

[caption id="attachment_16800" align="alignleft" width="300" caption="ဆန္ဒ​ပြ​နေစဉ်"][/caption]

မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဂျပန်အစိုးရ သဘောထားဟာ ဒီမိုကရေစီမဆန်ဘူးလို့ ယူဆတဲ့အတွက် ကန့်ကွက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“မြန်မာကို ODA - Oversea Development Assistance (ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ) ပြန်ပေးမယ်လို့ ကြားနေတဲ့အတွက် အသေအချာ စိစစ်ပြီးမှ ပေးဖို့ဆိုတာ တောင်းဆိုတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးဖို့၊ မြန်မာအစိုးရကို တောင်းဆိုပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလည်း ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကတဆင့် တိုက်တွန်းပေးဖို့ တောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြတ်သူက ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံပုံစံမျိုးနဲ့ နိုင်ငံတကာဖိအားတွေကို သူတို့ရဲ့ အာဏာချိန်ခွင်လျှာပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးလိုက်၊ ဖမ်းလိုက်နဲ့ ကစားနေတာလို့ ပြောပါတယ်။

ဦးမြတ်သူက “ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီကို ပြောင်းချင်တယ်ဆိုရင် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးတဲ့ လုပ်ငန်းက စရမှာပေါ့” လို့ ပြောပါတယ်။

တိုင်းရင်းသားဒေသက စစ်ပွဲတွေနဲ့ ပတ်သက်လို့လည်း ဦးမြတ်သူက အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တယ်လို့ ပြောတယ်ဆိုရင် တိုင်းပြည် ငြိမ်းချမ်းမှ ရမယ်လို့ ပြောပါတယ်။

ဦးမြတ်သူက “တိုင်းပြည် ဘယ်ငြိမ်းချမ်းမလဲ။ သူတို့ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ စစ်တွေ ဆင်နွှဲနေမှတော့ တိုင်းပြည်က ငြိမ်းချမ်းစရာ အကြောင်း မရှိဘူး။ တိုင်းပြည်တကယ် စီးပွားရေး တိုးတက်ချင်တယ်။ ငြိမ်းချမ်း ချင်တယ်ဆိုရင် ပြည်တွင်းစစ်ကို ရပ်ရမယ်”လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက ဂျပန်အစိုးရထံတောင်းဆိုစာ ပေးတာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးက လက်ခံယူဆောင်ခြင်း မရှိလို့ စာတိုက်က ထည့်မယ်လို့ ဆိုပါတယ်။

မနက်ဖြန်ကျရင်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013