Home
မြန်မာသတင်း
လူပုဂ္ဂိုလ်အခွင့်အရေး မြှင့်တင်ပေးမယ့် ဥပဒေကြမ်းအသစ်တခု အစိုးရသတင်းစာ ဖော်ပြ
DVB
·
September 10, 2016
“နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း”ကို ဒီနေ့ထုတ်အစိုးရသတင်းစာတွေမှာ အများပြည်သူလေ့လာနိုင်ရန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။ ဒီ ဥပဒေကြမ်းကို စက်တင်ဘာ၈ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေကြမ်းမှာ အခန်း ၆ ခုနဲ့အပိုဒ် ၁၅ ပိုဒ် ဖော်ပါရှိပါတယ်။ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံပါ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုအပြည့်အ၀ ခံစားရရှိနိုင်ခွင့် ရှိရမယ်လို့ ဥပဒေကြမ်းက ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ကျောက်ဖြူအမတ် ဦးဘရှိန်က ဥပဒေကြမ်းနဲ့ ပတ်သက်လို့  လွှတ်တော်မှာ ဆွေးနွေးစရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ “နိုင်ငံသားတွေကို အကာအကွယ်ပေးထားတာ ပုဒ်မ ၃ ရယ် ၄ ရယ်မှာ ပါတယ်။ ဒီ့ထက်ပို အကာအကွယ်ပေးဖို့ လိုသေးသလား၊ လွှတ်တော်ထဲ ဆွေးနွေးရဦးမယ်။ ဖွဲ့စည်းပုံမှာလည်း ရေးထားတာပဲ။ အခန်း ၈ မှာ  နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောခွင့်ဆိုခွင့်ရှိရမယ် ဆိုပေမယ့် ငြိမ်းစုစီဥပဒေနဲ့ လူတွေ ထောင်ချခဲ့တာပဲ။” “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းအခန်း ၄ မှာ မည်သူမျှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့် တစုံတရာမရရှိဘဲ နိုင်ငံသားတဦးဦးရဲ့ နေအိမ်အခန်း အတွင်း ၀င်ရောက်ရှာဖွေသိမ်းဆည်းခြင်း ဖမ်းဆီးဖြင်း မပြုရလို့ ဖော်ပြထားပါတယ်။ တခါ လူပုဂ္ဂိုလ်လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ နောက်ယောင်ခံလိုက်ခြင်း၊ စုံထောက်ခြင်း စုံးစမ်းခြင်း မပြုရလို့ ဆိုထားပါသေးတယ်။ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အရင် ထောက်လှမ်းရေး လက်ထက်က လုပ်ရပ်တွေကို တားဆီးဖို့ ဒီဥပဒေကြမ်း တင်တာဖြစ်နိုင်ပြီး နောက်ယောင်ခံလိုက်တာတွေ အခုထိ  ရှိနေတုန်းလို့ ဝေဖန် ထောက်ပြလိုက်ပါတယ်။ “အရင်က လူတွေကို ထောက်လှမ်းရေးကလိုက် ဒုက္ခပေးတဲ့ကိစ္စကို တားဆီးဖို့ ပြင်တာဗျ။ အခုအချိန်ထိလည်း ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဟောပြောပွဲ လုပ်ရင် စရဖ တို့ အက်စ်ဘီတို့က နောက်က လိုက်လာတာတို့ ထိုင်နေတာတို့ လုပ်တုန်းပါပဲ။ လူတွေကို ဧည့်စာရင်းဝင်စစ်မယ်ဆိုပြီး ၀င်ရှာတာတို့ အဲဒါတွေတားဆီးဖို့ ရည်ရွယ်ချက် အကောင်းနဲ့ လုပ်တယ်လို့ ယူဆတယ်။” ဥပဒေကြမ်းမှာ ပြည်ထဲရေးဌာနကို လုပ်ခွင့်ပေးထားတဲ့အတွက် မည်သူမျှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့် တစုံတရာမရရှိဘဲ ဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး ၀င်ဖမ်းတာမျိုး လုပ်ဆောင်နိုင်တယ် လို့လည်း ပြောပါတယ်။ ဥပဒေကြမ်းမှာတော့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ဖောက်ဖျက်ကျုးလွန်ရင် အနိမ့်ဆုံးထောင်ဒဏ် ၆ လကနေ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာဆွေးနွေးကြဦးမှာဖြစ်ပြီး ပြည်သူမှာ ဆုံးဖြတ်လို့ပြီးရင် အမျိုးသားလွှတ်တော်မှာ ဆက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဥပဒေနဲ့ပတ်သက်လို့ လွှတ်တော်နှစ်ရပ် သဘောထားကွဲရင်တော့ ပြည်ထောင်စုလွှတ်တော်တင် ဆွေးနွေးကြရမှာဖြစ်ပြီး ဒါဟာ အစိုးရသစ်လက်ထက် လူပုဂ္ဂိုလ်အခွင့်အရေး မြှင့်တင်ပေးမယ့် ဥပဒေကြမ်းအသစ်တခု တင်ခဲ့တာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024