Home
မြန်မာသတင်း
ဘန်ကောက်မြို့တော်ကို ရေစတင်ဝင်ရောက်
DVB
·
October 20, 2011
ဘန်ကောက်မြို့ တော်ရဲ့  အထက်ပိုင်း ပထုံဌာနီခရိုင် နှစ်ပတ်ကြာ ရေလွှမ်းခဲ့ပြီးနောက် ရေထုဟာ ဘန်ကောက်မြို့တော်ရဲ့ အရှေ့ ပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုကို ဒီကနေ့ စတင်ဝင်ရောက်နေပါတယ်။ ဘန်ကောက်မြို့ တော်ရဲ့ အတွင်းဧရိယာကို ကာကွယ်ထားနိုင်ဆဲ ဖြစ်ပေမယ့် ကာကွယ်ရေး သဲအိတ်တမံတွေရဲ့  အပြင်ဘက်အပိုင်းက ရပ်ကွက်ဇုန်ကြီး ၇ ခုက ပြည်သူအားလုံး မိမိတို့ရဲ့ ပစ္စည်းတွေကို ပိုမြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းဖို့၊ ကားတွေကို မိုးပျံလမ်းမကြီးတွေပေါ်မှာ ရွှေ့ပြောင်းထားဖို့နဲ့  ကလေးငယ်တွေနဲ့ လူမမာတွေကို အသင့်ပြင်ထားတဲ့ ရေဘေးဒုက္ခသည်စခန်းတွေကို စပြီးရွှေ့​ပြောင်းထားဖို့  ဘန်ကောက်မြို့တော်ဝန်က ဗုဒ္ဒဟူးနေ့ ညက ထုတ်ပြန်သတိပေးခဲ့ပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ပထုံဌာနီခရိုင် နယ်နိမိတ်ကြား ပထုံဌာနီခရိုင်ထဲမှာ ၇ ကီလို ရှည်လျားတဲ့ သဲအိတ်ရေကာတမံကြီးကို ဆောက်ဖို့ အင်အားမရှိဘူးလို့​ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။ ဗဟိုအစိုးရက စီမံဆောင်ရွက်ပေးရမယ့် အပိုင်းလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ ထိုးအစိုးရရဲ့ အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာ ဒွန်မောင်းလေဆိပ်က ထိုင်းလေတပ်ပိုင် လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ယန္တရားတွေကို ဘန်ကောက် အရှေ့​တောင်ဘက် ချွန်ဘူရီ ခရိုင်က အူတဖောင်းရေတပ်စခန်း၊ အရှေ့ မြောက်ပိုင်းက နခွန်ရာ့ချစီမားခရိုင်မှာရှိတဲ့ အမှတ် ၁ လေတပ်စခန်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင် အမှတ် ၄၁ လေတပ်စခန်းတွေကို ရွှေ့ပြောင်းထားပြီး လေးလံတဲ့ စစ်လက်နက်တွေကိုလည်း မြင့်တဲ့ နေရာတွေကို ရွှေ့ထားပြီဖြစ်တယ်လို့​ ထိုင်းသတင်းတွေက ဆိုပါတယ်။ ဒီကနေ့ ညနေ ၅ နာရီခွဲမှာ တပ်ခရိုင်အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေကာတာ ဖြစ်တဲ့ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေ ထပ်တိုးလာတာတဲ့အတွက် ရေကာတာ​ မကျိုးအောင် ရေတွေကို လွှတ်ထုတ်ရတော့မယ်လို့ တာတမံဌာနက ထုတ်ပြန်သတိပေးပါတယ်။ ဘန်ကောက်အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီစတဲ့ ခရိုင်ကြီးတွေ ရေလွှမ်းနေတာဟာ ဘုမ္မိဘွန်းရေလှောင်ကန်ကြီးက ရေတွေကို ဖောက်ထုတ်နေရလို့​ ဖြစ်ပါတယ်​။ ရေဘေးကြောင့် လူ ၉​ သန်းကျော် ဒုက္ခရောက်နေပြီး ၃၂၀ သေဆုံးသွားပြီလို့​ရေဘေးကူညီရေး သတင်းပေးစင်တာက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024