Home
မြန်မာသတင်း
ချင်းမိုင်က မြန်မာအလုပ်သမားများ ဇီကာ အကြောင်း မသိကြ
DVB
·
September 8, 2016
မြန်မာတဦးမှာ ဇီကာပိုးတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်က မြန်မာအလုပ်သမားအများစုဟာ ဒီ ရောဂါပိုးနဲ့ပတ်သက်လို့ တိတိကျကျ မသိကြပါဘူး။ ဇီကာပိုးတွေ့တဲ့ ချင်းမိုင်ခရိုင်ထဲက ဆန်ဆိုင်းမြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အမြောက်အမြား အလုပ်လုပ်နေကြပြီး သူတို့တွေကို ဒီဗွီဘီက ကိုယ်တိုင်ကိုယ်ကျသွားရောက် တွေ့ဆုံမေးမြန်းကြည့်ရာမှာ ဇီကာကို မသိကြဘူးလို့ ပြောကြပါတယ်။ ဆန်ဆိုင်းမြို့နယ်အတွင်း နေထိုင်ပြီး မြန်မာအလုပ်သမားတွေ ကျန်းမာရေးကိစ္စအပါအ၀င် လူမှုရေးကူညီလုပ်ဆောင်ပေးနေတဲ့ မလေး ဆိုသူ အမျိုးသမီး ပြောပြတာက “ဆန်ဆိုင်းဆေးရုံမှာ မြန်မာတယောက် ဆေးရုံတင်ထားရတယ်။ သူ့ကို ဘယ်သူနဲ့မှ ပေးမတွေ့ဘူးလို့တော့ ကြားတယ်။ ငှက်ဖျားလိုလို ပြောနေကြတာပဲ၊ ဇီကာ ဆိုတာတော့ မသိဘူး။” ဆန်ဆိုင်းက ရပ်ကွက်တခုအတွင်းမှာ မြန်မာပစည်းနဲ့ စားစရာအရောင်းဆိုင်ဖွင့်ထားတဲ့ မနှင်းဆိုသူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဇီကာရောဂါပိုးအနရာယ်အကြောင်း မေးကြည့်တော့ သူ ဘာမှ မသိဘူးလို့ပဲ ပြောပါတယ်။ သူလည်းပဲ သူ့ကိုယ်ဝန်ကို ဆန်ဆိုင်းဆေးရုံမှာ အပ်ထားပြီး မနက်ဖြန် ဆေးရုံချိန်းရှိလို့ ဆေးရုံပြသဖို့ ရှိနေပါတယ်။ ဆန်ဆိုင်းမှာ ဥယျာဉ်ခြံသန့်ရှင်းရေးလုပ်နေတဲ့ ဦးရော်ဘော်ဆိုသူ ကယားအမျိုးသားကြီးဟာ ချင်းမိုင်မှာ အလုပ်လုပ်နေတာ ၁၄ နှစ်ခန့် ရှိပြီဖြစ်ပြီး သူလည်း ဇီကာပိုးအကြောင်း ဘာမှ မသိဘူးလို့ပဲ ပြောပါတယ်။ ချင်းမိုင်ကောင်စစ်ဝန်ရုံးက ဦးစန်းယုကျော်ကတော့ ဒီနေ့ပဲ သူတို့ သံရုံးအနေနဲ့ မြန်မာ အလုပ်သမားများ သွားလာလေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဇီကာရောဂါ အသိပညာပေး စာတွေ လိုက်ကပ်နေတယ်လို့ ပြောပါတယ်။ “ရောဂါလက္ခဏာတွေရယ်။ နောက် အိမ်မှာ ခြင် မပေါက်ပွားအောင် ဘယ်လို နေထိုင်သင့်တယ် ဆိုတဲ့ ပညာပေးတဲ့အချက်တွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးရဲ့ ဖုန်းနံပတ် ပါပါတယ်။ တကယ်လို့ ရောဂါလက္ခဏာ တွေ့လို့ရှိရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို သွားပါ။ ပြီးလို့ရှိရင် ကျနော်တို့ကို ဆက်သွယ်ပါ။ ကျနော်တို့ လိုအပ်တာတွေ ကူညီ ဆောင်ရွက် ပေးပါ့မယ်ဆိုတဲ့ အကြောင်းကြားစာတွေ ကပ်တာပါခင်ဗျ။” ဇီကာပိုးတွေ့လို့ ဆန်ဆိုင်းဆေးရုံတက်နေရတဲ့ မြန်မာအမျိုးသမီးကိုယ်ဝန်ဆောင်သည်ရဲ့ ရောဂါပိုးဟာ မပြင်းထန်ဘဲ ဆေးရုံကဆင်းဖို့ လုပ်နေပြီဖြစ်ကြောင်း နောက်ဆုံးသတင်း ရထားတယ်လို့လည်း ပြောပါတယ်။ ချင်းမိုင်ခရိုင်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၁ ဦးရှိသွားပြီဖြစ်ပြီး အားလုံးဟာ ဆန်ဆိုင်းမြို့နယ်ကပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၇ရက်ရက်စွဲနဲ့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ မိခင်လောင်းတွေ အခုရက်ပိုင်း ချင်းမိုင်မလာကြဖို့ နှိုးဆော် အသိပေး ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024