မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သပညာရှင်များ ရှိရန် လိုအပ်
ထွန်းထွန်းသိန်း
·
September 8, 2016

မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲခြင်းကြောင့် နှစ်စဉ်ထိခိုက်မှုရှိတဲ့အတွက် စိုက်ပျိုးရေး ဆိုင်ရာ မိုးလေဝသပညာရှင်တွေ လိုအပ်တယ်လို့ ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မိုးလေဝသပညာရှင်၊ စိုက်ပျိုးရေးပညာရှင်လို ကျွမ်းကျင်သူတွေ ရှိနေပေမယ့်လည်း စိုက်ပျိုးရေးကိုသာ သီးသန့်အထူးပြုတဲ့ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ ပညာရှင် ရှိဖို့လိုအပ်နေတာပါ။
စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသပညာရှင် မရှိတဲ့အတွက် လယ်ယာသီးနှံစိုက်ခင်းတွေ ရာသီဥတု ပြောင်းလဲခြင်းကြောင့် နှစ်စဉ် ထိခိုက်ပျက်စီးနေပြီး လိုက်လျောညီထွေတဲ့ စိုက်ပျိးရေးနည်းလမ်းပြောင်းဖို့ လိုအပ်နေတာပါ။
နိုင်ငံတကာမှာ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသပညာရပ်ကို တက်ရောက်နေကြပြီ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့တော့ တက်ရောက်ခြင်း မရှိသေးဘူးလို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။
“စိုက်ချိန်ပျိုးချိန် သီးနှံအမျိုးအစားကအစ ပြောင်းဖို့လိုပြီ။ ဒီလိုအပ်ချက်ကို ပေးရမှာက ပညာရှင်က ပေးရမယ်။ စိုက်ပျိုးရေးပညာရှင်၊ စိုက်ပျိုးရေး မိုးလေ၀သပညာရှင်၊ ပုံမှန်ကို ပြောရရင် သူက ပေးရမယ်။ ကျနော်တို့ ဒါတွေကို ပေးနိုင်မယ့်ဟာက လယ်သမားပါ။ ကျနော်တို့ဘက်ကနေ ကြိုးစားဖို့လိုသေးတယ်။ မိုးလေ၀သပညာရှင် ရှိတယ်။ ကျနော်တို့ ပါးစပ်က ပြောတယ်။ စိုက်ပျိုးရေးပညာရှင် ရှိတယ်။ စိုက်ပျိုးရေး မိုးလေ၀သပညာရှင် မရှိဘူး ဒီနိုင်ငံမှာ။ ဘာလို့ မသင်တာလဲ။ စိုက်ပျိုးရေး မိုးလေ၀သပညာဆိုတာ ရှိနေပြီ။”
စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသပညာရပ်နဲ့ ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးနိုင်ဖို့ အစိုးရရဲ့ ကူညီထောက်ပံ့မှု လိုအပ်နေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့လည်း ဒီဘာသာရပ်ကို ထည့်သွင်းဖို့ မဖြစ်မနေ ပေါ်လစီရေးဆွဲသင့်တယ်လို့ နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာအဖွဲ့တွေက ပြောပါတယ်။
“နိုင်ငံတော်အစိုးရအနေနဲ့ ဒါကို လိုအပ်တယ်ဆိုတာကို ပြင်ပပေါ့၊ ကျမတို့ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေ၊ ဥပမာ ကျမတို့ စကောလားရှစ်အဖွဲ့တွေ ရှိတယ်။ ဒါကို ပံ့ပိုးပေးပါလို့ တောင်းဆိုဖို့လိုပါတယ် နံပါတ်တစ်။ နိုင်ငံတော်အစိုးရရဲ့ တောင်းဆိုမှုက အရမ်းအရေးကြီးပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ ဒါအရေးကြီးတယ်၊ ပေါ်လစီပိုင်းဆိုင်ရာမှာ ဒါကို ထောက်ပေးပါ။ ဒီလိုမျိုး ပညာရှင်တွေ ကျနော်တို့ကို များများမွေးထုတ်ပေးပါ။ အခုလောလောဆယ်ကို ကျနော်တို့လိုပါတယ် ဆိုတာကို နိုင်ငံတော်အစိုးရက တောင်းဆိုဖို့ လိုပါတယ်” လို့ သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးသုသေတနဗဟိုမှ အစီအစဉ်မန်နေဂျာ ဒေါက်တာဥမ္မာခိုင်က ပြောပါတယ်။
နှစ်စဉ်ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ထိခိုက်နိုင်တဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ဒုတိယနိုင်ငံအဖြစ် တည်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ယခင်အစိုးရလက်ထက်က ရာသီဥတုပြောင်းလဲရေးကို အလေးထား ဂရုစိုက်မှု နည်းပါးခဲ့ပြီး အခုအစိုးရလက်ထက်မှာတော့ ပညာရှင်တွေပါဝင်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှု အမျိုးသားအဆင့်ကော်မတီကို မကြာမီက ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့မှာပါဝင်တဲ့ ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှု အသိပညာပေး လုပ်ငန်းတွေ လုပ်ရာမှာ အစိုးရရဲ့ ထောက်ပံ့မှု မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။