DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း သုံးဆယ်ကျော် ရေမြုပ်
DVB
·
October 20, 2011
Donate to DVB

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ထဲက ယောချောင်းရေကြီးတာကြောင့်  ယောချောင်း တလျှောက်ရှိ ကျေးရွာအုပ်စုပေါင်း သုံးဆယ်ကျော် ရေမြုပ်နေပြီး လူဦးရေ ထောင်နဲ့ချီ ရေဘေးဒုက္ခ ကြုံတွေ့နေကြပါတယ်။

အောက်တိုဘာ ၁၉ ရက်က ရခိုင်ကမ်းရိုးတန်းကနေ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ မိုးကြီးပြီး ယောချောင်း ရေတိုးလာတာလို့ ဆိပ်ဖြူမြို့ခံတဦးက ပြောပါတယ်။

“ည ၂ နာရီနောက်ပိုင်းကစပြီးတော့ ရေတက်လာတယ်။ ရွာသူရွာသားတွေတော့ ပစ္စည်းတွေဘာတွေ ရွှေ့ကြတယ်။ တချို့လည်း လူပဲ လွတ်အောင်ပြေးကြတယ်။ အပင်တွေဘာတွေလည်း ကျွတ်ပါတယ်။ ထနောင်းပင်၊ ထန်းပင်တို့။ ရခိုင်ဘက်မှာ မုန်တိုင်းဝင်တော့ ချင်းပြည်ကိုဖြတ်ပြီး မိုးသည်းပြီး ဒီဘက်ကို ကျလာတာ။ ဆိပ်ဖြူဆိုတာက မြစ်ဝပေါ့။ ချောက်၊ ဆိပ်ဖြူဆိုတာက မြစ်နဲ့ယောချောင်းအဆုံးက မြို့လေးပါ။”

ယောချောင်းဘေး ချောင်းမကြီးကျေးရွာအုပ်စုက ရေဘေးခံနေရတဲ့ ရွာသားတယောက်က “နှစ်ထပ်အိမ်တွေပါ မြုပ်တာ။ ခေါင်မိုးပါမြုပ်တာဆိုတော့ ဒီနေ့ဆို ဘာမှလုပ်လို့မရတော့ဘူး။ ခုပဲရွာက ကျနော်ပြန်လတာ ကျနော်တို့ အိမ်ဆို မုန်တိုင်းမလာခင်က အပေါ်ထပ်မှာ အစားအသောက်၊ဆန်၊ တီဗွီနဲ့ဗီရိုတွေ ရွှေ့ထားတာ။ အခုတော့မရတော့ဘူး။ အကုန်မြုပ်တာ။ ဆန်တွေရော အခုဆို ထုတ်လို့မရတော့ဘူး ရေထဲရောက်သွားပြီ။ အပေါ်ပါတက်တာဆိုတော့။ အခု နေထိုင်ဖို့ အိပ်ဖို့အခက်အခဲရှိတယ်။ ချောင်းမကြီးအုပ်စုအနေနဲ့တော့ လူအသေအပျောက်မရှိဘူးဗျ။ ချောင်းနားနေတဲ့လူတွေဆိုတော့ အကင်းပါးတယ် ရေတော့မကြောက်ဘူး” လို့ ပြောပါတယ်။

ချောင်းရေက ၈ ပေလောက်ထိ တက်လာပြီး ဒီကနေ့ နေ့ခင်းပိုင်းထိ ရေ၂ပေလောက်ပဲ ကျသေးတယ်လို့ ဆိုပါတယ်။

ယောချောင်းတလျှောက် စိုက်ထားတဲ့ ကြက်သွန်တွေ၊ သိမ်းဆည်းထားတဲ့ ကြက်သွန်တွေ အကုန်ဆုံးရှုံးကုန်ကြတယ်လို့လည်း ပြောပါတယ်။ ဒီဒေသတွေမှာ ကြက်သွန်စိုက်တာကို အဓိကထားလုပ်ကြတာပါ။

မနှစ်က ဂီရိမုန်တိုင်း ရခိုင်ပြည်နယ်ကိုဝင်တုန်းကလည်း ရေမြုပ်ဖူးပေမယ့် အခုတကြိမ်ကတော့ မနှစ်ကရေထက် နှစ်ဆလောက် ပိုတက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအချိန်ထိ သက်ဆိုင်ရာက ကူညီထောက်ပံ့တာမတွေ့ရသေးဘဲ မြို့ပေါ်က တတ်နိုင်တဲ့သူတွေ တပိုင်တနိုင် အကူပေးနေတာပဲတွေ့ရတယ်လို့ ဆိပ်ဖြူနဲ့ လေးမိုင်အကွာ ချောင်းမကြီး ကျေးရွာသားတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013