မိကျောင်းတကောင်ကြောင့် ကိုးရိုးကားရား ဖြစ်ခဲ့ရသည့် ရုပ်သံသတင်း တင်ဆက်သူ (ရုပ်သံ)

ဘော်စတွန်စပေါ့စ်တ် သတင်းနဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တင်ဆက်သူ စတိဗ်ဘာတန်ဟာ ရုပ်သံအစီအစဉ်တခု ရိုက်ကူးခဲ့စဉ်မှာ မိကျောင်းတကောင်ကြောင့် ကိုးရိုးကားရား အခြေအနေတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ခုသီတင်းပတ် အစောပိုင်းတုန်းက တွားသွားသတ္တ၀ါဆိုင်ရာ ပညာရှင် မိုက်ကယ်လ် ရဲလ်ဘွိုင်းစကိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တခုကို ရိုက်ကူးခဲ့ချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုမှာ ဘာတန်ဟာ မိကျောင်းပေါက်ကလေးကို ပွေ့ချီထားခဲ့တာပါ။ ဒါပေမယ့် အဲဒီ မိကျောင်းပေါက်ကလေးဟာ သူ့ရဲ့လက်ထဲမှာ ရုန်းကန်ပြီး ယက်ကန်ယက်ကန် ဖြစ်လာချိန်မှာတော့ သူဟာ ဟန်မဆောင်နိုင်တော့ဘဲ ထိတ်လန့်တကြားနဲ့ ပြန်မထိန်းနိုင်တော့ဘဲ တခြားဝန်ထမ်းတွေက သူ့ကို ကူညီထိန်းပေးခဲ့ကြရတာကို တွေ့ရပါတယ်။ စီဘီအက်စ်ဘော်စတွန် သတင်းကတော့ မိကျောင်းဟာ စတိတ်စင်ပေါ် ရှိနေချိန်မှာ မြူးထူးနေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ရဲလ်ဘွိုင်းစကိုင်းကတော့ မိကျောင်းပေါက်ကလေးဟာ ခုလိုပဲ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ပေါင်းများစွာမှာ ပါခဲ့ရတဲ့အတွက် ပင်ပန်းနေခဲ့တာလို့ ဟပ်ဖင်တန်ပို့စ်သတင်းကို ဖြေခဲ့ပါတယ်။ “ဒီရုပ်သံဗွီဒီယို ရိုက်ကူးချိန်ဟာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြားလောက်ပါပဲ။ ဒါပေမယ့် မိကျောင်းပေါက်ကလေးဟာ ဘယ်လိုမှ ထပ်ပြီး တောင့်ခံမထားနိုင်ခဲ့ပါဘူး။” အဆိုပါမိကျောင်းရဲ့ ပါးစပ်ကို ဖွင့်လို့မရအောင် လုပ်ထားခဲ့လို့ ဒီအဖြစ်အပျက်မှာ အစီအစဉ်တင်ဆက်သူ ဘာတန် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဘာတန်ကတော့ “ဒီအဖြစ်အပျက်က အရမ်းပြင်းထန်လွန်းတော့ ကျနော့်အနေနဲ့ သက်သောင့်သက်သာတော့ မရှိဘူးပေါ့” လို့ စီဘီအက်စ်ဘော်စတွန်သတင်းကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up