ကော့ကရိတ်မီးသတ်တပ်ဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွား
DVB
·
September 5, 2016
ကရင်ပြည်နယ် ကော့ကရိတ်မြို့ မီးသတ်တပ်ဖွဲ့ရုံးအတွင်း မနေ့ည သန်းခေါင်ကျော်က ချိန်ကိုက်လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရခြင်းမရှိဘူးလို့ ကော့ကရိတ်ရဲစခန်းက ပြောပါတယ်။
မနေ့ညသန်းခေါင်ကျော်မှာ မီးသတ်တပ်ဖွဲ့ရုံး မီးသတ်ကားနဲ့ အုတ်နံရံဘေးနေရာမှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့လို့ မီးသတ်ကားတစီးပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့မ ရဲစခန်းက တာဝန်ကျရဲအရာရှိ တဦးက ပြောပါတယ်။
“ည ၁၂ နာရီကျော်လောက်မှာဖြစ်တယ်။ ဒဏ်ရာရတဲ့လူတော့ မရှိပါဘူး။ မီးသတ်ကားနားမှာပေါ့။ ပျက်စီးတာက အဲဒီကားတစီးပဲရှိတယ်။ ပစ္စည်းတွေဘာတွေ ပေါက်သွားတာပေါ့။ တခြား ဘာမှတော့ မဖြစ်ဘူး။ သူက ချိန်ကိုက်ဗုံး၊ လက်လုပ်ဗုံးအမျိုးအစားပဲ။ ”
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မည်သူမည်ဝါရဲ့လက်ချက်လဲဆိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ချိန်ကိုက်လက်လုပ်ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ပြီး လူတွေထိခိုက်မှုတွေ မရှိခဲ့ပါဘူး။
အလားတူ ကရင်ပြည်နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းက အစိုးရတပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဗိုလ်ချုပ်ကျော်သက်တို့ရဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ - ဒေါနအောင်တိုး