Home
ဆောင်းပါး
မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ဖိလစ်ပိုင်သမ္မတနဲ့ အမှန်အမှား
DVB
·
September 5, 2016
ဖိလစ်ပိုင်သမ္မတ ဒူတာတီကတော့ သူ အာဏာရသမ္မတ ဖြစ်လာခဲ့ပြီးတဲ့ ၂ လ မပြည့်တပြည့် အချိန်ကစပြီး နိုင်ငံတ၀ှမ်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုတွေကို တိုက်ဖျက်ဖို့ စီမံချက်ချ ဆောင်ရွက်ခဲ့တာကို နိုင်ငံတကာက သိရှိပြီး ဖြစ်ပါတယ်။ နာမည်အရ နိုင်ငံတွင်းမှာ အန္တရာယ်ကြီးမားလာနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို နှိမ်နင်းဖို့ ကြိုးစားတဲ့လုပ်ရပ်ဖြစ်လို့ သဘောကျ နှစ်သက် ထောက်ခံသူတွေလည်း အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုနှိမ်နင်းမှုတွေမှာ လုပ်ဆောင်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် ဝေဖန်ထောက်ပြလာသူတွေလည်း ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အဂါင်္နေ့က လွှတ်တော်ကြားနာမှုမှာ ဖိလစ်ပိုင် အမျိုးသားပုလိပ်တပ်ဖွဲ့ ဦးစီးချုပ် ရော်နယ်ရိုဇာက ထွက်ဆိုရာမှာ ခုချိန်ထိ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း ပုလိပ်အဖွဲ့ရဲ့လက်ချက်နဲ့ လူ ၇၅၀ သေဆုံးခဲ့ရပြီး ကျန်တဲ့သေဆုံးမှုတွေကိုတော့ စုံစမ်းစစ်ဆေးဆဲ ဖြစ်တယ်လို့ ထွက်ဆိုခဲ့သလို အင်္ဂါနေ့က ထုတ်ပြန်ပေးခဲ့တဲ့ သေဆုံးသူ ၁၉၀၀ ဆိုတာကတော့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ ၁၈၀၀ ထက် အရေအတွက်အရ များပြားနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။ တကယ်တော့ ဖိလစ်ပိုင်နိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တာဟာ သမိုင်းရှည်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မေလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီရာဇ၀တ်မှုတွေကို နှိမ်နင်းပေးဖို့ တာဝန်ယူ မဲဆွယ်ခဲ့တဲ့ ဒူတာတီဟာ ပြည်သူလူထု ထောက်ခံမဲ ၄၀ ရာခိုင်နှုန်းကို ရရှိပြီး အနိုင်ရတာဟာ ဇူလိုင်လ ပြည်သူ့သဘောထား ကောက်ယူမှုမှာ ဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရသာ မဟုတ်ဘဲ လိင်အရ အသာစီးယူမှု၊ သံတမန် အမှားတွေနဲ့ စီးပွားရေး အသိုက်အ၀န်းကို ခြိမ်းခြောက်လာမှုတွေအပေါ် သူ့ရဲ့ သဘောထားတွေအရ လူထုထောက်ခံမှုကို ရရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ သူ့ကို ဝေဖန်ပြောဆိုလာသူတွေကတော့ ဖိလစ်ပိုင်မှာ အင်အားကောင်းတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းတွေနဲ့ အထက်လွှတ်တော်အမတ် လေလာဒါလီမာတို့ပဲ ဖြစ်ပါတယ်။ သမ္မတရဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ သမ္မတ ဒူတာတီကတော့ ကက်သလစ်ဘုရားကျောင်းတွေရဲ့ အထူးသဖြင့် သူတို့ရဲ့ ဥစ္စာဓန ပိုင်ဆိုင်မှုတွေနဲ့ ကလေးသူငယ်တွေကို မဖွယ်မရာလုပ်မှုတွေနဲ့ ဟန်ဆောင်လိမ်ညာမှုတွေကို ထောက်ပြ ခုခံ ကာကွယ်ခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် လီမာကိုတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း တရားမ၀င် လာဘ်ယူမှုတွေ ရှိခဲ့တယ်ဆိုပြီး ခုခံကာကွယ်ခဲ့ပါတယ်။ ၀ါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်တွင်းအဖွဲ့အစည်းတွေဟာ သမ္မတကို ဆန့်ကျင်ကန့်ကွက်ဖို့ တကယ့်ကို အားနည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မြို့တော် တက္ကသိုလ် အရှေ့တောင်အာရှ သုတေသနဗျူရိုရဲ့ ညွှန်ကြားရေးမှူး မတ်ခ် ထွန်ဆမ်ကတော့ “ဒူတာတီက ကွန်ဂရက် မဟာမိတ် လက်တဆုပ်စာရဲ့မဲနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် ဖိလစ်ပိုင် နိုင်ငံရေးပါတီတွေက အားနည်းခဲ့တော့ သူအာဏာရလာရင် ရမယ့် အခွင့်အရေးတွေကိုမျှော်ပြီး ဒူတာတီ အနိုင်ရပြီးချိန်မှာ သူ့ဘက်ကို ပြောင်းအားပေးလာတဲ့ ဥပဒေပြု လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုကို ရသွားခဲ့တာပါ။ အဲဒါကြောင့် ဒီ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး သူ့ကို ဝေဖန်ကန့်ကွက်မယ့်သူတွေ အနည်းအပါးပဲ ကျန်ခဲ့တာပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ ဖိလစ်ပိုင် တရားလွှတ်တော်ချုပ်ကတောင် တဖြည်းဖြည်း ဒူတာတီဘက်ကို ယိမ်းသွားခဲ့ပြီး ၂၀၁၂ ခုနှစ်ထဲမှာ သမ္မတဟောင်း ဘစ်ဂ်နီနို အကွီနိုက တရားသူကြီးချုပ်ကို ရာထူးက ဖယ်ရှားလိုက်အပြီးမှာ ဥပဒေပြု လွှတ်တော်ကိုတောင် နိုင်ငံရေးအရ ဘက်ဆံလာအောင် အလုပ်ခံခဲ့ရတယ်လို့ ထွန်ဆမ်နဲ့ သြစတြေးလျ အမျိုးသားတက္ကသိုလ်က သုတေသနပညာရှင် ရော်နယ်ဟုမ်းတို့က ကောက်ချက်ချခဲ့ကြပါတယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးလုပ်တာကို ကန့်ကွက်လို့မရတဲ့ ကုလသမဂ္ဂကတောင် ဖိလစ်ပိုင်ပြည်သူတွေ အကြီးအကျယ် သေဆုံးနေကြရတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဝေဖန်ပြောဆိုလာမှုကို ဒူတာတီရဲ့ တုံ့ပြန်မှုကတော့ ကမ္ဘာ့မှတ်တမ်းဝင်လို့တောင် ပြောရလောက်တဲ့ တုံ့ပြန်မှုဆိုတာကို နိုင်ငံတကာသတင်း သိမီသူတွေ သိပြီးဖြစ်မှာပါ။ လိုရင်းပြောရရင် ကျုပ်ကို ဒီကိစ္စမှာ ပြစ်တင်ဖိအားပေးလာရင်တော့ ကျုပ် ကုလသမဂ္ဂအဖွဲ့က နုတ်ထွက်ပစ်လိုက်မယ်ဗျာလို့ လူမိုက်ဆန်ဆန် တုံ့ပြန်ခဲ့တာပါပဲ။ ဒီ ဒူတာတီရဲ့ တရားမ၀င် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးဟာ အောင်မြင်နိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ကတော့ စဉ်းစားစရာတွေ အများကြီးရှိနေမှာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ တကယ့် မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်ခ်တုန်နာကတော့ အစီရင်ခံစာတွေအရ ဒူတာတီအစိုးရ အနေနဲ့ ဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိတဲ့ အာဏာပိုင်တွေဟာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာမှုရှိဖို့ အသေအချာ သတိရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလအစောပိုင်း အစိုးရ တာဝန်ရှိဝန်ထမ်းတချို့ကို နာမည်တပ် သတိပေးခဲ့တုန်းက အဲဒီသူတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး သူက သူ့ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တယ်လို့ သံသယရှိသူတွေကို “ပစ်သတ်ပစ်” ဖို့ ပြောထားတဲ့အမိန့်ကို ဆက်ပြီး ထားသွားဦးမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီး လူ့အခွင့်အရေး ဆိုတာကိုလည်း ဂရုစိုက်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ သူက ဥပဒေပြု အမတ်တွေကိုလည်း သူ့ရဲ့စီမံချက်ကို အနှောင့်အယှက်မပေးဖို့ နိုင်ငံရဲ့ တိုးတက်မှုအတွက် အားထုတ်မှုတွေကို သူတို့က ပိတ်ပင်တားဆီးလာမယ်ဆိုရင် သူတို့ အသတ်ခံရနိုင်တယ်လို့လည်း သတိပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မတ်ခ်တုန်နာကတော့ ၀ါရှင်တန်မှာလုပ်ခဲ့တဲ့ လုပ်ငန်းလမ်းညွှန်ချက် ချမှတ်မှုမှာ ဒူတာတီကို ပြောင်ကျကျ ပြောတတ်တဲ့ နိုင်ငံရေးသမားတယောက်လို့ ဖော်ပြပြောဆိုခဲ့ပြီး “ဖိလစ်ပိုင်အစိုးရကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိစေချင်တာက ကျနော်တို့ဟာ လူ့အခွင့်အရေးတွေနဲ့ တရားစီရင်မှုမဲ့ သတ်ဖြတ်တာတွေအပေါ် စိုးရိမ်မှုရှိနေတယ်ဆိုတာနဲ့ ကျနော်တို့ ၂ နိုင်ငံရဲ့ အပြန်အလှန် ဆက်ဆံရေးကို အားကောင်းလာအောင် လုပ်ဆောင်သွားမယ် ဆိုတာကိုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတီကတော့ တနင်္ဂနွေညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပင်းတွေဟာ သူ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို လုပ်လို့မရအောင် လုပ်နေတဲ့ ကုလသမဂ္ဂကနေ ထွက်ပစ်ရမှာဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပြောကြားခဲ့ပြီး ကမ္ဘာ့စုစည်းမှုသစ် တခုကို ဖွဲ့စည်းဖို့ တရုတ်နဲ့ တခြားနိုင်ငံတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ သူ့ရဲ့ အဲဒီအပြောကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ဖာဖက်ထိုယာဆေးကတော့ အကြီးအကျယ် စိတ်ပျက် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒါတွေထက် ပိုပြီးပြင်းထန်တဲ့ ကန့်ကွက်ပြစ်တင်မှုတွေ လုပ်ခဲ့တာကတော့ ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) ပဲ ဖြစ်ပါတယ်။ သူတို့ကတော့ သမ္မတ ရိုဒရီဂို ဒူတာတီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲမှာ သူတို့ရဲ့ ထောက်ခံအားပေးခဲ့မှုတွေကို ပြန်လည်ရုပ်သိမ်းပစ်ခဲ့ပြီး ဒီလုပ်ရပ်ဟာ “လူသားဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီဆန့်ကျင်ရေး” ဖြစ်လာနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ အပါအ၀င် လက်ဝဲ နိုင်ငံရေးအုပ်စုတွေကလည်း ဖိလစ်ပိုင်သမ္မတဟာ သူ့ ပုဂ္ဂိုလ်ရေးတည်ဆောက်မှု သက်သက်နဲ့ သူအရင်က မကိုင်စွဲခဲ့ဘူးတဲ့ ကြီးမားတဲ့ အာဏာအဆိပ် တက်သွားတာပဲ” လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ စီပီပီရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ အစိုးရဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ ပုလိပ်တပ်ဖွဲ့ လက်ကိုင်တုတ် ကာကွယ်ရေးတွေ၊ ပုလိပ်တပ်ဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ ရာဇ၀တ်ဂိုဏ်းကြီးတွေရဲ့ သတ်ဖြတ်မှုတွေမှာ သွေးရူးသွေးတမ်း ယစ်မူးနေတာ ဖြစ်တယ်လို့ အတိအလင်း ဖော်ပြထားခဲ့ပါတယ်။ ကျနော်တို့နိုင်ငံက ဘာမှနားမလည်တဲ့ သူတချို့ကလည်း ရမ်းသမ်းပြီး ဖိလစ်ပိုင်အတုယူဖို့ ရေးလာတာတွေကို ဆိုရှယ်မီဒီယာတွေမှာ တွေ့လာရပါတယ်။ အရမ်းရယ်စရာကောင်းသလို စိုးရိမ်စရာလည်း ကောင်းပါတယ်။ နိုင်ငံတနိုင်ငံကဖြစ်ဖြစ် အဲဒီနိုင်ငံရဲ့သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးကပဲဖြစ်ဖြစ် လူသားအဖြစ်ကို ထိပါးကျူးလွန်တဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှု (တရားစီရင်မှုမဲ့ အပြစ်ပေးတာ သတ်ဖြတ်တာ ညှဉ်းပန်းနှိပ်စက်တာ) တွေ လုပ်လာရင် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကန့်ကွက်တားဆီးဖို့ တာဝန်ရှိပါတယ်။ မရရင် အင်အားသုံးဖယ်ရှား အရေးယူ အပြစ်ပေးရပါမယ်။ ဒါဟာ လူပီသသူ လူသားတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကြီးမားတဲ့ ရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်ကောင်တွေကိုလည်း တရားစီရင်မှုမဲ့ မသတ်ဖြတ်ရပါဘူး။ တရားစီရင်ပြီးမှ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ အားလုံး ပစ်သတ်ပစ်လိုက်ကွာလို့ ပြောရင်လည်း ကျနော်တို့က ကန့်ကွက်ရမှာပဲ ဖြစ်ပါကြောင်း။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024