စတန့်ထွင် လေယာဉ်သရုပ်ပြ မောင်းနှင်စဉ် မြစ်ထဲပျက်ကျပြီး လူ ၂ ဦး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အမျိုးသား ၂ ဦးဟာ မြစ်ပြင်ပေါ်ဖြတ်ပြီး လေယာဉ်မောင်းနှင် သရုပ်ပြပျံသန်းမှု ပြုလုပ်ရာမှ မြစ်ထဲကို မတော်တဆ ပျက်ကျပြီး သေဆုံးခဲ့တယ်လို့ တက္ကဆက်စ်ပြည်နယ်၊ ရှရစ်ရှ်ဒေသတွင်း ရဲဌာနက ပြောပါတယ်။ လေယာဉ်ပေါ်မှာ အသက် ၂၆ နှစ်အရွယ် ပက်ထရစ် ဂျိုးဆက်ပ်ခ်ျ ဖော်လ်တာမဲန်းနဲ့ သူငယ်ချင်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဇက်ခ်ျ အက်စ်တာတို့ ပါဝင်ပြီး ပျက်ကျတဲ့နေရာမှာတင် သေဆုံးသွားခဲ့ကြတာပါ။ သူတို့ ၂ ဦးဟာ ထရီနီတီမြစ်ပြင်ပေါ် ဖြတ်ပြီး လေယာဉ်မောင်းနှင် သရုပ်ပြ ပျံသန်းချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေဟာ စတန့်ပြကွက်ကို ကြည့်ရှုနေကြတဲ့ မျက်မြင်သက်သေတွေထဲမှာ ရှိနေခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ ရှရစ်ရှ်ဒေသတွင်းရဲဌာနရဲ့ ထုတ်ပြန်ချက်အရ အခင်းဖြစ်ပွားတဲ့နေ့ ညနေပိုင်း ၆း၅၀ နာရီလောက်မှာ လေဘာတီခရိုင်တွင်း အဝေးပြေး-၁၀၅ တံတားရဲ့ တောင်ဘက် လေးပုံတပုံမိုင်လောက်အကွာမှာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။ မျက်မြင်တွေ့ရှိသူတွေက အဆိုပါလေယာဉ်ဟာ မြစ်ပြင်ပေါ် ခပ်နိမ့်နိမ့်ပျံသန်းနေခဲ့ရာက ရုတ်တရက် မြေပြင်ဆီ ထိုးစိုက်ကျလာပြီး မြစ်ထဲကို ပျက်ကျသွားခဲ့တာလို့ ပြောပါတယ်။ ရှရစ်ရှ်ဒေသတွင်း တာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့နေရာဆီ ရောက်ရှိခဲ့ချိန်မှာ လေယာဉ်ဟာ ရေပြင်အောက် အနက် ၈ ပေကနေ ၁၀ ပေကြားလောက်ထိ နစ်မြုပ်သွားခဲ့တာကို တွေ့ရှိခဲ့ကြတာပါ။ ဖော်လ်တာမဲန်းရဲ့ မိခင်ဖြစ်သူဟာ လေကြောင်းသရုပ်ပြ သင်တန်းဆရာမတဦးဖြစ်ပြီး ဖခင်ဖြစ်သူကတော့ Southwest Airlines မှ လေယာဉ်မောင်းတဦး ဖြစ်ပါတယ်။ အက်စ်တာကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူဝီစီယားနား တက္ကသိုလ်မှာ ပညာသင်ယူခဲ့တယ်လို့ ရေးထားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up