ကျောက်တံခါးမြို့နယ်၌ ဆင်တကောင် သေဆုံးနေသည်ကို တွေ့ရှိ
DVB
·
September 3, 2016
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အင်းပတ်လည်ကျေးရွာအုပ်စု အိုင်တုံးချောင်း အတွင်းမှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၀ နာရီလောက်က ဆင်တကောင် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ အိုင်တုံးချောင်းအတွင်း ဆင်တကောင်မျောပါလာကြောင်း သတင်းရလို့ ကျောက်တံခါးမြို့နယ်မှ ရဲတပ်ဖွဲဝင်တွေနဲ့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီဌာမှ တာဝန်ရှိသူတွေ၊ ဆင်ဆရာဝန်တွေနဲ့တကွ သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် - ၈၈ မှ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ အိုင်တုံးချောင်းအတွင်းမှာ အစွယ်မထွက်သေးတဲ့ ၅ နှစ်သားအရွယ် ဆင်ထီးတကောင် သေဆုံးနေပြီး ဆင်သေအားချောင်းစပ်ကို ဆယ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဆင်မှာ ရိုးရိုးရေနစ်သေဆုံးတာသာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ဆင်ကရေနစ်ပြီးသေတာပါ။ ဆင်ဆရာဝန်ကတော့ ငါနှစ်သားလောက်ရှိပြီလို့ ပြောတယ်။ မနေ့ကတော့နောက်ကျသွားလို့ ဒီနေ့မှပဲမြေမြုပ်မှာပါ" လို့ အင်းပတ်လည် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ “ဆင်ဆရာဝန်ကတော့သေတာ ၅ ရက်လောက်ရှိနေပြီ ဆင်ကအထီးပေါ့။ ရိုးရိုးရေနစ်ပြီးသေတာပါ။ ဘာဒဏ်ရာမှမရှိဘူး။ ဒီနေ့တော့ ဆင်သေကိုမြေမြှုပ်မယ်။ မနေ့ ကတော့ အချိန်မမှီတော့လို့ပါ။" လို့ ပြန်လည်ဖြေကြားပါသည်။
သေဆုံးသောဆင်မှာ ၅ နှစ်သားအရွယ် အထီးဖြစ်ပြီးအရပ် ၅ ပေ ၃ လက်မ၊ ကျောအလျှား ၅ ပေ ၂ လက်မ၊ လုံးပတ် ၆ ပေ ၅ လက်မ ရှိပါတယ်။
ကျောက်တံခါးမြို့နယ်မှာ ဇူလိုင်လကလည်း ဟန်အမျိုးအစား စွယ်စုံဆင်ထီးတကောင်မြားဒဏ်ရာနဲ့ ရေနစ် သေဆုံးခဲဖူးပါတယ်။မီးရှို့ဖျက်စီးခဲ့ရဖူးကြောင်းသိရသည်။
သတင်း ကျော်အောင် (ကညွတ်ကွင်း) ဓာတ်ပုံ ဖြိုးကိုလင်း ( ညောင်ဝိုင်း )