၂၁ ရာစု ပင်လုံညီလာခံမှသည် ပြည်ထောင်စုငြိမ်းချမ်းရေးပဋိညာဉ်တရပ် ပေါ်ထွန်းလာဖို့

သမိုင်းမတင်မှီခေတ်ကနေ မျက်မှောက်ခေတ်အထိအောင် လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ် တလျောက်လုံးကို လေ့လာလိုက်ရင် ကျနော်တို့လူသားတွေဟာ စီမံခန့်ခွဲမှုဆိုတဲ့ ပညာရပ်ကို သဘာဝဘေးအန္တရာယ်တွေနဲ့ သားရဲတရိစ္ဆာန်အန္တရာယ်တွေကိုရင်ဆိုင်ရာမှာ တဦးတည်း ရင်ဆိုင်ရမဲ့အစား လူသားအချင်းချင်း စုဖွဲ့ပေါင်းစည်းကာကွယ်မှုတွေ ပြုလာရ ကတည်းက အသုံးချခဲ့တဲ့ အထောက်အထားကို အထင်အရှားတွေ့နိုင်ပါတယ်။ ခရစ်တော်မပေါ်ခင် ဘီစီ နှစ် ၁၀,၀၀၀ ဝန်းကျင်သက်တမ်းရှိနေတဲ့ အာရှမိုင်းနားဒေသရဲ့ (ယခုအခေါ် တူရကီ) အနာတိုလီယာအရပ်က ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဝတ်ပြုကျောင်းတော် ဂိုဘက်ခလီ တက်ပီ (Göbekli Tepe) နဲ့ ဘီစီ ၂၅၇၀ ၀န်းကျင်မှာ ဖာရိုးဘုရင်တွေ တည်ဆောက်ခဲ့ တဲ့ ပိရမစ်တွေရယ်၊ ခရစ်တော်မပေါ်ခင် ဘီစီ ၂၀၈ ခုက တည်ဆောက်ခဲ့တဲ့ တရုတ်ပြည် မဟာတံတိုင်းကြီးအစရှိတဲ့ အံ့မခန်းဖွယ်ရာ ကမ္ဘာကျော်သမိုင်းဝင် အဆောက်အအုံကြီးတွေကို ကြည့်ရင် ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ဟာ ရှေးအတီအတေကာလ ကတည်းက အသွင်ပုံစံတမျိုးနဲ့ ထွန်းကားနေခဲ့တယ်ဆိုတာ အငြင်းပွားစရာ အကြောင်းမရှိပါဘူး။ အဲဒီလို ပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်ကို  လွန်ခဲ့တဲ့ နှစ်ထောင်သောင်းချီကထဲက အသုံးချခဲ့ကြပေမဲ့ ဒီဖက်ခေတ်ရဲ့ မော်ဒန် ပရောဂျက်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ကိုတော့ ၁၉၁၇ ခုနှစ်မှာ ဟင်နရီဂန့် (Henry Gantt) ဆိုသူရဲ့ ပရောဂျက်အချိန်ဇယားပြပုံ (Gantt Chart) ကိုတီထွင်ပြီးခဲ့တဲ့နောက် ၂၀ ရာစုအလယ်ပိုင်း  လောက်ကစပြီး ကြီးမားတဲ့လုပ်ငန်းရပ်တွေ ဆောင်ရွက်ရာမှာ ပိုမိုပြည့်စုံစနစ်ကျစွာ ကျယ်ကျယ်ပြန့်ပြန့် မသုံးမဖြစ် အသုံးချရတဲ့ ပညာရပ်တခု ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်ကို ကမ္ဘာတ၀ှမ်းက ကုမ္ပဏီလုပ်ငန်းမျိုးစုံ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေသာမက ကမ္ဘာ့နိုင်ငံတိုင်းက အုပ်ချုပ်သူအစိုးရတွေ၊ ကမ္ဘာနဲ့ ချီတဲ့အဖွဲ့အစည်းတွေမှာ မဖြစ်မနေအသုံးချနေကြပါပြီ။ မကြာခင်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေသာမက တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်လေ့လာ  နေကြတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ထာဝရငြိမ်းချမ်းရေးရဖို့အတွက် ရည်မှန်းပြီး  ကျင်းပဆွေးနွေးကြတော့မှာပါ။ ဒီဆောင်းပါးမှာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့  ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ပရောဂျက် စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်အမြင်နဲ့ သုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်။ ဆက်မရေးခင် အမြင်ပိုရှင်းရအောင် စကားပုလ္လင်ခံချင်တာရှိပါတယ်။ အဲ့ဒါကတော့ စာရေးသူဟာ အန်အယ်လ်ဒီနဲ့ တခြားမည်သည့်ပါတီရဲ့ ပါတီဝင်တယောက်မဟုတ်သလို ဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ ချိတ်ဆက် လုပ်ကိုင်နေမှုမရှိပါဘူး။ မြန်မာနိုင်ငံမှာ တရားမျှတမှုရှိပြီး အများလက်ခံတဲ့ အုပ်ချုပ်ပုံစနစ်တရပ် ပေါ်ထွန်းရေးကို လိုလားတဲ့ နိုင်ငံရေးကိုစိတ်ဝင်စားသူ မြန်မာနိုင်ငံသား တယောက်မျှသာဖြစ်တယ်ဆိုတာနဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ပတ်သက်လို့ အခုရေးပြမဲ့ ဆွေးနွေးချက်တွေဟာ စာရေးသူရဲ့ အတွေးအမြင် သက်သက်သာဖြစ်တယ်ဆိုတာ ပါဘဲ။ ပရောဂျက်တခုမှာ အလွန်အရေးကြီးပြီး အခရာကျတဲ့ အစိတ်အပိုင်း၂ ခုရှိပါတယ်။ အဲ့ဒါကတော့ ပရော့ဂျက် ပဋိညာဉ်စာတမ်း (Project Charter) နဲ့ ပရောဂျက်မန်နေဂျာ (Project Manager) တို့ပါဘဲ။ ပရောဂျက် ပဋိညာဉ်စာတမ်းဆိုတာ လုပ်သင့်လုပ်ထိုက်ပြီး အကျိုးရှိမယ့် စီမံကိန်းတရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြန်တဲ့ သဘောတူညီချက်စာတမ်းဖြစ်ပြီး  ပရောဂျက် မန်နေဂျာဆိုတာ အဲဒီစီမံကိန်းကို ရည်မှန်းချက် အတိုင်း ပြီးမြောက်အောင်မြင်အောင် ဦးဆောင်မောင်းနှင်ဖို့ ပရောဂျက်ပိုင်ရှင်နဲ့ပရောဂျက်စပွန်ဆာ (Project Ownwer/Sponsor) တွေက ရွေးချယ်ခန့်အပ်လိုက်တဲ့ လူပုဂ္ဂိုလ် တဦးပါဘဲ။ ဒီနေရာမှာ မေးစရာမေးခွန်းရှိလာပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးပရောဂျက်အတွက် ပရောဂျက် ပိုင်ရှင်က ဘယ်သူတွေဖြစ်ပြီး ပရောဂျက်မန်နေဂျာက ဘယ်သူဖြစ်သလဲ ဆိုတာပါဘဲ။  ကမ္ဘာ့ သက်တမ်းအရှည်ဆုံး  ပြည်တွင်းစစ်ကြီးကြောင့် ဖွံ့ဖြိုးမှုနောက်အကျဆုံးတိုင်းပြည်စာရင်းဝင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးပရောဂျက်ကြီးရဲ့ ပရောဂျက်ပိုင်ရှင်ကတော့ မြန်မာပြည်သူပြည်သားတွေဖြစ်ပြီး ပရောဂျက်စပွန်ဆာကတော့ အစိုးရသစ်အဖွဲ့ပဲ မဟုတ်လား။ အဲဒီငြိမ်းချမ်းရေးပရောဂျက်ကို ဦးဆောင်စီမံခန့်ခွဲမယ့် ပရောဂျက်မန်နေဂျာကတော့ အများသိတဲ့အတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။ တကယ်တော့ မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ကတည်းက ဒီငြိမ်းချမ်းရေး ပရောဂျက်အတွက် လက်သန်းမှာမှင်တို့ခံပြီး သူတို့ ယုံကြည်စိတ်ချတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပရောဂျက်မန်နေဂျာအဖြစ် ခန့်အပ်ခဲ့တာပါ။ ပရောဂျက်တခုမှာ အစပျိုးပြင်ဆင်ခြင်း (Initiating)၊ စီမံကိန်းရေးဆွဲခြင်း (Planning)၊ အကောင်အထည်ဖေါ်ခြင်း (Executing)၊ စောင့်ကြပ်ထိန်းကွပ်ခြင်း (Monitoring and Control) နဲ့  ပြီးဆုံးပိတ်သိမ်းခြင်း (Closing) ဆိုပြီး လုပ်ငန်းစဉ်အဆင့် ၅ ဆင့် (Five Process Groups) ရှိတဲ့အထဲမှာ ပရောဂျက် ပဋိညာဉ်စာတမ်း(Project Charter)ကို အစပျိုးပြင်ဆင်ခြင်း (Initiating) လုပ်ငန်းစဉ်အဆင့်မှာ ပရောဂျက်မန်နေဂျာက ဦးဆောင်လို့  ရေးဆွဲလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးပရောဂျက်အတွက် အဓိကကျတဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ (Main Stakeholders) တွေကို ဖိတ်ခေါ်လို့  ၂၁ ရာစု ပင်လုံညီလာခံကြီးကို ဩဂုတ်လ ၃၁ ရက်နေ့ကစလို့ ၅ ရက်တိုင်တိုင်ကျင်းပပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက် ပဋိညဉ်စာတမ်း (Project Charter)ကို တရားဝင် ရေးဆွဲထုတ်ပြန်နိုင်ဖို့ အင်တိုက်အားတိုက် ပြင်ဆင်လုပ်ဆောင်နေတာ မဟုတ်လား။ ပရောဂျက် သဘောတူညီချက် ပဋိညဉ်စာတမ်း (Project Charter) တခုမှာ ပါဝင်အပ်တဲ့ အချက်တွေကတော့ … (၁) ပရောဂျက် လိုအပ်ခြင်းအကြောင်းတရား ( Project purpose) (၂) ပရောဂျက် ရည်မှန်းချက် (Project Objectives) (၃) ပရောဂျက် လုပ်ငန်းဆောင်တာ ပမာဏအပိုင်းအခြား (Project Scope) (၄) ပရောဂျက် ယူရမည့် အန္တရာယ်စွန့်စားမှု (Project Risks) (၅) ပရောဂျက်တွင် သက်ဆိုင်ပါဝင်ပါတ်သက်နေသူများ (Project Stakeholders) (၆) ပရောဂျက် အချိန်ဇယား (Project Schedule) (၇) ပရောဂျက် အသုံးစရိတ် (Project Budget) (ဂ) ပရောဂျက် မန်နေဂျာခန့် အပ်ခြင်း၊ တာဝန်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်သတ်မှတ်ချက် (Assigned Project Manager, Responsibility and Authority Level) (၉) ပရောဂျက် အတည်ပြုခြင်းလိုအပ်ချက်- လက်မှတ် (Project Approval Requirements: sign off) စတာတွေပဲ ဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံကြီး အထမြောက်အောင်မြင်သွားခဲ့ရင် ပေါ်ထွန်းလာဖွယ်ရှိတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပရောဂျက်သဘောတူညီချက် ပဋိညာဉ်စာတမ်း (Project Charter) အတွက် အထက်ပါအချက်တွေထဲက နံပါတ် (၁) (၂) (၃) ကိုဘဲ ဒီဆောင်းပါးမှာ လက်လှမ်းမှီ သလောက် အချက်အချို့နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရအောင်ပါ။ နံပါတ် (၁) အချက် မြန်မာ့ငြိမ်းချမ်းရေး ပရောဂျက်လိုအပ်ရခြင်းအကြောင်းတရား ( Project purpose) ကတော့ နိုင်ငံကိုဆင်းရဲဒုက္ခတွင်းနက်ထဲကမထွက်စေတဲ့  ကမ္ဘာ့အရှည်ကြာဆုံး  ပြည်တွင်းစစ်မီးတောက်ကြီးကို ငြိမ်းသတ်ဖို့ဆိုတာ လူတိုင်းသိပါတယ်။ နံပါတ် (၂) အချက် ပရောဂျက် ရည်မှန်းချက် (Project Objectives) ကတော့ နိုင်ငံသားချင်း သတ်ဖြတ်နေရတဲ့ လူသတ်စစ်ပွဲတွေအပြီးတိုင် အဆုံးသတ်လို့ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုစနစ် ကိုတည်ဆောက်ဖို့ဘဲ မဟုတ်ပါလား။ နံပါတ် (၃) အချက် ပရောဂျက် လုပ်ငန်းဆောင်တာ ပမာဏအပိုင်းအခြား (Project Scope) ကတော့ အခုလာမဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ ဘယ်အတိုင်းအတာထိဆွေးနွေးကြမယ်ဆိုတာ စာရေးသူ တိတိကျကျမသိရပေမယ့် ငြိမ်းချမ်းရေးရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက လုံခြုံရေးရာအပိုင်းကို အဓိကထားဆွေးနွေးကြမယ်ထင်မိပါတယ်။ နောက်အရေးကြီး အစိတ်အပိုင်းတွေဖြစ်တဲ့ စီးပွားရေးရာ၊ အုပ်ချုပ်ရေးရာနဲ့ လူမှုရေးရာအပိုင်းတွေကိုတော့ ဘယ်လောက်ထိ ထဲထဲဝင်ဝင်ဆွေးနွေး ကြမယ်ဆိုတာတော့ မပြောနိုင်ပါသေးဘူး။ လုံခြုံရေးရာကဏ္ဍအောက်မှာ စစ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့များနေရာချထားမှု၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၊ အမြဲတမ်းတပ်၊ အရံတပ်၊ နယ်စပ်မျဉ်းလုံခြုံရေး၊ ပြည်နည်တိုင်းဒေသ နယ်မြေလုံခြုရေး၊ ရပ်ရွာကာကွယ်ရေး၊ တိုင်းတပါးရန် အစရှိတဲ့လုံခြုံရေးရာ ကိစ္စရပ်တွေ ပါဝင်တာမို့ တနိုင်ငံလုံး အပစ်ရပ်ဖို့အတွက် အဓိကထား အသေးစိတ်ဆွေးနွေး ကြရမှာဖြစ်ပါတယ်။ လုံခြုံရေးရာကိစ္စရပ်တွေကို   ဆွေးနွေးတဲ့အခါ ရုပ်ပိုင်းလုံခြုံမှုတင်မက စိတ်ပိုင်းလုံခြုံမှုပါရရှိနိုင်ဖို့ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်နိုင်တဲ့ အခင်းအကျင်းတွေ ဖန်တီးဖို့လိုပါတယ်။ စီးပွားရေးရာကိစ္စရပ်ထဲမှာတော့ ပြည်နယ်ပြည်မတောင်တန်းဒေသအားလုံးမှာ မျှမျှတတ ဖွံ့ဖြိုးရေး၊ အခွန်ဘဏ္ဍငွေကြေးထည့်ဝင်မှု၊ အသုံးစရိတ်ခွဲဝေ၊ သယံဇာတခွဲဝေမှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ တဦးချင်းဝင်ငွေ တိုးတက်လာရေး စတဲ့ကိစ္စတွေမှာ အာမခံချက်တွေ ရှိလာဖို့ ဆွေးနွေးကြရမှာပါ။ အုပ်ချုပ်ရေးရာအပိုင်းတွေမှာတော့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရအုပ်ချုပ်ရေးပုံစံနဲ့ အာဏာ ခွဲဝေမှု၊  ပြည်နယ်တိုင်းဒေသအုပ်ချုပ်ရေးအာဏာနဲ့ ကန့်သတ်မှု၊ ထူးခြားဇုန်စီမံခန့်ခွဲရေး၊ အထူးဒေသအုပ်ချုပ်ရေး ကန့်သတ်မှု၊ ပူးတွဲအုပ်ချုပ်ရေးခွင့်အာဏာသတ်မှတ်မှု စတာတွေကို ထည့်သွင်းဆွေးနွေးရမယ်လို့ ယူဆပါတယ်။ လူမှုရေးရာကိစ္စတွေထဲမှာတော့ လူမျိုးအားလုံးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုတွေပါဝင်ပါတယ်။ တိုင်းရင်းသားလူမျိုးတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား ယုံကြည်ကိုးကွယ်မှုတွေကို  ပြည်ထောင်စုအကျိုး မထိခိုက်စေဘဲ လူမျိုးအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တရားဝင်သင်ကြား  မြှင့်တင်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်ကို အာမခံနိုင်ဖို့ စဉ်းစားဆွေးနွေးသင့်ပါတယ်။ အားကြီးသူက အားနည်းသူကို လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျခဲ့တာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့တာမို့ ပြည်ထောင်စုသားအချင်းချင်းကြားမှာ ဖြစ်တည်နေတဲ့ မကျေလည်မှု၊ မယုံကြည်မှု၊ အမုန်းတရားတွေ၊ အာဃာတအငြိုးတွေကို ချေဖျက်နိုင်ဖို့ အပြန်အလှန်ခွင့်လွှတ်ကုစား ရမှာဖြစ်သလို အတိတ်တုံးက ဖြစ်ပျက်ခဲ့တဲ့ အရုပ်ဆိုးအကျည်းတန်သမိုင်းကြောင်းတွေကို ဖုံးကွယ် ရှောင်ပြေးနေလို့မရသလို အတုံ့အလှည့်နဲ့ လက်စားချေမယ်လို့လည်း မရည်ရွယ်သင့်ပါဘူး။ ဒါပေမဲ့ အတိတ်ကအမှားတွေ သမိုင်းညစ်တွေကို နှောင်းလူမျိုးဆက်တွေ ထပ်မံ မကျူးလွန်အောင် သင်ခန်းစာယူနိုင်ဖို့ ပြန်လည်ဖော်ထုတ် မှတ်တမ်းတင်ပြီး ကျောင်းသင်ခန်းစာ တွေမှာ သင်ကြားရမှာ ဖြစ်ပါတယ်။ နစ်နာခဲ့ရသူတွေကိုလည်း ဖေးမကုစားပေးပြီး ပြန်လည်ထူထောင်နိုင်ဖို့ ဝိုင်းဝန်းကူညီ လက်ကမ်းပေးကြရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာအဓိကပြောချင်တာက ၂၁ ရာစုပင်လုံညီလာခံကြီးပြီးစီးသွားတာနဲ့ ပြည်တွင်းစစ်ကြီး အဆုံးသပ်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးတခါထဲရမှာလို့ မျှော်လင့်ချက်အကြီးကြီး ထားတာထက် ဒီညီလာခံဟာ ညီညွတ်မှုတည်ဆောက်ပြီး လွတ်လပ်ရေးမကိုဋ်ပန်းကို အတူတူ ခူးဆွတ်ခဲ့ကြတဲ့ ပထမပင်လုံညီလာခံစိတ်ဓာတ်နဲ့ အစဉ်အလာကို သွေးကူးခံယူပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးကို အတူတူတည်ဆောက်အရယူမယ်ဆိုတဲ့ သဘောတူပဋိညာဉ် စာချုပ်တရပ် ပေါ်ထွန်းလာမယ်လို့ မျှော်လင့်တာက ပိုလက်တွေ့ကျပါကြောင်း စာဖတ်သူတွေကို အသိပေး လိုရင်းပါဘဲ။ အဲ့ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက် ပဋိညာဉ်စာတမ်းကို တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအသင်းအပင်းတွေ၊ လူပုဂ္ဂိုလ်တွေက လက်ခံပြီး လက်မှတ်ရေးထိုး ကတိပြုပြီး ထာဝရအဓွန့်ရှည်မဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ရာအတွက် အရေးအကြီးဆုံး  ပြောင်းလဲရမှာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ကိုက်ညီအောင် ပြင်ဆင်ဖို့နဲ့ တရားဥပဒေစိုးမိုးအောင် လုပ်ဆောင်ရေးဘဲဖြစ်ပါတယ်။ မှန်ကန်တဲ့ အပြောင်းအလဲဖော်ဆာင်လိုရင်တော့ ခြေထောက်နဲ့ဖိနပ်မတော်တာကို ခြေဖနှောင့်သာ  ဖြတ်ခိုင်းတဲ့ အာဏာရှင်အတွေးအခေါ်ဆိုးကို စွန့်လွှတ်ခဝါချလို့ ဖိနပ်အသစ် ပြောင်းတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ခြေထောက်နဲ့ တော်အောင် ဖိနပ်ကို ပြင်ယူရမှာပေါ့။ မင်းကောင်းချစ် သြဂုတ်လ ၃၀ ရက်နေ့ ၂၀၁၆ ခုနှစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up