ဦးဇခုန်တိန့်ယိန်း ကိုယ်စားလှယ်အဖြစ် ပျက်ပြယ်ဟု ကော်မရှင် ကြေညာ
ကျော်ဇေယျာဝင်း
·
August 31, 2016

ကချင်ပြည်နယ်အထူးဒေသ ၁ ခေါင်းဆောင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းဟာ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
ကော်မရှင်က "ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဩဂုတ် ၃၀ ရက်စွဲပါ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှု အမှတ်(၁၁/၂၀၁၆) ဆုံးဖြတ်ချက်မှာ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အတွက် ဦးဇခုန်တိန့်ယိန်းအား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဟာ ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးယောနာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅ (က) အရ ဆုံးဖြတ်ခဲ့တယ်"လို့ သတင်းထုတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလအတွင်း ဦးဇခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) အခြေစိုက်တဲ့ ပန်ဝါမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကလွဲပြီး တခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီဆိုင်းဘုတ် တင်တာတွေ မလုပ်ဖို့ ပိတ်ပင်တားမြစ်ခဲ့ဖူးပြီး စည်းရုံးရေးဆင်းတဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေကိုလည်း ကိုယ်ထိလက်ရောက်စော်ကားတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။