Homeမြန်မာသတင်း
အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
DVB
·
August 31, 2016

အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီးရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ တွေ့ဆုံဆွေးနွေးပြီး အနာဂတ်မှာ အိန္ဒိယနဲ့မြန်မာနိုင်ငံ ကြား ကာကွယ်ရေးလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေဖို့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံသဘောတူညီချက် ၄ ခုကိုလည်း လက်မှတ်ရေးထိုးသဘော တူညီခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသဘောတူညီချက်တွေထဲမှာ အန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံသွား လမ်းမကြီး တွေကို အဆင့်မြှင့်တင်ဖို့နဲ့ အဲဒီလမ်းပိုင်းတွေမှာရှိတဲ့ တံတား ၉၆ စီး တည်ဆောက်ရေးကိစ္စ ဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို သဘောတူညီမှုရခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောပါတယ်။
ခေါင်းဆောင် ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင် ရာ ဆက်စပ်မှုတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာဖို့ အခြေခံကျတဲ့အပြင် တခြားနိုင်ငံတွေနဲ့ မတူဘဲ ထူးခြားတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။
သမ္မတဦးထင်ကျော်ဟာ အိန္ဒိယခရီးစဉ်အတွင်း သမိုင်းဝင်နေရာတွေလည်ပတ်အပြီး သြဂုတ်လ ၃၀ ရက် နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။