ကလေးအလုပ်သမား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းများတွင် လုပ်ကိုင်နေရ
DVB
·
August 30, 2016

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးလုပ်သား ၁ သန်းကျော်ရှိပြီး ၆ သိန်းကျော် အန္တရာယ်ရှိလုပ်ငန်းခွင်မှာ လုပ်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အစီရင်ခံစာတခုကို သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
လုပ်သားအင်အား၊ ကလေးလုပ်သားနဲ့ ကျောင်းပညာရေး အပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အန်အယ်လ်အို) အကူအညီနဲ့ လုပ်ဆောင်ထုတ်ပြန်ခဲ့တာပါ။
ကလေးလုပ်သားတွေထဲက ရာခိုင်နှုန်းထက်ဝက်ကျော်ဟာ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း စတဲ့ ကလေးသူငယ်တွေအတွက် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲမှာ ၀င်ရောက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
ကလေးလုပ်သား အများစုဟာ တပတ်ကို ၆ ရက်၊ တပတ်ကို ၅၂ နာရီ ပျမ်းမျှအလုပ်လုပ်နေရပြီး ယောက်ျားလေးတွေက မိန်းကလေးတွေထက် အလုပ်ချိန်ပိုများတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ သန်းကျော်ရှိကြောင်း သန်းခေါင်းစာရင်း အချက်အလက်တွေမှာ ဖော်ပြထားပြီး အခု အစီရင်ခံစာကိုတော့ တိုင်းနဲ့ပြည်နယ်အလိုက် ၂၀၁၅ ခုနှစ်ထဲမှာ ၃ လကြာ ကောက်ခံရယူခဲ့တာ ဖြစ်ပါတယ်။