သောကြာနေ့တွင် ရခိုင်မြောက်ပိုင်း မုန်တိုင်းကပ်ဖြတ်နိုင်
ရွှေအောင်
·
October 18, 2011

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်တခုဟာ အခုလ ၂၁ ရက် (သောကြာ) နေ့လောက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနားကို ကပ်ပြီးဖြတ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
[caption id="attachment_16620" align="alignright" width="300" caption="ဦးထွန်းလွင်"]
[/caption]
ဒီနေ့မွန်းလွဲ ဆက်သွယ်မေးမြန်းချက်အရ မိုးလေဝသသတင်းထုတ်ပြန်တာကို မပြတ်နားစွင့်ထားကြဖို့လည်း ပြောပါတယ်။
“မုန်တိုင်းလောက်တော့ ဖြစ်နေပြီ။ ကျနော်တို့ ခန့်မှန်းချက်အရ အိန္ဒိယနားကပ်ပြီး ပြန်ကွေ့မယ်။ ကွေ့ပြီး ရခိုင်မြောက်နဲ့ ဘင်္ဂလားဒေ့ရှ် အနားကပ်လာမယ်လို့တော့ ခန့်မှန်းထားတယ်။ ၂၁ လောက်မှာဖြစ်မယ်။ ရခိုင်မြောက်နဲ့ ချင်းနဲ့လောက်ပဲ။ လောလောဆယ်တော့ အဲဒီလောက်ပဲ။ အင်အားကတော့ အခုတိုင်းတော့ အဆိုးကြီးမဟုတ်ဘူး။ နောက်ပိုင်းတက်လာမယ်ဆို နည်းနည်းသတိထားရမယ်။ အဲတော့ ထုတ်ပြန်တာကို အချိန်နဲ့ တပြေးညီ စောင့်နားထောင်ဖို့ လိုတာပေါ့။”
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးများနိုင်ပြီး တပြည်လုံး အတိုင်းအတာအနေနဲ့လည်း မိုးရွာသွန်းဦး မယ်လို့ဆိုပါတယ်။
ဦးထွန်းလွင်ရဲ့ အရင်ခန့်မှန်း ပြောကြားချက်တွေအရ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအနည်းဆုံး လေးကြိမ် ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အပေါ် လက်ရှိအနေအထားကို အခုလိုပြောပါတယ်။
“အခုလောလောဆယ် ဖြစ်နေတဲ့ မုန်တိုင်းရဲ့တောင်ဘက်မှာ နောက်မုန်တိုင်း တလုံးက နောက်နှစ်ရက်ဆိုဖြစ်မယ်။ အစကိုက နှစ်လုံးဖြစ်တယ်ဆိုတော့ နှစ်ကုန်ရင်တော့ မုန်တိုင်း လေးလုံးတော့ ပြည့်သွားမယ်။ ဘာလို့လည်းဆိုတော့ နိုဝင်ဘာတလလုံး ကျန်သေးတာကို။”
