DVB Logo
Home
မြန်မာသတင်း
ထိုင်းဇနီးသည်အား မြန်မာခင်ပွန်းနှင့် သူငယ်ချင်းတို့ ပူးပေါင်းလုပ်ကြံ
DVB
·
August 30, 2016
ထိုင်းဇနီးသည်အား မြန်မာခင်ပွန်းနှင့် သူငယ်ချင်းတို့ ပူးပေါင်းလုပ်ကြံ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်မှာ  ထိုင်းအမျိုးသမီးတဦးကို   ခင်ပွန်းဖြစ်သူ မြန်မာတဦးက သူငယ်ချင်းတဦးနဲ့ ပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

ဆုန်ခလာခရိုင် ကျနမြို့နယ် ပါချင်းရပ်ကွက်တွင်နေထိုင်သူ အသက် ၅၁ နှစ်ရှိ နန်းယင်းဒီ အွန်ဖရူမ်း ဆိုသူ ထိုင်းအမျိုးသမီးတဦးဟာ ခင်ပွန်းဖြစ်သူ အသက် ၁၉ နှစ်ရွယ် ထိုင်းမှတ်ပုံတင် အတု ကိုင်ဆောင်သူ  မြန်မာလူမျိုး နိုင်းဆုန်းဖွန်း မာဝလာ နဲ့  သူ့သူငယ်ချင်း အောင်ဒင် ဆိုသူ မြန်မာလူမျိုးတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ကျနမြို့နယ်ရဲတပ်ဖွဲ့မှာ သြဂုတ် ၂၆ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အခင်းမဖြစ်ပွားခင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က နန်းယင်းဒီ အွန်ဖရူမ်းမှာ ဘတ်ငွေ ၁ သန်းနဲ့အတူ  မြေကွက်ဖိုးသွားရှင်းဖို့ ခင်ပွန်းသည်၊ သူ့သူငယ်ချင်းနဲ့ပါ ကားစီင်္းရင်း လမ်းမှာ လုပ်ကြံခံခဲ့ရတာလို့ ဆုန်ခလာခရိုင်ရဲမှူး ချိုင်းဝပ်ထန နိတယ၀ိမွန်းက သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီနေ့က သူတို့ပိုင် ငွေရောင်ဟိုင်းလပ်ကားပေါ်မှာ နိုင်းဆုန်းဖွန်းက ကားမောင်းပြီး  နန်းယင်းဒီက ရှေ့ခန်းကနေ ထိုင်လိုက်လာကြောင်း၊ အောင်ဒင်က ကားနောက်ခန်းကနေစီးကြောင်း၊ နားထ၀ီးမြို့နယ် ပါချိန်ရပ်ကွက်နားအရောက် အောင်ဒင်က အနောက်ကနေ ကြိုးတချောင်းနဲ့ နန်းယင်းဒီးရဲ့ လည်ပင်းကိုချည်ပြီး လုပ်ကြံခဲ့ကြောင်း၊ အောင်ဒင်က ငွေတွေနဲ့အတူ ထွက်ပြေးသွားပြီး နိုင်းဆုန်းဖုန်းက ကားထဲမှာ ဇနီးဖြစ်သူသေဆုံးနေတာတွေ့တဲ့အကြောင်း ရဲကို ကိုယ်တိုင် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက လူသတ်သမားကို ရှာဖွေဖမ်းဆီးရာမှာ အောင်ဒင်ကို ကျနမြို့ ဆဖန်း မိုက်ကင်ရပ်ကွက်ရှိ အိမ်တလုံးမှာ သြဂုတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ လူ သတ်မှုမှာ နန်းယင်းဒီရဲ့ခင်ပွန်း နိုင်းဆုန်းဖွန်းပါ ကြံရာပါဖြစ်တာ သိရှိရတဲ့အတွက် နှစ်ဦးစလုံးကို သက်သေအထောက်အထားတွေဖြစ်တဲ့ တယ်လီဖုန်း ၂ လုံး၊ နိုင်လွန်ကြိုးတချောင်း၊ သွေးစွန်းနေတဲ့ မျက်နှာဖုံးတခု၊ တီရှပ်အင်္ကျီ၊ လက်အိတ်တစုံ၊ ဘတ်ငွေ ၈ သောင်းတို့နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ နီုင်းဆုန်းဖွန်းဆိုသူမှာ ထိုင်းမှတ်ပုံအတု ကိုင်ဆောင်သော မြန်မာအမျိုးသားဖြစ်ကြောင်း၊  သေဆုံးသူ နန်းယင်းဒီနဲ့ ၃ နှစ်ကျော် ပေါင်းသင်းနေထိုင်ခဲ့ပြီး နန်းယင်းဒီရဲ့ ပိုင်ဆိုင်မှုတွေ တဦးတည်းလိုချင်တဲ့အတွက် သူငယ်ချင်းနဲ့အတူ နန်းယင်းဒီကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြောင်း ဖွင့်ဟ၀န်ခံသွားပါတယ်။

သူတို့ ၂ ဦးဟာ လူသတ်ကြောင်း သက်သေအပြင် ဒီအန်အေစစ်ဆေးမှုလည်း တိုက်ဆိုင်တဲ့အတွက် လူသတ်မှု၊ ပစ္စည်းလုယက်မှု၊ လူသတ်မှုကို ဖုံးကွယ်ရန်ကြိုးစားမှုတွေနဲ့ အတူ တရားစွဲဆိုထားတယ်လို့ ရဲမှူးရဲ့အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013