Home
မေးမြန်းခန်း
အမျိုးသမီးတွေရဲ့ ပါဝင်မှုကတော့ အခုချိန်ထိ အဖြေမရသေးတဲ့ ပုစ္ဆာလိုပါပဲ - ဒေါ်တင်တင်ညို
နော်နိုရင်း
·
August 29, 2016
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ  အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အဓိက ခံစားနေရသူ တွေဖြစ်ပါတယ်။ ဒါပေမယ့်မကြာခင်ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  (၂၁ရာစု ပင်လုံ ညီလာခံ)နဲ့ ပတ်သက်လို့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုတွေမပါသလို ရှေ့ဆက်မယ့် ဆွေးနွေးပွဲတွေမှာလည်း အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍက မသေချာတောတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေဘာကြောင့်ပါဝင်သင့်သလဲဆိုတာနဲ့ ဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာစတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ အမျိုးသမီးအဖွဲ့တွေ ပါဝင်ခွင့်ရပါသလား။ အမျိုးသမီးတွေရဲU ပါဝင်မှု အခန်းကဏ္ဍက ဘယ်လိုအခြေအနေရှိပါသလဲ။ “သူတို့က အမျိုးသမီးအဖွဲ့တွေကို ဖိတ်ခေါ်တာမျိုးတော့မရှိပါဘူး။ အရင်တုန်းကတည်းက လည်း ၂၁ ပင်လုံညီလာခံလုပ်မယ်ဆိုပြီးတော့မှ စတင်ကြေညာကတည်းက ဒေါ်အောင်ဆန်းစုကြည်ပြောတာက ၂၁ ပင်လုံက နိုင်ငံရေးကိစ္စအဓိက ဆွေးနွေးမယ့်နေရာဖြစ် တော့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက  ပါဝင်လို့မရဘူးပေါ့နော်။ ပါလို့မရဘူးဆိုတဲ့ပုံစံမျိုးတော့ သူပြောခဲ့တယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ ကိုယ့်ဘာသာပဲ သီးသန့်ပေါ့လေ။ ယှဉ်ပြိုင်ပုံစံမျိုးနဲ့ CSO ဖိုရမ်ပုံစံမျိုးနဲ့ စီစဉ်ပေးမယ်ဆိုတဲ့ပုံစံ ပြောခဲ့တာတော့ရှိတယ်။ ဆိုတော့ သူတို့က အခု ၂၁ ပင်လုံမှာတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေးကိစ္စရပ်ပေါ့လေ။ အထူးသဖြင့် အဲဒါကိုပဲ ဆွေးနွေးသွားမယ်ဆိုပြီးတော့မှ တခါတည်း လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို ကန့်သတ်လိုက်တဲ့ပုံစံမျိုးတော့ ဖြစ်သွားတာပေါ့” ဒါပေမယ့် အခုနကပြောသလို လုံခြုံရေးကိစ္စအပိုင်းမှာ ဆွေးနွေးမယ်ဆိုရင် ပဋိပက္ခ စစ်ပွဲတွေမှာဆိုရင် အမျိုးသမီးနဲ့ကလေးတွေက အဓိကထိခိုက်ခံစားနေခဲ့တာပဲလေ။ ဆိုတော့ ဒီနေရာမှာ ပါဝင်ဆွေးနွေးခွင့်မရဘူးလား။ “အဲဒါက ကျမတို့အနေနဲ့ တောက်လျှောက် ဒီခေါင်းဆောင်တွေကို တိုက်တွန်းလှုံ့ဆော် ခဲ့တာတွေရှိပါတယ်။ ဆိုတော့ အကြောင်းအရာတိုင်းဟာ နိုင်ငံရေးကိစ္စရပ်တွေဖြစ်သလို အမျိုးသမီးတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်တယ်ပေါ့နော်။ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ အေးချမ်းစွာနေထိုင်ရေးအတွက် အများကြီးအကျိုးသက်ရောက်မှုရှိနိုင်မယ်။ သူတို့ရဲ့ကံကြမ္မာကို သေချာပုံဖော်မယ့် ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသမီးတွေကိုယ်စားပြုမှုတွေ ပါဝင်ဖို့လိုတယ်ဆိုတာ ကျမတို့ တောက်လျှောက်ပဲ တိုက်တွန်းလှုံ့ဆော်ခဲ့တယ်။ ဖိအားတွေပေးခဲ့တယ်။ ဒါပေမယ့်လည်း နောက်ဆုံးအဆင့်အထိ အခုလိုမျိုး လုံးဝ ပါဝင်ခွင့်မပေးတဲ့ပုံစံမျိုးတော့ ဖြစ်သွားတာပေါ့နော်။” “အဲဒီအပေါ်မှာလည်းပဲ ပြောရမယ်ဆိုရင်တော့ CSO ဖိုရမ်လိုမျိုးပဲပြောပြီး ကန့်သတ်လိုက်တဲ့အတွက်ကြောင့်မို့ ဒီ CSO တွေ၊ အမျိုးသမီးအဖွဲ့တွေကလည်း တက်တက်ကြွကြွနဲ့ဒီအပေါ်မှာ ဆန့်ကျင်တာပဲပြောပြော၊ တိုက်တွန်းလှုံ့ဆော်တောပဲပြောပြော ကိုယ့်ရဲ့ပါဝင်မှု အခန်းကဏ္ဍတွေကို  လုပ်ဆောင်မှု အပိုင်းမှာ သိပ်ပြီးပြတာတွေမရှိဘူးပေါ့နော်။ ဆိုတော့ကြည့်ရတာ ၂၁ ပင်လုံနဲ့ ပတ်သက်ပြီးတော့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အမျိုးသမီးအဖွဲ့အစည်းတချို့ သွေးများအေးနေသလား။ အဲလိုပုံစံမျိုးတော့ ကျမမြင်တယ်။” “ဒါပေမယ့် ဒီသြဂုတ်လထဲမှာပဲ ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ပေါ့နော်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျား/မ တန်းတူရေးအတွက် လှုံ့ဆော်နေတဲ့ မဟာမိတ်အဖွဲ့တခုရှိတယ်လေ။ သူတို့ကတော့ ၂၁ ပင်လုံရော၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးဆောင်နေတဲ့အဖွဲ့ပေါ့လေ။ ဥပမာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ သူတို့တွေ့ဆုံပြီးတော့ ကျား/မ တန်းတူပါဝင်ရေးကိစ္စကို လှုံ့ဆော်ခဲ့တာရှိတယ်။ အထူးသဖြင့်တော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေး ကိစ္စပေါ့နော်။ ဒါပေမယ့် ဒါကလည်း တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထားလည်း မဟုတ်ဘူး။ အဲလိုအနေအထားတော့ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလိုမျိုး CSO တွေရဲ့ အခန်းကဏ္ဍကို လုံးဝပြတ်ပြတ်သားသား ကန့်လိုက်တဲ့အခါကျတော့ ဒီအခြေအနေတွေပေါ်မှာ အမျိုးသမီးတွေအတွက်ကလည်း သူတိုရဲ့အသံတွေ၊ သူတို့ရဲ့ကိုယ်စားပြုမှု၊ ပါဝင်မှုတွေ လုပ်ဆောင်ရာမှာ အတော်လေးကို ခက်ခဲသွားတယ်လို့ ကျမ မြင်တယ်။” အခုညီလာခံမှာ အမျိုးသမီးပါဝင်နိုင်ခွင့် ကန့်သတ်ထားတယ်ပေါ့နော်။ ဒါပေမယ့် အခုညီလာခံမှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် ဘယ်လိုကိစ္စတွေကို ညီလာခံမှာ ထည့်သွင်းဆွေးနွေးစေချင်လဲ။ “ဆွေးနွေးမယ်ဆိုရင် ရေတိုရေရှည်စီမံကိန်းအနေနဲ့ ဆွေးနွေးရမယ့် အပိုင်းတွေတော့ရှိ တာပေါ့နော်။ ရေတိုအနေနဲ့ကတော့ လက်ရှိအနေအထားမှာ စစ်ပွဲတွေဆက်ဖြစ်နေသေး တယ်လေ။ အထူးသဖြင့် ကချင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေက ဆက်ဖြစ်နေတဲ့အခါကျတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ပြေးလွှားပုန်းအောင်းနေရတာတွေ၊ စစ်ပွဲတွေကြောင့်မို့လို့  မလုံခြုံတဲ့ဒဏ်တွေ ခံနေရတယ်။ သူတို့ကိုအရေးပေါ် ကာကွယ်ပေးရမယ့် အပိုင်းတွေရှိမယ်။ နေရာထိုင်ခင်းတွေ စီစဉ်ပေးရမယ့် အပိုင်းတွေရှိတယ်။ သူတို့ရဲ့စားဝတ်နေရေးအရရော၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအရပါ လုပ်ဆောင်ပေးရမယ့်အပိုင်းတွေ ရှိတာပေါ့နော်။ အဲဒီကိစ္စတွေကလည်းပဲ အရေးတကြီးဆွေးနွေးရမယ့် အနေအထားတခုလို့ ကျမမြင်တယ်။ ဒါလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာပေါ့လေ။” “နောက်တခုရေရှည်မှာ ပြောမယ်လို့ရှိရင်တော့ ပြေးလွှားပုန်းအောင်းနေကြရတဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေကို ဘယ်လိုလုပ်ဆောင်ပေးမလဲပေါ့။ နောက်ပြီး သူတို့အနေနဲ့ သူတို့နေရာမှာ ပြန်နေမယ်ဆိုရင် လုံခြုံမှုတကယ်ရှိတဲ့ အနေအထားမျိုးဖြစ်အောင် ဘာတွေပြင်ဆင်ထားပြီလဲ။ သူတို့က စစ်တပ်ရဲ့ဖိအားကြောင့်၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတယ်။ သူတို့ပြန်လာနေတဲ့ အချိန်မှာလည်း စစ်တပ်တွေ သူတို့နေရာမှာရှိနေဆဲပဲဆိုရင်တော့ သူတို့တွေ ဘယ်လိုမှ လုံခြုံတဲ့ခံစားချက်တွေ ရရှိမှာမဟုတ်ဘူး။ အဲလိုဟာမျိုးကိုလည်း သေချာပြင်ဆင်ထားဖို့ ဆွေးနွေးထားဖို့ လိုတယ်ပေါ့နော်။ နောက်တခုက ကျနော် ဒီလိုမျိုး စစ်ပွဲတွေဆက်မဖြစ်အောင် ဘယ်လောက်အတိုင်းအတာအထိ အခုလက်ရှိလုပ်နေတဲ့ဆွေးနွေးပွဲတွေက အာမခံပေးမလဲ။ အဲဒါတွေလည်း အများကြီးဆွေးနွေးရမှာပေါ့နော်။ ဒါလေးတွေက မဖြစ်မနေဆွေးနွေးရမယ့် အပိုင်းလို့မြင်တယ်။” “တပြိုင်နက်တည်းမှာပဲ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ စိတ်အနာတရတွေ ကုစားပေးတဲ့အပြင်ကို သူတို့အတွက် တရားမျှတမှုတွေကို ဘယ်လို လုပ်ဆောင်ပေးမလဲ။ ဒါလေးတွေကိုလည်း စဉ်းစားပေးရမယ်။ အဲလိုတရားမျှတမှုတွေကို ဖော်ဆောင်ပေးတယ် ဆိုတဲ့နေရာမှာ တရားမျှတမှုဖြစ်လာဖို့အတွက် အမျိုးသမီးတွေကိုယ်တိုင်က သက်တောင့်သက်သာ ယုံကြည်မှုရှိရှိနဲ့ ပါဝင်လာနိုင်တဲ့ပုံစံမျိုးဖြစ်အောင် ယန္တရားတွေကအစ စီစဉ်ပေးရမယ့် အပိုင်းတွေရှိတယ်။ အဲလို ယန္တရားတွေ စီစဉ်ပေးတယ်ဆိုတဲ့နေရာမှာ ရှေ့နေပဲဖြစ်ဖြစ်၊ တရားသူကြီးချုပ်ပဲဖြစ်ဖြစ်၊ ရဲတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာ အမျိုးသမီတွေ ကိုယ်တိုင်ဖြစ်နေဖို့လိုတယ်။ အဲဒီအမျိုးသမီးကိုယ်တိုင်ကလည်းပဲ အမျိုးသမီးအရေးကို တစုံတရာနားလည်ပြီးတော့ ကိုယ်ချင်းစာတရားရှိတဲ့ အမျိုးသမီးတွေပေါ့နော်။ ဒါမျိုးလေးတွေ ဖြစ်လာဖို့လည်းလိုတယ်။ အမျိုးသမီးတွေပါဝင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမယ့် အပိုင်းတွေက အဆင့်ဆင့်မှာရှိတယ်။ တကယ့်တကယ်မှာ လုံခြုံရေးကိစ္စ ဆွေးနွေးတဲ့အခါမှာ အမျိုးသမီးတွေကလည်း မပါတဲ့အခါကျတော့ အမျိုးသမီးတွေအတွက် ပြင်ဆင်မှုတွေအပိုင်းမှာ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေ ကိုယ်စားပြုမှုတွေရှိလာအောင် ဘယ်သူက အားကြိုးမာန်တက် တစိုက်မတ်မတ်၊ စိတ်အားကိုယ်အားရှိရှိနဲ့ လုပ်ဆောင်ပေးမလဲဆိုတာ ကျမတို့အတွက် အခုချိန်ထိ ဒီမေးခွန်းရှိနေပြီးတော့မှ အဖြေမရတဲ့ အနေအထားတခု ဖြစ်နေတာပေါ့နော်။ အခု ၂၁ ရာစုပင်လုံညီလာကိုဦးဆောင်မှာကလည်း အမျိုးသမီးပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသမီးပဲဆိုတော့ ဒီအရာတွေကို သူထည့်သွင်းမစဉ်းစားပေးနိုင်ဘူးလား။ “ကျမမြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကတော်တဲ့၊ ထက်မြက်တဲ့အမျိုးသမီးခေါင်း ဆောင်တယောက်ပါ။ သူ့အနေနဲ့ကလည်း လုပ်ဆောင်စရာတွေအများကြီး ရှိနေမယ်လို့မြင် တယ်။ ဆိုတော့ ကျမအနေနဲ့ အခုစဉ်းစားမိတာကတော့ သူက အမျိုးသမီးအရေးကို ဒီလောက်ထိ ဦးစားပေးဆိုတဲ့ စာရင်းထဲမှာ ထည့်ထားတဲ့အနေအထားလို့တော့ ကျမ မမြင်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့လည်းပဲ ဒီလိုမျိုးအကြောင်းအရာတွေကို လူထုအခြေပြုအဖွဲ့အစည်းထဲပဲ ဆွေးနွေး ဖို့ဆိုပြီး ကန့်သတ်လိုက်တာ ပဲလေ။ အကယ်၍ အမျိုးသမီးတွေရဲ့ပါဝင်မှုအသံတွေကို သူ့အနေနဲ့ တကယ်ပဲအရေးကြီးတယ်လို့မြင်တယ်ဆိုလို့ရှိရင်တော့ ၂၁ ပင်လုံမှာကအစ သူတို့တွေရဲ့ ပါဝင်မှု တွေကို သူက ဒီထက်ပိုမိုပြီးတော့မှ နည်းလမ်းပေါင်းစုံ သုံးပြီးတော့ စီစဉ်ဆောင်ရွက်လိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ အဲဒါကတော့ ကျမရဲ့အမြင်ပါ။ ” အခုဒီ ၂၁ ရာစုပင်လုံမှာ ပါဝင်လို့မရပေမယ့် လာမယ့်နောက်ဆက်တွဲဆွေးနွေးပွဲတွေမှာကော ပါဝင်ခွင့်ရလား၊ ဘယ်လိုအခြေအနေမျိုးရှိလဲ။ “အဲဒါကလည်း မသေချာတဲ့အနေအထားတခုပါ။ ဘာလို့လဲဆိုတော့ ဒီပင်လုံညီလာခံမျိုးကတော့ သူတို့က ၆ လတကြိမ်လောက် လုပ်ဆောင်သွားမယ်လို့ပြောတယ်။ ပြီးရင်တော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလေးတွေလည်းရှိသွားမယ်ပေါ့နော်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ပါဝင်မှု ကတော့အခုချိန်ထိက အဖြေမရသေးတဲ့ပုစ္ဆာလိုပါပဲ။ ဘယ်သူကမှ အာမခံချက်ပေးနေတာမျိုး တွေမရှိဘူး။ ကျမတို့ရဲ့တောင်းဆိုချက်တွေ၊ တိုက်တွန်းနိုးဆောက်ချက်တွေ၊ စည်းရုံးလှုံ့ဆော်ချက်တွေကိုတော့ နားထောင်ပေးတယ်ပေါ့နော်။ တချို့ခေါ်လို့ရတဲ့ပွဲတွေကို ခေါ်ပေးတယ်။ ဒါပေမယ့် ပွဲတိုင်းပါဝင်နိုင်အောင် စီစဉ်သွားပေးမယ်၊ လုပ်ဆောင်သွားပေးမယ်ဆိုတဲ့ ခေါင်းဆောင်ပိုင်းတွေက အများကြီးလိုနေသေးတာပေါ့နော်။” နောက် ကလေးသူငယ်တွေရဲ့အရေးတို့၊ မသန်စွမ်းသူတွေအရေးတို့မှာကော ဘယ်လိုအနေ ထားမှာရှိလဲ။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူတို့အတွက် ကိုယ်စားပြုမှု ဘယ်လို အနေအထားရှိလဲ။ “သူတို့လည်းပါမယ်လို့မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လည်း စီအက်စ်အိုဆိုတဲ့ လူထုအခြေပြုအဖွဲ့တွေရဲ့အောက်မှာပဲ ၀င်မှာကိုး။ ဆိုတော့ သူတို့ကလည်း ဒီ၂၁ ညီလာခံမှာ ပါမှာမဟုတ်ဘူး။ ၂၁ ကတော့ လုံးဝ နှစ်ဖက်ပေါ့နော်။ အဓိက နိုင်ငံရေးပါတီတွေပါမယ်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ အစိုးရတပ်မတော်ပေါ့နော်။ ဒီအပိုင်းတွေကပဲ အဓိက ဖြစ်သွားမယ်။ နောက်လွှတ်တော်ပေါ့လေ။  ဆိုတော့ ကျန်တဲ့တဖွဲ့ချင်းစီကနေပြီးတော့မှ ခေါ်သွားတဲ့ကိုယ်စားလှယ်တွေ ရှိကောင်းရှိနိုင်တယ်။ အဲဒီမှာတော့ အမျိုးသမီးတွေ နည်းနည်း ပါးပါးတော့ ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့်အခုနလို့ မသန်စွမ်းတို့၊ ကလေးသူငယ်အရေး လုပ်နေတဲ့သူတွေတော့ ပါမလားမပါလားတော့ ကျမအနေနဲ့ သေချာပြောလို့တော့မရပေမယ့် မပါဖို့တော့များပါတယ်။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024