DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲများ ယခင်လထက် နှစ်ဆတိုး
DVB
·
October 17, 2011
ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲများ ယခင်လထက် နှစ်ဆတိုး
1 / 2
Donate to DVB

ကချင်ပြည်နယ်မှာ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) နဲ့ အစိုးရအကြား နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုဟာ မပြေလည်ဘဲ တိုက်ပွဲတွေ များသထက် များလာနေပါတယ်။

ဒီလအတွင်း တိုက်ပွဲဖြစ်နှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါး တိုးလာတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

“တိုက်ပွဲကတော့ အခု ခပ်စိပ်စိပ် ဖြစ်လာတယ်။ ကျနော်တို့ရဲ့ စာရင်းဇယားအရ စက်တင်ဘာလ တလလုံးမှာ တိုက်ပွဲပေါင်းက စုစုပေါင်း ၈၆ ကြိမ်လောက် ဖြစ်တယ်။ ဒါပေမယ့် အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၆ ရက်နေ့ထိ တိုက်ပွဲက ၈၄ ကြိမ်လောက် ဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ တိုက်ပွဲအကြိမ်ပေါင်း များများလာတယ်။”

ဝိုင်းမော်မြို့ကအထွက်မှာ အစိုးရဘက်က စိုးမိုးကုန်းတခုကို တိုက်ခိုက်တာ ၄ ရက်ခန့် ကြာမြင့်ပြီဖြစ်ပြီး တိုက်ပွဲပြင်းထန်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။

“စစ်ရေးအရ အချက်အချာကျတဲ့နေရာလေးပါ။ အဲဒီမှာ ရှုခင်းသာရဲ့ တဖက်မှာ တပ်ရင်း ၃ ကနေပြီးတော့ နေရာယူထားတာ ရှိတယ်။ အဲဒီနေရာကတော့ ၀ိုင်းမော်နဲ့ လိုင်ဇာလမ်းကြောင်းမှာရှိတဲ့ ကားလမ်းကို အဲဒီတောင်ကုန်းကနေ စိုးမိုးထားတာဆိုတော့ အစိုးရတပ်တွေက သူတို့အတွက် နောက်ကြောင်းမလုံဘူးပေါ့။ အဲဒါကြောင့် သူတို့အဲဒီနေရာကို တိုက်နေတာ။”

အစိုးရနဲ့ ကေအိုင်အိုအကြား အဆက်အသွယ် ပြတ်တောက်နေပေမယ့် ဆွေးနွေးမှုတွေကိုတော့ ဖိတ်ခေါ်ကြိုဆိုပါတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအခြေအနေကိုလည်း ဦးလနန်းက “ဒုက္ခသည်တွေကတော့ တော်တော်များများက ဒီလိုပဲ။ သူတို့က ရွာပြန်လို့လည်းမရတော့ဘူး။ ရွာထဲမှာကလည်း အားလုံးက စစ်သားတွေက စစ်ကြောင်းတွေက စီးပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ယူတာမျိုး ဒါက အမြဲတမ်းလုပ်နေကြပါ။ ဒီနေ့မနက် နမ့်ဆမ်ယမ် ကျေးရွာမှာ ရှိတဲ့အိမ်တချို့ကို မီးရှို့ခံရတာမျိုးရှိတယ်။ ဒါပေမယ့် အဲဒီမှာ ရွာသူရွာသားတွေ ဘယ်သူမှ မရှိကြတော့ဘူး” လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုဟာ အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံ ငြင်းဆန်ပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်ပြီး စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲများ ယခင်လထက် နှစ်ဆတိုး