လမ်းပေါ်ထွက်ရမည့် အချိန်မဟုတ်ဟု ဇာဂနာ ပြောကြား
နေသွင်
·
October 17, 2011

အာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုလိုမျိုး မြန်မာပြည်မှာ မလိုအပ်သေးဘူးလို့ မကြာခင်က ထောင်ကနေ လွတ်မြောက်လာတဲ့ ထင်ရှားတဲ့ လူရွှင်တော် ကိုဇာဂနာက ပြောပါတယ်။
မြစ်ကြီးနားထောင်ထဲမှာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ဖတ်ခွင့်ရခဲ့ပြီး အာရပ်နွေဦးလို့ လူသိများတဲ့ လူထုလှုပ်ရှားမှုတွေအကြောင်း သိခွင့်ရခဲ့တယ်လို့ ကိုဇာဂနာက ပြောပါတယ်။
“အာရပ်နွေဦးကတော့ ပြောင်းလဲသွားတယ်လို့ ပြောနေကြတာပေါ့။ သို့သော် ကဒါဖီလည်း မမိသေးဘူး။ ဘယ်နားရောက်နေလဲ မသိဘူးပေါ့။ ဒါတွေကတော့ ကျနော်တို့ ဖတ်နေရတာပဲလေ။ ကမ္ဘာပေါ်မှာ အကြီးအကျယ်ပြောင်းလဲနေတာတော့ တွေ့တာပေါ့။ မြန်မာပြည်မှာတော့ အကြီးအကျယ် ပြောင်းလဲတယ်လို့ ပြောလို့မရသေးတဲ့ မပြီးသေးတဲ့ မြစ်ဆုံကြီးကတော့ ရပ်သွားသည်ဟု ဆိုသည်ပေါ့။ အဲဒါလောက်တော့ တွေ့ပါတယ်။”
မြန်မာပြည်မှာ အာရပ်နွေဦးလို လှုပ်ရှားမှုမျိုး မလိုအပ်သေးဘူးလို့လည်း ကိုဇာဂနာက ပြောပါတယ်။
“အဲဒါတော့ မယူဆဘူး။ ဒီအချိန်ကို ပြောတာနော်။ နောက်လာမယ့် ၂ နှစ်ကိုလည်း ကြိုမမြင်နိုင်တော့ မသိသေးပါ။ သို့သော် ဒီအချိန်နဲ့ပြောမယ်ဆိုရင်တော့ ခုအချိန်မှာ မလိုသေးဘူးလို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ အခုချိန်မှာ လမ်းပေါ်မှာထွက်ပြီး ဆန္ဒပြနေရမယ့် အချိန်မဟုတ်ဘူးလို့ကို ကျနော်ယူဆပါတယ်။”
ကိုဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်မှု အပါအ၀င် အခြားပုဒ်မတွေနဲ့ အစိုးရက ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
အနုပညာနဲ့ နိုင်ငံရေးကိစ္စတွေကို ဆက်လုပ်သွားမယ်လို့ဆိုတဲ့ ကိုဇာဂနာက နိုင်ငံရေးကိစ္စနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အာရပ်နွေဦးပုံစံ လူထုလှုပ်ရှားမှုတွေဟာ မြန်မာပြည်အတွက် အဖြေ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်က ပြောကြားခဲ့ပါတယ်။
