ကံမတွင် ရေနံပိုက်လိုင်း ၄ နေရာ ပေါက်
DVB
·
August 28, 2016
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကံမမြို့နယ်အတွင်းမှာ ကျောက်ခွက်-လက်ပံတို- အရာတော် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၄ နေရာ ပေါက်ခဲ့ပြီး ပေါက်ထွက်တဲ့ ရေနံပမာဏ များတယ်လို့ အဲ့ဒီနေရာကိုရောက်ခဲ့တဲ့ ပခုက္ကူရေအလှူတော်အသင်းက ဦးမျိုးဇော်ထွေးက ပြောပါတယ်။
“ကံမ အမှတ် ၂ ရပ်ကွက်၊ အိမ် ၂အိ မ်မှာ ပေါက်ထွက်နေတာ၊ ပေါက်တဲ့အခါမှာ လျှံထွက်နေတာတွေက တော်တော်များပါတယ်။ မနက် ၈ နာရီလောက်မှာ ပေါက်တာလို့ သိရတယ်၊ နောက် ကံမရဲ့ တောင်ဘက်မှာကျလည်း ၂ နေရာ၊ ကျတ်ထိုးရွာအနီးနားမှာ ၂ နေရာ ပေါက်ပါတယ်။ အဲ့ဒါလည်း တော်တော်များပါတယ်၊ အခုတော့ သူတို့ ဖာတာတော့ ပြီးသွားပါပြီ”
ငလျင်လှုပ်ပြီးကတည်းက ရေနံပိုက်လိုင်းကို မမောင်းဘဲ ဒီနေ့ စမ်းမောင်းကြည့်ရာကနေ အခုလို ပိုက်လိုင်းပေါက်ခဲ့တာလို့လည်း ပြောပါတယ်။
မိုင် ၄၀ လောက်ရှည်တဲ့ ကျောက်ခွက်-လက်ပံတို-အရာတော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ ကံမမှာ လူနေအိမ်တွေအတွင်း ဖြတ်သန်း ဖောက်လုပ်ထားတာဖြစ်ပါတယ်။
ကျောက်ခွက်-လက်ပံတို ရေနံမြေကနေ ကျွန်းချောင်း-အရာတော်ဘက်ကို ပို့တဲ့ ဒီ ပိုက်လိုင်းကို အရင်က အစိုးရပိုင်တာဖြစ်ပြီး ဒီနှစ်ထဲမှာ ကုမ္ပဏီတခုကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
ပိုက်လိုင်းပေါက်တဲ့နေရာကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေအပြင် ကုန်မဏီတာဝန်ရှိသူတွေလည်း ရောက်လာပြီး ကုမ္ပဏီက အစစ တာဝန်ယူ လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့ကြောင်းလည်း သိရပါတယ်။
ကံမမှာ မနှစ်ကလည်း အလားတူ ပိုက်လိုင်းပေါက်ခဲ့ဖူးပြီး ဒီတကြိမ်ဟာ ကျောက်ခွက်-လက်ပံတို- အရာတော် ပိုက်လိုင်းတလျှောက် ၃ ကြိမ်မြောက် ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - မြင့်နိုင်