Home
မြန်မာသတင်း
ရေစီးနှင့်မျောပါသွားသည့် ဆရာမလေးအလောင်း ပြန်တွေ့
DVB
·
August 28, 2016
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ သြဂုတ် ၂၇ ရက်နေ့က တောင်ကျချောင်း ဖြတ်ကူးစဉ် ရေစီးနဲ့အတူ မျောပါပျောက်ဆုံးသွားခဲ့တဲ့ ကျောင်းဆရာမ အလောင်းကို ဒီနေ့ မနက်ပိုင်းက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပိတ်ဆွယ်ခုံ အခြေခံပညာမူလတန်းကျောင်းမှာ မူလတန်းပြ (နေ့စား/လပေး) တာဝန်ထမ်းဆောင်နေသူ ဆရာမ ဒေါ်လင်းစန္ဒာဟာ သြဂုတ် ၂၇ ရက်က  တာဝန်ကျတဲ့ စာသင်ကျောင်းသို့ အသွား အကျယ် ပေ ၅၀ လောက်ရှိတဲ့ ငမင်တောင်ကျချောင်းကို ဖြတ်ကူးစဉ် ရေစီးနဲ့ မျောပါသွားခဲ့တာပါ။ မျောပါသွားခဲ့တဲ့ အချိန်ကစလို့  ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ တာဝန်ရှိဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေက ငမင်ချောင်းရိုးတစ်လျှောက်စဉ်ဆက်မပြတ် လိုက်လံရှာဖွေခဲ့ကြရာက  ဒီနေ့မနက်မှာ  ငမင်ရွာအရှေ့ဘက် ၁ မိုင်လောက် အခင်းဖြစ်ပွား မျောပါခဲ့တဲ့ နေရာအနောက်ဘက် ၆ ဖာလုံလောက်အကွာ ငမင်ချောင်းမကြီးနဲ့ ပိတ်ဆွယ်ခုံချောင်းတို့ဆုံတဲ့ နေရာအနီး ချောင်းဘေး သဲခုံပေါ်မှာ မှောက်လျှက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တောင်ကျချောင်းထဲ မျောပါသေဆုံးခဲ့တဲ့ ဆရာမဒေါ်လင်းစန္ဒာ မိသားစုကို တောင်တွင်းကြီးမြို့နယ်ဌာနဆိုင်ရာတွေ၊ ပညာရေးဌာနမိသားစုတွေက စာနာထောက်ထားမှု ကူညီထောက်ပံ့တာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးတို့က လိုအပ်တဲ့ ကူညီမှု၊ ပေါင်းစပ်ညှိနှိုင်းပေးမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဒေါ်လင်းစန္ဒာ သေဆုံးတာနဲ့ပတ်သက်လို့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် / မဟုတ် သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၉ /၂၀၁၆) နဲ့ အမှုတွဲဖွင့်ပြီး စခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ထွန်းက စုံစမ်းစစ်ဆေးနေပါတယ်။ ဗိုလ်ပြည့် ( တောင်တွင်းကြီး )  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024