အိပ်ခ်ျအာဒီပီက အာဏာပိုင်များအပေါ် ပြန်တရားစွဲမည်
DVB
·
October 17, 2011

ဧရာဝတီတိုင်း ဟင်္သာတမြို့က လွန်ခဲ့တဲ့ ၄ နှစ်ကျော်က အရိုက်လည်းခံရ တရားစွဲခံရပြီး ထောင်လည်းကျခဲ့ရတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကွန်ရက် (အိပ်ခ်ျအာဒီပီ) အဖွဲ့ဝင် ကိုမြင့်နိုင် ပြန်လွတ်လာပြီးနောက် သူ့ကိုရိုက်နှက်သူတွေကို တရားစွဲဆိုမယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က အစိုးရလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကလေးမြို့ အကျဉ်းထောင်က လွတ်မြောက်လာသူ ကိုမြင့်နိုင်က သူ့ကိုရိုက်နှက်ခဲ့တဲ့ အာဏာပိုင်တွေကို ပြန်လည်တရားစွဲမယ်လို့ ပြောပါတယ်။
“ကျနော်က အရိုက်လည်းခံရတယ်၊ ထောင်လည်းကျတယ်ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သတ်မှတ်ပါတယ်။ ကျနော် ပြန်ရောက်တာနဲ့ တပြိုင်နက် ကျနော့်ကို ရိုက်ထားတဲ့လူတွေကို အမှုမှန်ပေါ်ပေါက်ဖို့ ကျနော် ပထမဆုံး တရားစွဲမှာပါ။ ထောင်ထဲမှာတုန်းကလည်း တရားစွဲဖို့အကြောင်းကို ပြည်ထဲရေးကို တင်ထားတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း လွတ်တဲ့အခါမှ ဒါကို ဆက်လက် ဆောင်ရွက်ဖို့ ကျနော့်ကို စာပြန်ရောက်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုလို့ရှိရင် ကျနော့်ကို ရိုက်တဲ့သူကို အရေးယူဆောင်ရွက်ပေးနိုင်ဖို့ အခြေခံဥပဒေနဲ့အညီ ပထမဆုံး တရားစွဲမှာပါ။”
ကိုမြင့်နိုင်နဲ့ ရန်ကုန်က ကိုမောင်မောင်လေးတို့ဟာ ရွာသားတွေ လူ့အခွင့်အရေး နားလည်အောင် ပညာပေးဟောပြောအပြီး ၂၀၀၇ ခုနှစ် ဧပြီ ၁၈ ရက်မှာ ဟင်္သာတမြို့ အုတ်ပုံရွာကအပြန်မှာ အရိုက်ခံရပါတယ်။
ကိုမြင့်နိုင်ဟာ အရိုက်ခံရလို့ ခေါင်းလည်းကွဲရသလို ရိုက်သူတွေက တရားစွဲလို့ ထောင်ချခံရသူဖြစ်ပါတယ်။
ကိုမြင့်နိုင် ထောင်မကျခင် တရားရုံးမှာ စစ်ဆေးစဉ်က ဒီရိုက်နှက်မှုမှာ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူး ဦးညွန့်ဦးက ညာသံပေး ခိုင်းစေသလို အနီးမှာရှိတဲ့ ရဲတွေထံက အကူညီတောင်းကာမှ ဒု-ရဲအုပ်သန်းထိုက် ကိုယ်တိုင်က လေးခွနဲ့ ပစ်တာခံခဲ့ရတယ်လို့ ကိုမြင့်နိုင်က ထွက်ဆိုခဲ့ပါတယ်။
ကိုမြင့်နိုင် ထောင်ထဲမ၀င်ခင်မှာ ဟင်္သာတ ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးညွန့်ဦး၊ ကညင်ဂူကျေးရွာ အမှုဆောင် ဦးဌေးဝင်း၊ တလုပ်ထော်ကျေးရွာစခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်း၊ ဒု-ရဲအုပ်သန်းထိုက်၊ အုတ်ပုံ ‘ရယက’ဥက္ကဋ္ဌသစ်၊ ‘ရယက’ဥက္ကဋ္ဌဟောင်း ဦးသန်းအောင်၊ အုတ်ပုံကျေးရွာ ဆယ်အိမ်မှူး ကိုစိုးဝင်း၊ ကိုဝင်းလှိုင်နဲ့ ကိုစံပု၊ အုတ်ပုံရွာသား ၃ ဦးတို့ကို လူ ၁၂ ဦးကို ရိုက်မှု၊ လုယက်မှု၊ ပြင်းထန်စွာနာကျင်စေမှု စတဲ့အမှု ၅ မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒါပေမယ့် ဟင်္သာတတရားရုံးက ပြည်ခိုင်ဖြိုးတာဝန်ရှိသူတွေနဲ့ ရဲတွေအပေါ် တရားစွဲခွင့်မပေးဘဲ ရွာသူကြီးတွေအပေါ်ကိုပဲ သာမန်နာကျင်စေမှုနဲ့ စွဲဆိုခွင့်ပေးခဲ့ပါတယ်။
ဒီလအတွင်း ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်က တရားရုံးက အမှုတွေကို မကိုင်တွယ်ဘူးလို့ ပြောထားတာကြောင့် ဒီအမှုကို လူသိအောင် လုပ်မယ်လို့ ကိုမြင့်နိုင်က ပြောပါတယ်။
“လူ့အခွင့်အရေး ကော်မရှင်ကနေ တရားရုံးက ဆုံးဖြတ်ပြီး အမှုတွဲကို သူက ဆက်လက်ဆောင်ရွက်ဖို့ သူတို့မှာ အခုလောလောဆယ်မှာ အခြေအနေ မရှိသေးဘူးလို့ ပြောထားတာကိုး။ အဲဒီတော့ ကျနော်က တရားရုံးမှာ မမှန်မကန် လုပ်ပြီး ထောင်ထဲထည့်တဲ့အတွက် အဲဒါကို အမြန်ဆုံး အကောင်အထည်ဖော်မယ်။ ပြည်သူလူထုသိအောင် အရင်လုပ်မယ်။”
- ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေး အရိုက်ခံရစဉ်က