DVB Logo
Home
ဆောင်းပါး
လူ့အခွင့်အရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း (၁၂)
DVB
·
October 17, 2011
လူ့အခွင့်အရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း (၁၂)
Donate to DVB

၂၀၁၁ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့တဲ့ အမျိုးသမီးသုံးယောက်ကို ချီးမြှင့်လိုက်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံရဲ့ လက်ရှိသမ္မတ အယ်လင် ရှာလိဖ် (Ellen Johnson Sirleaf)၊ လိုင်ဗေးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်အောင် ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေါင်းဆောင် လေမားဂဗိုးဝီး(Leymah Gbowee)၊ ယီမင်နိုင်ငံက လူ့အခွင့်အရေးတိုက်ပွဲဝင် သတင်းစာဆရာမ တ၀ါကူ ကာမင်း (Tawakkul Karman) တို့ကို ချီးမြှင့်လိုက်တာပါ။

အမျိုးသမီးများရဲ့ ဘ၀လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှုများကြောင့် ဒီအမျိုးသမီးသုံးယောက်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တာ ဖြစ်တယ်လို့  ဆုရွေးချယ်တဲ့အဖွဲ့ က ဆိုပါတယ်။ ဒီအမျိုးသမီး သုံးယောက်ထဲက ယီမင်နိုင်ငံသူ သတင်းစာဆရာမ တ၀ါကူ ကာမင်းရဲ့ ဘ၀နဲ့ လုပ်ဆောင်ချက်တွေကို တင်ပြပါမယ်။

သတင်းစာဆရာမ တ၀ါကူ ကာမင်းဟာ ယီမင်နိုင်ငံရဲ့ တခုတည်းသော အတိုက်အခံပါတီ အယ်လ်အစ်စ်လာပါတီမှာ ထိပ်တန်းက ပါဝင်တဲ့သူဖြစ်ပြီး ယီမင်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်နေတဲ့သူ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ယီမင် လူထုလှုပ်ရှားမှုကြီးအတွင်းမှာလည်း ရှေ့တန်းက ပါဝင်နေတဲ့သူဖြစ်ပါတယ်။ သူ့ကို ယီမင်နိုင်ငံသားတွေက ‘သံမဏိအမျိုးသမီး’လို့လည်း ခေါ်သလို ‘တော်လှန်ရေး မိခင်ကြီး’လို့လည်း လေးလေးစားစား ခေါ်ဝေါ်ကြပါတယ်။

တကယ်တော့ တ၀ါကူ ကာမင်းဟာ အသက်မကြီးလှသေးပါဘူး။  ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ မွေးဖွားသူဖြစ်တဲ့အတွက် အခု ၂၀၁၁ နိုဘယ်ဆု လက်ခံရရှိတဲ့ အချိန်မှာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ နိုဘယ်ဆု လက်ခံရရှိတဲ့ ပထမဆုံး အာရပ်အမျိုးသမီးလည်းဖြစ်ပြီး ပထမဆုံးယီမင်နိုင်ငံသားလည်း ဖြစ်ပါတယ်။ ကလေးသုံးယောက်မိခင် အိမ်ထောင်သည် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ ဥပဒေပညာရှင်ဖြစ်ပြီး အစိုးရအဖွဲ့အတွင်းမှာ ဥပဒေရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရ၀န်ကြီးအဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ သူဟာ ယီမင်နိုင်ငံရဲ့ နာမည်ကျော် ကဗျာဆရာမ တာရစ်ကာမင်းနဲ့ ညီအစ်မ တော်စပ်သူလည်း ဖြစ်ပါတယ်။

ကာမင်းဟာ အတိုက်အခံနိုင်ငံရေးပါတီမှာ ပါဝင်ပြီး အစိုးရအပေါ်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် သူ့ကို တကယ်လူသိများအောင် လုပ်ပေးတဲ့ လှုပ်ရှားမှုကတော့ သတင်းစာလွတ်လပ်ခွင့် လှုပ်ရှားမှု ဆန္ဒပြပွဲများ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေကို လုပ်နိုင်ဖို့ အတွက် ကာမင်းဟာ တခြားသတင်းစာဆရာမ ၇ ဦးနဲ့  ပူးပေါင်းပြီး ‘နှောင်ကြိုးမဲ့ အမျိုးသမီးသတင်းစာဆရာ အသင်း’ကို ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ သူတို့အသင်းဟာ ရေဒီယိုအသံလွှင့်ဌာနတခု တည်ထောင်ခွင့်နဲ့  သတင်းစာထုတ်ဝေခွင့်ကိုရော အစိုးရထံမှာ လျှောက်ထားပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။

ဒါကြောင့် သူတို့အသင်းဟာ ၂၀၀၇ ခုနှစ်မှာ မိုဘိုင်းဖုန်းကနေ သတင်းဖြန့်ချိ ပေးပို့တဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပြီး သတင်းစာလွတ်လပ်ခွင့်အတွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မေလကစပြီး သတင်းစာလွတ်လပ်ခွင့် ဆန္ဒပြပွဲတွေကို ယီမင်နိုင်ငံမြို့တော် ဆာနာရဲ့ ‘ပြောင်းလဲမှုရင်ပြင်’မှာ အပတ်စဉ် လုပ်ခဲ့ပါတယ်။ ဒီကစပြီး ကာမင်းကို ယီမင်နိုင်ငံသားတွေက အာရုံစိုက်ခဲ့တာပါ။

ကာမင်းကို တော်လှန်ရေးရဲ့ မိခင်လို့လည်း ခေါ်ထိုက်သလို သံမဏိ အမျိုးသမီးလို့လည်း ခေါ်ထိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်းကျပ်တဲ့ အစိုးရရဲ့အမိန့် အာဏာတွေကိုရော တင်းကျပ်တဲ့ ဓလေ့ထုံးစံတွေကိုပါ ရဲရဲဝံ့ဝံ့ အာခံ ဆန့်ကျင်နေခဲ့လို့ ဖြစ်ပါတယ်။

သူဟာ ယီမင်အစိုးရရဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှုကိုလည်း ဆန္ဒပြပွဲတွေနဲ့ ဆန့်ကျင်ပြပါတယ်။ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို  ကန့်ကွက်ဆန္ဒပြတဲ့ ပွဲတွေကိုလည်း ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အတွင်းက ဆန္ဒပြပွဲတခုမှာဆိုရင် အမျိုးသမီးတယောက်က ဓားနဲ့ထိုးသတ်ဖို့တောင် ကြိုးစားခဲ့ ပါသေးတယ်။ ကာမင်းကို လူတွေက ကာကွယ်ပေးခဲ့တဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဒီလို လုပ်ကြံမှုအပြင် အစိုးရအာဏာပိုင်များဘက်ကလည်း ခြိမ်းခြောက်မှုတွေ အမျိုးမျိုး ဖြားယောင်း သွေးဆောင်မှုတွေ အမျိုးမျိုး လုပ်ခဲ့ပါတယ်။ ဒီကြားထဲကပဲ ကာမင်းဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

ကာမင်းဟာ အသက် ၁၇ နှစ်အောက် အမျိုးသမီးငယ်များကို ထိမ်းမြားလက်ထပ်ခွင့် မပြုရေး ဥပဒေ  ပေါ်ပေါက်ဖို့   ကြိုးပမ်းသူလည်း ဖြစ်ပါတယ်။ အာရပ်ကမ္ဘာမှာ မူဆလင်အမျိုးသမီးများ လိုက်နာကျင့်သုံးတဲ့ မျက်နှာတခုလုံး ပိတ်ဖုံးထားရတဲ့ ဓလေ့ကိုလည်း သူဟာ လက်သင့်မခံ ငြင်းဆန်ခဲ့ပါတယ်။ သူက မျက်နှာကို မပိတ်ဖုံးတဲ့ ရောင်စုံခေါင်းစည်းပုဝါမျိုးကိုပဲ ၀တ်ဆင်လေ့ ရှိပါတယ်။ သူအကြိုက်ဆုံး အရောင်က ပန်းနုရောင်လို့  ဆိုပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ဖြစ်ခဲ့တဲ့ ယီမင်လူထုလှုပ်ရှားမှုကြီးအတွင်းမှာ ကာမင်းဟာ ကျောင်းသားတွေနဲ့အတူ ဆန္ဒပြပွဲတွေကို ဦးဆောင်လုပ်ခဲ့ပါတယ်။ လူထုသောင်းနဲ့ချီတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် နှစ်ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပါတယ်။ ကာမင်းကတော့ အစိုးရအဖွဲ့ ပြုတ်ကျတဲ့အထိ ဒီလှုပ်ရှားမှုကြီးကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။သူဟာ ခင်ပွန်းသည်နဲ့အတူ ဆန္ဒပြပွဲလုပ်ရာ ရင်ပြင်ထဲမှာပဲ လပေါင်းများစွာကြာအောင် နေထိုင်နေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

နိုဘယ်ဆုချီးမြင့်ခံရတဲ့သတင်းကို ကြားရတဲ့အခါ ကာမင်းက ဒီလို ပြောပါတယ်။

"ကျမဟာ ဒီနိုဘယ်ဆုကြီးကို မမျှော်လင့်ခဲ့ပါဘူး။  ကျမအတွက် လုံးဝ အံ့ဩစရာပါ။ ဒီဆုဟာ ကမ္ဘာအနှံ့ က အာရပ်လူမျိုးတွေအတွက် အောင်ပွဲဖြစ်ပါတယ်။ အာရပ်အမျိုးသမီးတွေအတွက် အောင်ပွဲဖြစ်ပါတယ်။ ကျမတို့ ဆင်နွှဲနေတဲ့ ငြိမ်းချမ်းသော တော်လှန်ရေးကြီးအတွက် အောင်ပွဲဖြစ်ပါတယ်။ ဒီဆုဟာ အာရပ်ကမ္ဘာတခုလုံးက အီဂျစ်တို့၊ တူနီးရှားတို့က လူငယ်တွေ၊ အမျိုးသမီး တွေအတွက် ဆုဖြစ်ပါတယ်။"

ကာမင်းက ဒီလိုဆက်ပြီး ပြောပါသေးတယ်။

"ငြိမ်းချမ်းရေးမပါဘဲနဲ့ ဒီကမ္ဘာကြီးအတွင်းမှာ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည် တခုကိုမှ  တည်ဆောက်လို့  မရနိုင်ပါဘူး"တဲ့။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013