ကန်ပက်လက် လက်ဝါးကပ်တိုင် ဖျက်ဆီးခံရမှု သမ္မတထံ ဒေသခံများက စာပို့မည်
ရွှေအောင်
·
October 17, 2011
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့က ခရစ်ယန်လက်ဝါးကပ်တိုင် ဖျက်ဆီးခံရတဲ့ကိစ္စကို မကျေနပ်လို့ ဒေသခံ ၁၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး သမ္မတဆီစာရေး ပေးပို့ဖို့ လုပ်နေပါတယ်။
ကန်ပက်လက်မြို့က မုန်းချောင်းတံတားမှာ စိုက်ထူထားတဲ့ လက်ဝါးကပ်တိုင် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကစပြီး အကြိမ်ကြိမ် ဖျက်ဆီးခံနေရတဲ့အပေါ် သမ္မတဦးသိန်းစိန်ဆီ လက်မှတ်ရေးထိုး ပေးပို့ဖို့ ဒေသခံတွေက ကြိုးပမ်းနေကြတာပါ။
ပြည်ပရောက် ချင်းအမျိုးသားတွေ ထောက်ပံ့ပေးပို့လှူဒါန်းတဲ့ ငွေကြေးများနဲ့ မုန်းချောင်းတံတားကို တည်ဆောက်ခဲ့ပြီးတဲ့နောက် တံတားအောင်ပွဲ အထိမ်းအမှတ်အဖြစ် တံတားထိပ်မှာ လက်ဝါးကပ်တိုင်နှစ်တိုင်ကို ဒေသခံတွေက စိုက်ထူခဲ့ကြတာကို ဒေသအာဏာပိုင်တချို့နဲ့ ရွာသားတချို့ ပူးပေါင်းပြီး ဖျက်ဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒီကိစ္စကို သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးတာမျိုးမရှိလို့ အခုလို သမ္မတဆီ လက်မှတ်ရေးထိုး ပေးပို့တဲ့ လှုပ်ရှားမှုလုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။
ကန်ပက်လက်၊ မုန်းချောင်းတံတားက လက်ဝါးကပ်တိုင် ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ခုလိုပြောပြပါတယ်။
“ကျနော်တို့ မသိဘူး။ ဒါပေမယ့် ဥပဒေရှိတယ်။ ဥပဒေအရ ဘယ်ဘာသာပဲ ဖြစ်ဖြစ်၊ ပြည်နယ် မြို့နယ် အဆင့်ဆင့် ခွင့်ပြုချက်ယူရတယ်။ ၀တ္တက မြေဆိုတာရှိတယ်လေ။ သာသနာ့မြေဆိုတာ သာသနာ့မြေဖြစ်ကြောင်း စသည်ဖြင့်ရှိတယ်။ ဘယ်ဘာသာပဲ ဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဆင့်ကဲဆင့်ကဲ မတတ်နိုင်ရင်တော့ ဥပဒေနဲ့ မကိုက်ဘူးပေါ့။ အခုပြောတဲ့ ကိစ္စ ကျနော်မသိပါဘူး။”
ချင်းပြည်နယ် လူမှုရေးဝန်ကြီးရဲ့ အခုလိုပြောဆိုချက်အပေါ် ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ခုလို ဝေဖန်ပြောကြားလိုက်ပါတယ်။
“အစိုးရ အလုပ်က တိုင်းပြည်တွင်းမှာ ငြိမ်းချမ်းဖို့ တိုင်းပြည်အတွင်းမှာ ပြည်သူလူထုတွေ သက်သောင့်သက်သာနဲ့ အသက်ရှူနိုင်ဖို့ သူတို့လုပ်ပေးရမှာပါ။ အခု ပြဿနာရှိတယ်ဆိုတာ သူတို့မသိဘူး ပြောလို့ ဘယ်ဖြစ်မလဲ။ ကျနော်တို့တောင် သိတာပဲ သူတို့ ပိုသိသင့်တာပေါ့။”
သူတို့ပါတီအနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရထံ စာရေးမေးမြန်းဖို့ ရှိတယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်အတွင်း ဘာသာရေးအရ ဖိနှိပ်ခွဲခြားဆက်ဆံတာမျိုး အရင် စစ်အစိုးရလက်ထက် အကြိမ်ကြိမ်ရှိခဲ့ပေမယ့် အခု သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ပထမအကြိမ်ဖြစ်ပါတယ်။