ချမ်းအေးသာစံမြို့ ရေဆိုးထုတ်ပိုက် လျှံတက်မှုကြောင့် သွားလာရေး ခက်ခဲ (ဓာတ်ပုံ)
DVB
·
August 27, 2016
မိုးသည်းထန်စွာရွာသွန်းလို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၅ လမ်းနဲ့ ၃၃ လမ်းထောင့်မှာရှိတဲ့ ရေဆိုးထုတ်ပိုက် လျှံတက်လာမူကြောင့် အနံ့ဆိုးတွေ ထွက်နေပြီး အများပြည်သူသွားလာရေး ခက်ခဲနေပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့ကကတည်းက ရေတွေ လျှံတက်လာတာဖြစ်ပြီး သက်ဆိုင်ဌာနအနေနဲ့ ဒီနေ့အချိန်ထိ လာရောက်ဖြေရှင်းပေးတာ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့ ဘူတာကြီး အဆင့်မြင့်တည်ဆောက်စဉ်ကာလက ရေဆိုးပိုက်ကို သီးသန့်ထုတ်လွှတ်ဖို့အတွက် ဘူတာကြီးကနေ ၇၉ လမ်း မြောက်ကနေ တောင်ဘက်ကို တောက်လျှောက်ဖောက်လုပ်ခဲ့ပြီး ၃၃ လမ်းအရောက်မှာတော့ အရှေ့ကနေအနောက် ရွှေတချောင်းမြောင်အတွင်း ဖောက်လုပ်ထားတဲ့ ပိုက်ဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေဆိုးပိုက် ပေါက်ထွက်မှုက စည်ပင်သာယာနဲ့သက်ဆိုင်ခြင်းမရှိဘဲ မြန်မာ့မီးရထား မြို့ပြ ဌာနနဲ့သာ သက်ဆိုင်တဲ့အတွက် စည်ပင်သာယာအနေနဲ့တော့ ပြုပြင်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ