Home
မေးမြန်းခန်း
ပြည်သူအကျိုး ရှေ့တန်းတင်မယ်ဆိုရင် ကရင်ပါတီတွေ ပူးပေါင်းလို့ ရသွားမှာပါ - နန်းစေအွာ
DVB
·
August 28, 2016
Nann Say Ahwar
လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်မြင်မှုရရေးအတွက် ကရင်ပါတီတွေပေါင်းစည်းနိုင်ဖို့ အစည်းအဝေး ပြုလုပ်နေတာ အခုဆို ၆ ကြိမ်မြောက် ရှိပါပြီ။ ကရင်ပါတီတွေ တပါတီတည်း ပေါင်းစည်းပြီးရင် အဲဒီပါတီရဲ့ နာမည်၊ မူဝါဒ၊ လိုဂို အမှတ်တံဆိပ် စတာတွေကို ဘယ်လိုရွေးချယ်မယ်၊ ကရင်ပြည်သူလူထု အကျိုးအတွက် ဘယ်လို ဆောင်ရွက်မယ် စတာတွေနဲ့ ပတ်သက်ပြီး ကရင်ပါတီတွေ ပေါင်းစည်းရေး လုပ်ဆောင်နေသူတဦးဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နန်းစေအွာကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပါတီများ ပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။ ဖြေ - ကျမတို့ရဲ့ ကရင်တိုင်းရင်းသားတွေ ပါတီအများကြီး ရှိနေပါတယ်။ လောလောဆယ် ကျမတို့ပြည်နယ်မှာ ကရင်ပါတီ ၃ ပါတီနဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မှာ ၂ ပါတီရှိပါတယ်ရှင့်။ ဒါကြောင့်မို့ ကျမတို့ရဲ့ ကရင်တိုင်းရင်းသားတွေပေါ့နော်၊ လာမယ့်ရွေးကောက်ပွဲမှာ ကျမတို့တွေ ပါတီက တိုင်းရင်းသားတွေပါလာမှ ကိုယ့်ပြည်နယ် ကိုယ့်ဒေသအကျိုးအတွက်ကို ပိုမိုပြီးတော့ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ ကျမတို့ ခံယူထားတဲ့အတွက်ကြောင့် ဒီလိုမျိုးပါတီတွေ ပေါင်းစည်းဖို့ စဉ်းစားရခြင်း ဖြစ်ပါတယ်။ မေး - အဲလိုမျိုးပူးပေါင်းမယ်ဆိုတော့ ဘယ်တော့စတင်ပူးပေါင်းမလဲ။ ဘယ်တော့ စတင် လုပ်ဆောင်မလဲ။ ဖြေ - ဟုတ်ကဲ့ အခုလက်ရှိမှာတော့ ကျမတို့တွေ ၆ ကြိမ်မြောက် အစည်းအဝေး လုပ်ပြီးပါပြီ။ ဒီထဲမှာမှ ကျမတို့ပါတီရဲ့ မူဝါဒပေါ့၊ ပါတီတခုရဲ့ လိုဂိုတံဆိပ်တွေရယ်၊ ပါတီတခုရဲ့ အမည်တွေကို ကျမတို့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့ ပြီးခဲ့တဲ့ ပထမရွေးကောက်ပွဲ ကတည်းကဆိုရင် နန်းစေအွာအနေနဲ့ အနိုင်ရတယ်ပေါ့နော်။ ဒုတိယအကြိမ်မြောက်မှာဆိုရင်တော့ အနိုင်မရဘဲနဲ့ လက်လွှတ်လိုက်ရတယ်ပေါ့နော်။ အခု ပါတီကို ပူးပေါင်းမယ်ဆိုတော့ အနိုင်ရဖို့အတွက်လားခင်ဗျ။ ဖြေ - ကျမတို့ ပြောရမယ်ဆိုရင် ပါတီကို ပူးပေါင်းလိုက်ခြင်းအားဖြင့်ပေါ့ ကျမတို့ရဲ့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားကြရသလဲဆိုတော့ ဒီနိုင်ငံရေးအပိုင်းကို စိတ်ဝင်စားတဲ့ ကရင်ခေါင်းဆောင်တချို့ကတော့ ကရင်တွေ ပါတီများလွန်းတယ်။ ပါတီများတဲ့အတွက်ကြောင့် ပေးရတဲ့အခါမှာ ကရင်တွေက ပြန့်သွားတာပေါ့။ ပြန့်ကျဲသွားတယ်။ ဒါကြောင့်မို့ တစုတစည်းတည်း ဖြစ်ဖို့အတွက် ပါဝင်ပြီးတော့ ပေါင်းစည်းဖို့ တပါတီတည်းဖြစ်ဖို့ သင့်ပါတယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ပူးပေါင်းတယ်ဆိုတဲ့နေရာမှာပေါ့နော်။ တပါတီတည်းဖြစ်ဖို့အတွက်ကတော့ ကျမတို့ရဲ့ပါတီတွေ တခုချင်းတခုချင်းက ရည်ရွယ်ချက် ထိပ်ဆုံးမှာ တူပေမယ့် မူဝါဒချမှတ်တာချင်း မတူဘူး။ အဲဒါကြောင့်မို့ ကျမတို့တွေဟာ ပူးပေါင်းတာ မူအားဖြင့်တော့ ကျမတို့တွေ အဲဒါကို ပေါင်းနိုင်ဖို့ပေါ့နော်။ အကုန်လုံးကတော့ သဘောတူထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက်တော့ ကျမတို့ရဲ့ မူဝါဒအသစ်တွေကို ပြန်ရေးဆွဲတဲ့နေရာမှာ ကျမတို့တွေက ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမယ်။ ပြီးတော့ ပြည်သူလူထုကို ချပြရမယ်။ ပြီးတော့ ပါတီတခုချင်းရဲ့ ပြီးခဲ့တဲ့ပါတီတွေ အားလုံးက ကျမတို့ ဖျက်သိမ်းရမယ်။ ပါတီဝင်တွေကိုလည်းပဲ ကျမတို့တွေက ပါတီအသစ်တခုကို ပြန်ပြီးတော့ ချပြရမယ်။ အဲတော့ ကျမတို့ အဲဒါလေးတွေကိုတော့ အချိန်ယူရမှာ ဖြစ်ပါတယ်ရှင့်။ မေး - ဟုတ်ကဲ့ အရပ်သားစကားနဲ့ ပြောရမယ်ဆိုရင်တော့ လူတဦးချင်းမှာတော့ သူ့ရဲ့ရာထူးကို ဖြုတ်ဖို့ကတော့ မလွယ်ဘူးလို့ ထင်ပါတယ်။ အဲဒီပါတီထဲမှာ နေကတည်းကဆိုရင် အကယ်၍သာ သူက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုရင် တဖွဲ့တည်းပြန်ဖွဲ့မယ်ဆိုတော့ နေရာပြောင်းရွှေ့ဖို့ ရှိတယ်ပေါ့နော်။ အဲဒီအမြင်သဘောထားလေး ပြောပြပေးပါဦး။ ဖြေ - ကျမအမြင်ပေါ့နော်။ ပါတီတခုချင်းစီမှာ ဥက္ကဋ္ဌလည်း တယောက်စီရှိပါတယ်ပေါ့နော်။ တကယ်လို့ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ တယောက်ပဲဖြစ်တော့မယ်။ အဲဒီအခါကျရင် ကျမတို့က သဘောထားကြီးဖို့ လိုပါတယ်။ ကျမတို့လုပ်နေတဲ့အလုပ်ဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး ဆိုတာလည်း နားလည်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဒေသခံ ပြည်သူတွေအားလုံးရဲ့ အကျိုးဆိုတာကို ရှေ့တန်းတင်မယ်ဆိုရင်တော့ ကျမထင်တယ်။ ပူးပေါင်းလို့ ရသွားမှာပေါ့နော်။ မေး - ဟုတ်ကဲ့ တချိန်ကဆိုရင် ကရင်ပါတီတော်တော်များများ ရှိတယ်ပေါ့နော်။ အတော်များများရှိတဲ့အချိန်မှာ ပြည်သူလူထုအကျိုးကို သိပ်ပြီးတော့ မသယ်ပိုးနိုင်ဘူးလား။ အခုချိန်မှ ပြန်ပူးပေါင်းပြီးတော့ ပြည်သူအကျိုးကို သယ်ပိုးနိုင်မယ့် သဘောထားလားပေါ့နော်။ ဖြေ - ဟုတ်ကဲ့ ကျမအမြင်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အလက်ရှင်ပေါ့နော်။ ၂၀၁၀-၂၀၁၅ တုန်းက ပါတီတွေများတယ်။ ကရင်ပါတီတွေလည်း အားလုံးဝင်ရောက်ယှဉ်ပြိုင်တယ်။ ဒါပေမယ့် ပါသွားတာလည်း ရှိတာပေါ့နော်။ အထူးသဖြင့် ကျမတို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကတော့ ဒီကရင်ပြည်နယ်ဒေသခံ အများဆုံးရသွားခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ်လက်တွေ့မှာ အစိုးရဘက်က အကောင်အထည်ဖော်မှုမှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဒါကိုလည်းပဲ ကျမတို့အနေနဲ့ ထောက်ပြတယ်။ ပြည်သူလူထုရဲ့ ခံစားချက် ဒါလေးတွေကို ကျမတို့ရှင်းပြခဲ့တယ်။ ဒါပေမယ့် ကျမတို့က လမ်းကိုခုတ်ထွင်ပေးလို့ပဲ ရတယ်။ တကယ့်တကယ် လမ်းလျှောက်ခွင့်မရပါဘူး။ အဲတော့ အခုလက်ရှိ ဒုတိယအစိုးရကျတော့ ကျမတို့ ထွင်လာပေးတဲ့လမ်းလေးကိုပေါ့နော်၊ သူတို့အနေနဲ့ အကောင်အထည်ပြန်ဖော်နိုင်ဖို့ ဒီဟာ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျမတို့တွေရဲ့ အဓိက ကျမမြင်တာပေါ့။ ခုနကလိုမျိုး ကျမတို့တွေက အကောင်အထည်ဖော်ခွင့် မရခဲ့တဲ့ လမ်းတလမ်းမှာ၊ သွားလာခွင့်မရခဲ့တဲ့ လမ်းတလမ်းကို အခု ပြည်သူတွေက စိတ်ထဲမှာ အားမလိုအားမရ ဖြစ်ခဲ့တယ်ထင်ပါတယ်။ ပြောင်းပါဆိုတဲ့အခါကျတော့ ပြောင်းချင်တယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားလုံးလေးနဲ့ အကုန်လုံး ကျမတို့က ယုံခဲ့ရတာပေါ့နော်။ ဒီကိစ္စကိုတော့ ကျမတို့ ၀မ်းမနည်းပါဘူး။ ကျမတို့ရဲ့ နာယကချုပ်ဆို အမြဲတမ်းပြောပါတယ်။ ကိုယ့်ဒေသ ကိုယ့်ပြည်သူတွေနဲ့ ထိုက်တန်တဲ့အစိုးရပဲ ရှိမှာပါတဲ့။ အားလုံးကျတော့ ကျမတို့ ဖြေလျှော့ပေးလို့ ရပါတယ်။ မေး - ဟုတ်ကဲ့ တချိန်က ကရင်ပါတီတဖွဲ့ဆိုရင်တော့ အစည်းအဝေးထိုင်ပြီးတော့ အမည်ဖော်ကြတာပေါ့နော်။ အခု ပါတီအများကြီး ပူးပေါင်းပြီးတော့ နာမည်တခုတည်းပေးမယ်ဆိုတော့ အခက်အခဲရှိနိုင်မလားခင်ဗျ။ ဖြေ - လောလောဆယ်တော့ အခက်အခဲရှိနိုင်ပါတယ်။ အဲဒါကိုလည်းပဲ အားလုံးချပြရမှာ ဖြစ်ပါတယ်။ အဲတော့ အားလုံးသဘောတူမှသာ အလုပ်ကို လုပ်လို့ရမှာပါ။ မေး - ဟုတ်ကဲ့ လက်ရှိမှာ ကရင်ပြည်နယ်မှာလည်း ပါတီရှိသလို အခြားပြည်နယ်မှာလည်း ကရင်ပါတီတွေရှိတယ်။ ဒီကရင်ပါတီတွေ တကယ့်စိတ်ဝင်တစားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။ ဖြေ - ကျမတို့ အခုဟာက ဆွေးနွေးဆဲပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒေသခံ ကရင်ပြည်နယ်မှာပေါ့နော်။ ပါတီတွေဖြစ်မယ်ဆိုရင်လည်းပဲပေါ့နော် ပေါင်းစည်းလိုက်တဲ့ အခါကျရင် ကရင်ပြည်နယ်က ကရင်ကိုယ်စားလှယ်က တခြား ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းမှာ သွားပြီး အရွေးခံမယ်ဆိုလည်း ဒါမဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ ကျမတို့ အများကြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်နေပါသေးတယ်လို့။ မေး - လက်ရှိမြန်မာနိုင်ငံထဲမှာ ကိုးကန့်တို့၊ ပလောင်တို့၊ ရခိုင်တို့ တိုက်ပွဲတော့ အနည်းအကျဉ်းတော့ ရှိသေးတယ်။ ဟုတ်ကဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံပေါ့နော်။ သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲ ရှိနိုင်မလားခင်ဗျ။ ဖြေ - ကျမအမြင်ပေါ့နော်။ နည်းနည်းလေး အချိန်ကို ဆက်ပြီးတော့ပေးရင် ပိုကောင်းမယ်။ အခုလက်ရှိ လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ဒီပင်လုံညီလာခံကြီးကိုပေါ့နော်၊ ဒုတိယအကြိမ်ပဲ ပြောပြော ၂၁ ရာစုပဲပြောပြောပေါ့။ ပင်လုံညီလာခံကို လုပ်မယ်ဆိုတော့ ကျမထင်တယ်။ ကျမတို့ကတော့ တိုင်းရင်းသားအားလုံး ပါစေချင်တယ်။ အဲတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော Ceasefire မယူရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါမှသာ စစ်မှန်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ်လို့ ကျမထင်ပါတယ်။ အဲဒါကြောင့်မို့ အားလုံးပါဝင်စေချင်တယ်။ တိုင်းရင်းသားတွေ တော်တော်များများက အသံထွက်လာတာပေါ့နော် အခုက။ မေး - ဟုတ်ကဲ့ မပါဝင်သေးတဲ့ အဖွဲ့တွေပေါ့နော်။ သူတို့ရဲ့အခန်းကဏ္ဍမှာ ဒီနေရာမှာပေါ့နော် ဘယ်လိုဖြစ်သင့်လဲ။ ဖြေ - မပါဝင်သေးတဲ့ Ceasefire မလုပ်ရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပါလိုက်ခြင်းအားဖြင့် ပိုမိုပြီးတော့ ကောင်းမွန်ဖို့ အလားအလာ များပါတယ်လို့ ကျမ မြင်ပါတယ်။ မေး - ဟုတ်ကဲ့ ပြီးခဲ့တဲ့ တကြိမ်မြောက်ဆိုတော့ ကရင်ပါတီ အတော့်ကို တော်တော်နိုင်သွားတယ်။ ဒီနှစ်ကြိမ်မြောက်မှာဆိုရင်တော့ အန်အယ်လ်ဒီက ကမ်းပြိုမြေပြိုနိုင်သွားတယ်ပေါ့။ လက်ရှိအနေနဲ့ ဒီပါတီအသီးသီး လေးပါတီ ငါးပါတီ ရှိတယ်ပေါ့နော်။ ကရင်ငါးပါတီမှာ လက်ရှိ ဘာအကျိုးတွေ ဆောင်ရွက်နေလဲ။ ဘာအလုပ်တွေ လုပ်နေသလဲပေါ့ ရှင်းပြပေးပါဦး။ ဖြေ - အခုလက်ရှိမှာတော့ ကျမတို့ ပြည်သူလူထုအကျိုးကိုတော့ ကျမတို့ သုံးလကျော်လာပြီပေါ့နော်။ အစိုးရသစ်လက်ထက်မှာတော့ ကျမတို့တွေ ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ကရင်ပြည်နယ် ဒေသခံအတွက်ကတော့ ကိုယ့်အရေးလို့ ကျမကတော့ ခံယူထားတယ်။ အဲတော့ ပါတီအနေနဲ့လည်းပဲ ကျမတို့ ဒေသခံတွေရဲ့အသံ အခုလက်ရှိ အစိုးရဆီကိုပေါ့နော် ကျမတို့ တင်ပြပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ဆီမှာ Without Car နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ကျမတို့ပါတီတွေတင်မကဘူး ဒေသခံတွေအားလုံး ခံစားနေရတယ်။ ဒါပေမယ့် တဘက်ကပြန်ကြည့်မယ်ဆိုရင် ဒါ ဥပဒေနဲ့မကင်းဘူး နားလည်ပါတယ်။ တနိုင်ငံလုံးမှာလည်း အဖမ်းအဆီးအများဆုံးက ဒီပြည်နယ်မှာဖြစ်ရတယ်။ ဘာကြောင့်ဖြစ်ရလဲ ၀င်လာလို့။ ၀င်ပေါက်ရှိနေလို့ပေါ့နော်။ ဒီတော့ ကျမတို့ ဒီဝင်ပေါက်ကို ပိတ်မယ်ဆိုရင်တော့ ကျမထင်တယ်။ ဒါလေးကို ပိုပြီးတော့ အားလုံးအတွက် အဆင်ပြေမယ်ထင်ပါတယ်။ အခုဆိုရင် သာရေး၊ နာရေးပေါ့နော်။ အထူးသဖြင့် ရွာကနေ ရွာသားတွေ တက်လာတဲ့အခါမှာ ဆေးရုံလာတယ်၊ တခုခုဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့်လာတယ်။ ဒါလေးတွေဆိုရင် အဖမ်းအဆီးခံရတဲ့အခါမှာ တအားကို စိတ်မကောင်းဖြစ်ကြတယ်။ ဒါပေမယ့် တဘက်ကလည်းပဲ လုပ်ဆောင်ရတဲ့ အစိုးရဘက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာလည်း သူတို့ရဲ့ အကြောင်းပြချက်တွေကလည်း မှန်နေပြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ပြည်နယ်မှာ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျမ အမြဲတမ်းပြောပါတယ်။ အပင်မရှိဘူး။ အပင်မရှိဘဲနဲ့ အများဆုံးကို သယ်ဆောင်နေတာ တွေ့ရတယ်။ အထူးသဖြင့် တက္ကသိုလ်က ကလေးတွေဆိုရင် မူးယစ်ဆေးဝါးက တော်တော်များများကို သုံးစွဲနေပြီးတော့ အချုပ်ထဲ ထောင်ထဲမှာ ရောက်နေတာတွေ အများကြီးရှိပါတယ်။ သူတို့ဘ၀ကလည်း လူညွန့်တုံးသွားစေပါတယ်။ နောက် ဒီလိုမျိုးအပြင် လက်နက်အရောင်းအ၀ယ် လုပ်ကြပါတယ်။ လက်နက်အရောင်းအ၀ယ် လုပ်တာလည်း တော်တော်များများက ဒီဘက်ကနေပဲ သွားသွားပြီးတော့ မိတာပေါ့နော်။ ကရင်ပြည်နယ်ဘက်ကလာတယ်၊ ကရင်ပြည်နယ်ဘက်က လာတယ်ပေါ့။ အဲတော့ ကျမတို့ပြည်နယ်အနေနဲ့လည်း ဂုဏ်သိက္ခာ ကျစေပါတယ်။ ကျမတို့ ဖြစ်စေချင်တာက ဒီလိုမျိုးတွေ လုပ်လိုက်တဲ့အတွက်ကြောင့်ပေါ့နော်။ ဒီလိုမျိုး ဖမ်းဆီးရတာဆိုပြီး ပြောပါတယ်။ ကျမတို့ လက်ခံရမှာပေါ့နော်။ ဒါကြောင့်မို့ ကျမတို့ဖြစ်စေချင်တာက ဒါနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေက ဥပဒေချိုးဖောက်မှု လုပ်ရပ်တွေ မပါဘဲနဲ့ ဒေသအတွင်းပေါ့နော် သုံးစွဲနိုင်ဖို့ ယာယီလိုင်စင်လိုမျိုးလေးပေါ့နော်။ ဒါကတော့ ကျမတို့ဘက်ကို ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ဇယားထဲမှာ ရှိနေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ။ ကျမတို့လည်း နားလည်ပါတယ်။ ဒါပေမယ့် ယာယီလေးအနေနဲ့ အဲဒီလိုမျိုးလေး သုံးစွဲပြီးတော့ ကိုယ့်ရဲ့ဒေသတွင်း သုံးမယ်ဆိုရင်တော့ ကျမထင်တယ် ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆပါတယ်။ အဲဒါလေးတွေကိုလည်း အစိုးရထံရောက်အောင် ကျမတို့ တင်ပြပေးပါတယ်။ မေး - ဟုတ်ကဲ့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ကရင်ပါတီများတယ်ပေါ့နော်။ မဲနိုင်ကတည်းကပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကတည်းကဆိုရင်တော့ ကွင်းဆင်းပြီးတော့ မြေကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လုပ်သွားတာ တွေ့ရတယ်။ အောင်မြင်မှုလည်း တော်တော်ရှိတယ်ပေါ့နော်။ အကယ်၍သာ အခုလက်ရှိ တာဝန်မရှိတော့ဘူး၊ လွှတ်တော်မှာလည်း တာဝန်မရှိတော့ဘူး။ အပြင်မှာလည်း မဲရှုံးခဲ့တယ်ပေါ့နော်။ အဲဒါဆိုရင် ကရင်ပြည်သူလူထုအတွက် ကိုယ်လုပ်ခဲ့တဲ့ လယ်ယာမြေကိစ္စကိုပေါ့နော်။ ဆုံးရှုံးမှုရှိနိုင်မလားခင်ဗျ။ မေး - ကျမတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လယ်ယာမြေပြဿနာ ကရင်ပြည်နယ်အတွင်းပေါ့နော်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ကျမက လယ်ယာမြေစုံစမ်းရေး ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ အီလက်ရှင်မှာ လွှတ်တော်ထဲမှာပေါ့နော်။ ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်။ တကယ့်တကယ် လုပ်ငန်းကို ပြန်ပြီးတော့ အကောင်အထည် ဖော်ဖို့ပေါ့နော်။ ပြည်သူ့ရဲ့အကျိုး ပြန်ခံစားတဲ့နေရာမှာတော့ အများကြီးကျန်နေတာကို တွေ့ရတယ်။ ပြောရမယ်ဆိုရင် သုံးပုံတပုံတောင်မှ ပြန်လည်ပြီးတော့ ရတာမတွေ့ရဘူး။ အဲတော့ ဒါလေးတွေကို အခုလက်ရှိအစိုးရအနေနဲ့ ကျမထင်တယ်။ ဒါလေးတွေကိုလည်း ပြန်ပြီးတော့ နားထောင်သင့်ပါတယ်။ ပြန်ပြီးတော့ ဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျမသိရသလောက် နစ်နာနေတဲ့ရွာသားတွေ ဆုံးရှုံးရတဲ့ လယ်သမားတွေ တော်တော်များများ လာပြန်ပြောတဲ့အခါမှာ၊ ဟိုတနေ့ကလည်း အစည်းအဝေးတခုမှာ အားလုံးချပြတဲ့အခါမှာ လက်ရှိအစိုးရအနေနဲ့ကတော့ ပြီးသွားတဲ့ ဆောင်ရွက်ထားတဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ အတည်ပြုထားတဲ့အတိုင်းကို ပြန်လည်ပြီးတော့ အတည်ပြုပါတယ်လို့ ပြောလိုက်တယ်။ အဲဒီတော့ ရွာသားတွေက တော်တော်လေးကို စိတ်မကောင်းဖြစ်ကြပါတယ်။ ဘယ်နေရာမှာ ပြောင်းလဲသလဲပေါ့နော်။ အဲဒါကြောင့်မို့ သူတို့တွေကတော့ မျှော်လင့်ချက်နဲ့ ဆုံးရှုံးခဲ့တဲ့ သူတို့ရဲ့ လယ်ယာမြေလေးတွေများ ပြန်ပြီးတော့ ရမလားပေါ့။ သူတို့ရဲ့ မျှော်လင့်ချက်လေးတွေနဲ့ အများကြီးကို မျှော်လင့်နေပါတယ်လို့။ မေး - ကရင်ပါတီများ ပူးပေါင်းရေးနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းပြီးရင် ဘယ်လောက်အထိ အားတိုက်အင်တိုက် လုပ်နိုင်မယ်လို့ ထင်ထားပါလဲ။ ဘာတွေလုပ်မယ်လို့ စဉ်းစားထားပါသလဲပေါ့။ ဖြေ - ကျမထင်တယ် ဒါကတော့ ဦးဆောင်တဲ့သူပေါ်မှာ မူတည်ပါတယ်လို့။ ဦးဆောင်တဲ့ ပါတီတွေရဲ့ အဲဒီမှာပါဝင်နေတဲ့ ပါတီဝင်တွေ အားလုံးကပေါ့နော် ကိုယ့်ရဲ့ ရရှိထားတဲ့တာဝန်၊ ကိုယ့်ရဲ့တာဝန်သိမှုနဲ့ပေါ့နော်။ ကိုယ်ဘာလုပ်ချင်တာလဲ။ နေရာယူဖို့ထက်ပေါ့နော်။ ကိုယ့်ရဲ့ ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ကျမတို့ ဘယ်လောက်အထိ ၀ိုင်းကူပေးလို့ရသလဲ။ အဲဒါအဓိကကျတယ်။ ဒါကြောင့်မို့ တဦးချင်းရဲ့ နေရာယူ တာဝန်ယူထားတဲ့သူတွေမှာ တဦးချင်းရဲ့ သူ့ရဲ့စိတ်ရင်းက အရေးကြီးပါတယ်လို့ ကျမမြင်ပါတယ်။ မေး - နောက်ဆုံးအနေနဲ့ ကရင်ပါတီများ ပူးပေါင်းရေးနဲ့ ပတ်သက်ပြီးတော့ ဒီဗွီဘီကနေတဆင့် ကရင်ပြည်သူတွေရော၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကိုရော ဘာများပြောချင်တာ ရှိပါသေးလဲ။ ဖြေ - ဟုတ်ကဲ့ ကျမအနေနဲ့ပေါ့နော်။ ကရင်တိုင်းရင်းသားတွေ အားလုံးအတွက်ပေါ့နော်။ ကျမတို့ကရင်တွေပေါ့နော်။ ပါဝင်ပူးပေါင်းမယ်။ ဒါမှမဟုတ်ရင်လည်း ကျမတို့ ကရင်ပါတီ ပူးပေါင်းလိုက်မှရယ်လို့ မဟုတ်ပါဘူးပေါ့နော်။ တကယ်လို့ ကိုယ့်ရဲ့ပြည်နယ်၊ ကိုယ့်ရဲ့ဒေသ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်တော့ ကျမတို့ ကရင်တိုင်းရင်းသားတွေပေါ့နော်။ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းကို သေချာရွေးချယ်စေချင်ပါတယ်။ နောက်ပြီးတော့ ပါတီ ပါတီဆိုပြီးတော့ ပါတီတခုကို သူများပြောတိုင်းကို လိုက်မထည့်ဘဲနဲ့ အဲဒီကိုယ်စားလှယ်လောင်းတွေကို သေသေချာချာ စိစစ်စေချင်ပါတယ်။ ကိုယ့်ရဲ့ဒေသအတွက် ဘယ်လောက်များ ဆောင်ရွက်နိုင်သလဲ။ လက်ရှိမှာရော ကရင်ပြည်နယ် ဒေသခံတွေပေါ်မှာ ဘယ်လောက်ထိ စေတနာနဲ့ ဘယ်နေရာအခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာကို သေသေချာချာ လေ့လာစိစစ်ပြီးတော့မှသာ ကျမတို့ကတော့ မဲကို ထည့်စေချင်ပါတယ်။ တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024