Home
ဆောင်းပါး
ပုဂံလက်ရုံးများ၊ ပုဂံနှလုံးသား
DVB
·
August 26, 2016
မြန်မာဟုဆိုသည်နှင့် ရွှေတိဂုံ၊ ပုဂံ၊ ကျိုက်ထီးရိုး၊ အင်းလေး စသဖြင့် စီတန်းမြင်လာရစမြဲဟု ရောက်ဖူးသည့် နိုင်ငံခြားသားများက ဆိုလေ့ရှိသည်။ ပုဂံဟုဆိုသည်နှင့် ခမ်းနားကြီးမြတ်ခြင်းဟူသော စကားလုံးက ကျွန်တော်တို့ရင်ထဲ ထည်ထည်ဝါဝါကြီး ဝင်လာရစမြဲ ဖြစ်ပါသည်။ ပုဂံ၏သမိုင်းနှင့် မင်းဆက်တို့အကြား ငြင်းခုံစရာများ ရှိကောင်းပေမည်။ ပုဂံဘုရားပုထိုးစေတီများ၏ ခမ်းနားကြီးမြတ်မှုကိုတော့ အငြင်းပွားစရာ မမြင်ပါ။ ယခု ငလျင်ကြောင့် ပုဂံ၊ စေတီ၊ ပုထိုးတွေ ပြိုပြီတဲ့။ မြန်မာတို့နှလုံးသားများပေါ် ပြိုကျသလို ခံစားကြရသည်။ ပုဂံစေတီပုထိုးများသည် ဘာသာတစ်ခု၏ သာသနိက အဆောက်အအုံမျှမက ကမ္ဘာကြီးအတွက် အစားမထိုးနိုင်သော ရှေးဟောင်းအမွေအနှစ်လည်း ဖြစ်သည်ဟု အမြင်ကျယ်သူများစွာက လက်ခံထားကြသည်။ သမိုင်းတစ်ခေတ်၏ မြင့်မားသော ဗိသုကာပညာ၊ လုပ်အားရှင်တို့၏ စွမ်းဆောင်မှုတို့ဖြင့် ဖြစ်တည်ခဲ့သော ပုဂံ၊ မည်သည့် ကမ္ဘာကျော်ပန်းချီကားနှင့်မဆို ယှဉ်ဝံ့သည့် ပုဂံ၏အလှ၊ မည်သည့် သမိုင်းဝင်အဆောက်အအုံများနှင့်မဆို အပြိုင် ခန့်ထည်နိုင်သည့် ပုဂံ၏ ဗိသုကာလက်ရာ။ ထိုပုဂံသည် ယခုတစ်ဖန် ငလျင်ဒဏ်ခံရပြန်ပြီ။ လွန်ခဲ့သော ၄၁ နှစ်အကြာ ၁၉၇၅ ခုနှစ်ကလည်း ယခုလိုပင် ရစ်(ခ်ျ)စတာစကေး ၆ ဒသမ ၈ ပြင်းအားရှိ ငလျင်က ပုဂံကိုမျိုချဖို့ ကြိုးစားခဲ့သေးသည်။ ရနိုင်ရိုးလား ...။ ရှေးမြန်မာတို့သည် သဘာဝဂူများမရှိသည့် လွင်ပြင်ဆန်သော ပုဂံအရပ်မှာ စေတီဘုရားများ တည်ရာ၌ ဂူကျောင်းများကိုပါ တည်ခဲ့ကြသည်။ ဘုရားဖူးတို့ အရိပ်ရအေးချမ်းစွာ ဘာဝနာပွားနိုင်ရန် ရည်ရွယ်ခဲ့ဟန်လည်း တူပါသည်။ ယခု ငလျင်အပြီးမှာ ဗိသုကာပညာရှင်တစ်ဦးက အခုလို နှမြောတသပြောသည်။ ''စူဠာမဏိဆိုပါတော့ဗျာ... ကွမ်းတောင်ရဲ့အထက်ကို အသစ်ပြန်ဆက်တာ၊ အသစ်နဲ့အဟောင်း တစ်သားတည်းဆက်ဖို့ဆိုတာ တော်ရုံနည်းပညာနဲ့မရဘူး။ အသစ်ရဲ့ လေးလံတဲ့ဝန်ကို အုတ်ဟောင်းတွေက ဘယ်လိုထမ်းထားနိုင်မလဲဆိုတာပါ ထည့်စဉ်းစားရတာမျိုးဗျ။ အခုငလျင်ကြောင့် ကွမ်းတောင်အထက်က အသစ်ပိုင်းပြိုကျတော့ မူရင်းပစ္စယံအဆင့်ဆင့် အင်္ဂတေ၊ ပန်းဆွဲတွေ၊ စေတီရန်တွေ အပါအဝင်ပေါ့ဗျာ။ ရှေးဟောင်း ဗိသုကာတန်ဖိုးတွေ ပွတ်တိုက်ဖိမိပြီး ပျက်စီးကုန်ကြတယ်'' ဟု မချင့်မရဲပြောသည်။ အတွင်းရှိ နံရံဆေးရေးပန်းချီတွေကိုလည်း ကြည့်ပါဦး။ အာနန္ဒာအုတ်ကျောင်း အပါအဝင် အချို့ဂူဘုရားများအတွင်း နံရံဆေးရေး ပန်းချီများမှာ ကြွေပန်းကန် အချပ်လိုက်ကျကွဲသလို ကွာကျပြီး အစိတ်စိတ် ကွဲခဲ့ရသည်။ စေတီဂူဘုရားများကို ရှေးမူမပျက် စနစ်ကျစွာ ပြန်တည်ဆောက်နိုင်သည်ဆိုပါဦးတော့ ကျကွဲခဲ့သည့် နံရံဆေးပန်းချီများကိုတော့ အစားထိုးနိုင်တော့မည်မထင်။ ယခု ပုဂံငလျင် သတင်းဓာတ်ပုံ ဗွီဒီယိုများ တက်လာသည်နှင့် တစ်ကမ္ဘာလုံးမှ ပုဂံချစ်သူများ တုန်လှုပ်ချောက်ချား ရေရွတ်ကြသည်။ ''ကျွန်တော် မြန်မာနိုင်ငံသားမဟုတ်ပါဘူး။ ဒါပေမယ့် အာရှသားတစ်ယောက်အနေနဲ့ ပုဂံကို ဂုဏ်ယူမဆုံး၊ အခြားတိုက်သားတွေနဲ့တွေ့တိုင်း ဝင့်ကြွားနေခဲ့ရတာဗျ။ အခုတော့ အတော်ဆုံးရှုံးတယ်လို့ ခံစားရတယ်။ စနစ်တကျ ပညာရှင်တွေခေါ်ပြီး ပြန်ပြင်မယ်ဆိုရင် ပြောစမ်းပါ။ ကျွန်တော့်ချွေးနှဲစာလည်း ပါစမ်းပါရစေ'' ဟု အာရှသားတစ်ယောက်က သတင်းပေးသည်။ ''ကျွန်တော် ပုဂံကို အလျဉ်းသင့်တိုင်းလာတယ်။ လာတိုင်းလည်း ခံစားလို့မဝသလို၊ ဂုဏ်ယူလို့မဆုံးဘူး။ ကျွန်တော်က ဥရောပသားပေမယ့် ဒါက ကမ္ဘာကြီးရဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုပဲလေ။ လူသားတစ်ယောက်အနေနဲ့ ဂုဏ်ယူတာပေါ့။ အခုလိုဖြစ်သွားတာ သိပ်စိတ်ထိခိုက်တယ်။ ဒါပေမယ့် စိတ်မပျက်ဘူး။ ခင်ဗျားတို့(မြန်မာတွေ) ပြန်လုပ်နိုင်မယ်လို့ ယုံပါတယ်'' ဟု ဆိုသည်။ မြန်မာတွေ လုပ်ပြနိုင်ပါ့မလား။ ဒီမေးခွန်းထွက်လာပြီ။ လုပ်ပြခဲ့ပြီးပြီ။ လုပ်နိုင်စွမ်းရှိကြောင်းလည်း ပုဂံစေတီဘုရားများကို တည်ထားသက်သေပြခဲ့ပြီ။ ယခုငလျင်ကရော မြန်မာတွေရဲ့ အစွမ်းကို စမ်းပြန်ပြီတဲ့လား။ တကယ်တော့ ယခုငလျင်ကရော ၁၉၇၅ ငလျင်ထက်များ ပိုပြင်းထန်လို့လား။ ယခုခေတ် လူအများ၏ သဒ္ဓါတရားနှင့် ပုဂံဘုရားများအပေါ် မြတ်နိုးကြည်ညိုစိတ်များက ၁၉၇၅ တုန်းကထက် လျော့ပါးမှာမို့လို့လား။ သတင်းနည်းပညာ ဒီလောက်တော့ ထွန်းကားတဲ့ခေတ်ကြီးမှာ အရင်ကထက်သာဖို့ပဲ ရှိသည်ဟု ကျွန်တော်တို့ယုံသည်။ တကယ်တော့ ၁၉၇၅ တစ်ခုတည်းသာမဟုတ် ပုဂံကား ငလျင်ဒဏ်ကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ပြီးပြီ။ လဲပြိုရသမျှ အကြိမ်ကြိမ် ပြန်ထရပ်ပြခဲ့ဖူးပြီ။ ၁၉၇၅ ကို မီလိုက်သူများ ကောင်းစွာ မှတ်မိကြပါလိမ့်မည်။ ပုဂံငလျင်ကြောင့် ပျက်စီးသွားရသော ဘုရားပုထိုးစေတီများ ပြန်လည်ပြုပြင်ရေး ခေါင်းစဉ်တက်လာသည်နှင့် တစ်ပြည်လုံးက လက်တွေ အိတ်ကပ်ထဲနှိုက်ပြီးသား။ ဖလားထဲထည့်ပြီးသား။ တစ်နေ့တစ်နေ့ သတင်းစာထဲ အလှူစာရင်းတွေက မဆုံးနိုင်ခဲ့။ ပုဂံသူ၊ ပုဂံသားများ၏ ပုဂံကိုချစ်ပုံကိုလည်း ကြည့်ပါဦး။ ဘုရားပြိုပျက်ရာမှာ ထွက်လာကျလာသော ကျောက်ရတနာအပါအဝင် ရွှေငွေနှင့်တကွ ဌာပနာတော်များကို မသမာသူတို့လက် မကျရောက်စေရန် နေ့ရော၊ ညပါ ကင်းအထပ်ထပ် စောင့်ခဲ့ကြ။ သူတို့၏ လုပ်ရပ်နှင့် စေတနာကို သိရှိသွားပြီး အလေးအမြတ်ပြုသူတို့က ထမင်းထုပ်တွေ ရပ်ကွက်အလိုက် အလှည့်ကျပို့ကြ။ မည်သူမျှ တိုက်တွန်းစရာမလို နတ်လူသာဓု ခေါ်စေခဲ့ကြသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များက ပြုလုပ်ခဲ့သော ပုဂံဒေသ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများအပေါ် ကမ္ဘာ့သမိုင်းပညာရှင်များ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ဝေဖန်ထောက်ပြခဲ့ကြသည်။ ထိုအချက်များကို လျစ်လျူရှုလျက် အဆင်အခြင်မဲ့ ပြုပြင်မှုများကြောင့် ယူနက်စကို (UNESCO) အပါအဝင် ကမ္ဘာကြီး၏ ပစ်ပယ်မှုကို ခံခဲ့ရဖူးသည်။ ၆ဝ မီတာအမြင့်ရှိ ခေတ်ပေါ်မျှော်စင်သစ် ဆောက်ခြင်း၊ ဂေါက်ကွင်းတည်ခြင်း၊ ကတ္တရာလမ်းသစ် ခင်းခြင်းတို့မှာ ရှေးဟောင်းပုဂံ၏တန်ဖိုးကို ပျက်စီးစေခြင်းပင်ဖြစ်ကြောင်း ထင်သာမြင်သာ အချက်များအဖြစ် ထောက်ပြခဲ့ကြသည်။ ''ရှေးဟောင်းအမွေအနှစ်ဆိုပြီး ကမ္ဘာကို ပြမယ်ဆိုကာမှ အသစ်တွေ ဆောက်ထည့်လိုက်တော့ ဘယ်သူက လက်ခံမှာလဲ'' ဟု အမြင်အသိရှိသူ လူငယ်တစ်ဦးက စိတ်ပျက်လက်ပျက် ခေါင်းရမ်းလျက် ညည်းတွားဖူးသည်။ ယခုပုဂံကိုရော ဘယ်မူတွေနှင့် ပြန်ပြင်ကြမှာတုန်းဟု မေးကြပြီ။ နှစ်သန်းလေးငါးဆယ်ကြာပြီလို့ သတ်မှတ်ထားတဲ့ ပရိုင်းမိတ်ခေတ်ကို ထားလိုက်ပါဦး။ လွန်ခဲ့တဲ့ နှစ်သုံးသန်းခန့်ကတည်းက ကျောက်ခေတ်လူသားများအဖြစ် သဘာဝဘေးဒုက္ခအပေါင်းရဲ့ စမ်းသပ်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရှင်သန်အောင် ရပ်တည်ခဲ့တဲ့ လူသားတွေပဲ။ ငလျင်တစ်မျိုးမျိုးအတွက်တော့ လူသားရဲ့မာန် အလျော့မခံခဲ့ကြပါ။ မြန်မာဆိုတာ ဆုံးရှုံးမှုများအတွက် စုတ်တသပ်သပ် ကြေကွဲညည်းညူရုံလောက်သာ တတ်တဲ့လူမျိုးမဟုတ်ကြောင်း သက်သေပြကြရပေဦးမည်။ ယခုငလျင်ဘေးမှ ပုဂံကို မြန်မာတို့ ပြန်ထူ၊ ရပ်ပြကြဦးမှာလည်း သေချာပါသည်။ ပုဂံဘုရားများ ပြုပြင်ရေးဆိုသည်နှင့် ချွေးနှဲစာများကို တွန့်ဆုတ်နေမည်မဟုတ်။ ထမင်းအိုးထဲ ထည့်မည့်ဆန်ကို လျှော့ပြီး အလှူခံဖလားထဲ ပိုထည့်ကြပေဦးမည်။ အလှူငွေလုံလောက်ပြီဆိုပါစို့ ဘယ်လိုပြန်တည်ကြမည်နည်း။ ပိုက်ဆံရှိတယ်၊ ပန်းရန်ဆရာနဲ့ အုတ်စီသမားခေါ်ပြီး တိုက်တစ်လုံးဆောက်ပြလိုက်ဦးမည်ဟူသည့် ပေါ့တီးပေါ့ဆ အတွေးမျိုးမဟုတ်။ မြန်မာဆိုတာ ရှေးဟောင်းအမွေကို ထိန်းရာမှာ ကမ္ဘာ့စံညွှန်းတွေမီတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ် လုပ်အားတွေနဲ့ ပူးပေါင်းပြီး စနစ်တကျ ပြန်တည်မယ့်လူမျိုးဆိုတာ ပြကြလိမ့်မည်။ ဆိုလိုသည်ကား သဒ္ဓါတရားသာ ထက်သန်သည်မဟုတ်။ ဇွဲသတ္တိသာ ခိုင်မာသည်မဟုတ်။ ဉာဏ်အမြော်အမြင်ပါ ယှဉ်လျက် လဲရာက ထရပ်ပြမည့် လူမျိုးဖြစ်ကြောင်း ပုဂံမြေမှာ သက်သေထူကြပေဦးမည်။     ။ (ယနေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူ ဖော်ပြသည်) မင်းကိုနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024