ငလျင်ဒဏ်သင့် မြန်မာကို လူသားချင်းစာနာမှုအကူ ပေးသွားမည်ဟု အမေရိကန်ပြော
DVB
·
August 26, 2016
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်က လူသားချင်းစာနာမှု အကူအညီ ပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်သွားခဲ့ပါတယ်။
ငလျင်ကြောင့် အသက်ဆုံးရှုံးရတာတွေနဲ့ အပျက်အစီးတွေကြောင့် ထပ်တူဝမ်းနည်းကြောင်း၊ အကူအညီတွေပေးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်နေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Elizabeth Trudeau က “မြန်မာနိုင်ငံ မြေငလျင်လှုပ်သွားတာနဲ့ ပတ်သက်ပြီး ကျမတို့ သတင်းရရှိထားပါတယ်။ အသက်ဆုံးရှုံးရသူတွေအတွက် သူတို့ရဲ့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း အသိပေးချင်ပါတယ်။ မြေငလျင်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ စုဆောင်းနေတုန်းပါ။ မြန်မာအစိုးရနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေနဲ့လည်း နီးကပ်စွာ ချိတ်ဆက်မှု လုပ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူညီပေးဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်” လို့ ပြောပါတယ်။
ငလျင်ကြောင့် လူ ၃ ဦးသေဆုံးပြီး မကွေးတိုင်းအတွင်းက မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ စလေ စတဲ့မြို့တွေက ဘုရားစေတီပုထိုးတွေလည်း အပျက်အစီး များခဲ့ပါတယ်။
မန္တလေး၊ ပျဉ်းမနား၊ နေပြည်တော် တ၀ိုက်မှာလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး အဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။
သြဂုတ် ၂၅ ရက်နေ့မှာတော့ ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ပုဂံမြို့ကို သွားရောက်ပြီး စစ်တမ်းကောက်ယူနေပါတယ်။
ဘုရားတွေ ပြန်လည်ပြုပြင်ဖို့အတွက် ငွေကြေးနဲ့ နည်းပညာအကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပုဂံဒေသမှာ ဘုရားစေတီပုထိုး ၁၇၁ ဆူ၊ စလေဒေသမှာ ၉ ဆူ၊ မြောက်ဦးဒေသမှာ ၃ ဆူနဲ့ စစ်ကိုင်းဒေသမှာ ၇ ဆူ အသီးသီး ထိခိုက်မှုရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။