ထိုင်း ဂျီအက်စ်ဘီဘဏ် အေတီအမ်မှ ဘတ်ငွေ ၁၂ သန်း ခိုးယူသည့်ဂိုဏ်းကို ခြေရာခံမိ

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံက အွမ်းဆင် ခေါ် ဂျီအက်စ်ဘီဘဏ်ရဲ့ အေတီအမ်စက်တွေကနေ ဘတ်ငွေ ၁၂ သန်း ထုတ်ယူသွားတဲ့ လူဆိုးဂိုဏ်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ခြေရာခံမိပြီလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဂိုဏ်းအဖွဲ့ဝင်တဦးရဲ့ပုံကို ဖူးခက်မြို့ အေတီအမ်စက်တလုံး အထက်က စီစီတီဗွီကင်မရာ တလုံးကနေ ရရှိခဲ့ပြီး ဥရောပအရှေ့ပိုင်းသားတဦးဖြစ်ကြောင်း၊ ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း ၅ ဦးရှိပြီး အားလုံးဟာ ဥရောပသားတွေဖြစ်ကာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကော်မရှင် အတိုင်ပင်ခံ ရဲမှူးချုပ် ဗန်းညား မားမဲန့်က သတင်းထောက်တွေကို ပြောပါတယ်။ ဂိုဏ်းသား ၅ ဦးလုံးရဲ့ အမည်နဲ့ ဓာတ်ပုံတွေလည်း ရရှိထားပြီမို့ သက်ဆိုင်ရာနိုင်ငံ ရဲတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ လူဆိုးတွေဟာ Antivirus Malware ပရိုဂရမ်နဲ့ ဘဏ်ထဲက အချက်အလက်တွေကို “ဟက်" ပြီး ငွေတွေထုတ်ယူသွားတာဖြစ်ကြောင်း၊ သူတို့ဟာ လွန်ခဲ့တဲ့ ဇူလိုင် ၇ ရက်မှ ၃၀ ရက်အတွင်း ဖူးခက်၊ ချွန်းဖွန်း၊ ဆူရတ်ဌာနီ၊ ပရကျူတ်ခီရီခန်၊ ဖစ်ခ်ျပူရီနဲ့ ဘန်ကောက် စတဲ့ ခရိုင်ရှိ အေတီအမ် စက်အလုံးပေါင်း ၂၁ လုံးမှ ငွေတွေ ထုတ်ယူသွားတာလို့ ရဲမှူးချုပ်က ဆက်ပြောပါတယ်။ ငွေပျောက်ဆုံးမှုကြောင့် လောလောဆယ် ဂျီအက်စ်ဘီဘဏ်ရဲ့ အေတီအမ်စက် အလုံးပေါင်း ၂၀၀ ကို လည်း အသုံးပြုခွင့် ဆိုင်းငံ့ထားပါတယ်။ အခုလို ငွေတွေပျောက်ဆုံးနေတာကို ဘဏ်တာဝန်ရှိသူတွေက သြဂုတ် ၁ ရက်နဲ့ ၁၀ ပိုင်းအတွင်းမှာမှ စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုင်းဒု-၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းအထိ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒု-၀န်ကြီးချုပ်ကလည်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ လ၀ကရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နဲ့ တိုင်းဒေသ ၇ နဲ့ ၈ က ရဲတပ်ဖွဲ့တွေကို တာဝန်ပေးအပ်ပြီး တရားခံတွေ ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။ အဆိုပါ လူဆိုးဂိုဏ်းဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း မလေးရှားနိုင်ငံမှာ အလားတူ ပြစ်မှုမျိုး ကျူးလွန်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up